ညနေ ၈ နာရီဆို သည်အိမ်က မိသားစု
ဝင်များ အသီးသီးအိပ်ယာဝင်ကြတော့
သည်။
ဦးလေး... ဖုန်းခနလောက်...
ဘာလုပ်မလို့လဲ?
သမီးဓာတ်ပုံရိုက်မလို့...။
ဟာ မျက်မှန်လေးနဲ့ လှနေပါလား၊
လာ ဦးဦးကိုယ်တိုင်ရိုက်ပေးမယ်...။
တူမလေးက လာပြီး မျက်မှန်လေးနဲ့
ဓာတ်ပုံရိုက်ချင်ကြောင်း လာ
ပြောသည်။ နဂိုကတည်းက ချစ်ဖို့ကောင်း
တဲ့သူကလေးပါဆိုမှ မျက်မှန်နဲ့ဆိုတော့ တူမလေးက ပိုပြီး ချစ်ဖို့ကောင်းနေရောပဲ။
ဒါနဲ့ တူမလေး "မြတ်မြတ်" ကို ဓာတ်ပုံရိုက်ပေး
ရသည်။ အိုက်တင်ကလည်း သင်ပေးစရာမလို
ပဲ အလိုက်သင့် ဟန်ပန်မူရာကလေး လုပ်တက်
သေးသည့် "မြတ်မြတ်"ပါ။ ဒါကြောင့်လည်း
တစ်အိမ်သားလုံးရဲ့ အသဲတွေကို ကိုင်လှုပ်ထား
နိုင်တာကိုး။ ယခုလည်း မျက်မှန်ကလေး
တကားကားနဲ့ "မြတ်မြတ်တစ်ယောက် အလွန်
ချစ်ဖို့ကောင်းနေပြန်သည်။
မျက်မှန်ဆိုမှ ကျွန်တော်၏ အတွေးအာရုံတို့
သည် တစ်ခုသော နေ့တစ်နေ့ကို ပြန်ပြောင်း
သတိရမိသည်။ အရှေ့ဘက် တောင်တန်းကြီး
ဆီမှ "မောင်းမောင်းမောင်း" ဆိုသော မောင်းသံ
သည် ပဲ့တင်သံအထပ်အထပ်ဖြင့် ပြန့်လွင့်
လျှက်ရှိသည်။ ထိုအသံကြောင့် ကျွန်တော်၏
စိတ်သည်ပိုမို၍ တက်ကြွလျှက်ရှိသည်။
္ခြေလှမ်းတို့ကားမြတ်သုခ ရာဘာခြံမှသည်
ပဲခူးမြို့အစွန် "ဒေးစွန်ပါ" တောင်ကြီးဆီသို့ဦး
တည်လျှက်ရှိသည်။ ကျွန်တော်သည် တခါတရံ
္အမေ့၏လက်ကိုင်ဆွဲ၍လည်းကောင်း၊
တခါတရံ တောင်ကြီးဆီသို့ ရောက်ချင်စာဖြင့်
ပြေးသွား၍ လည်းကောင်း၊ အစ်ကိုနှင့်အစ်မကို
စနောက်၍လည်း မြူးတူးပျော်ရွှင်စွာဖြင့်
အတက်ကြွဆုံးဖြစ်နေသည်။
"ဒေးစွန်ပါ" တောင်ကြီး၏ အနီးတွင် နွားခွေ့
တောင်ကြီးရှိသည်။ ထိုနွားခွေ့တောင်ကြီးကို
သွားသော တောလမ်းမှာ ပို၍ ရင်ခုန်စရာ
ကောင်းသည်။ ထိုနေရာကား နွးခွေ့တောင်
အထိပ်ဆီသို့မရောက်မီ၊ ဒေးစွန်ပါတောင်နှင့်
္နွားခွေ့တောင်ကြီးဆီကို ကုန်းမြင့်စွယ်ကြီးက
အနှိမ့်မှ အမြင့်သို့ တံတားလိုမျိုး ဆက်သွယ်
ပေးထားလျှက်ရှိသည်။ ထိုကုန်းစွယ်လမ်း၏
ဘေးနှစ်ဘက်တွင်ကား အလွန်နက်သော
ခြောက်ကမ်းပါးကြီးရှိကြပြီး ပဲခူးမြို့တစ်ခွင်၏
အလှကို ပက်ပက်လည် တစ်ဝကြီး ကြည့်ရှု
ခံစားလို့ရသည်။ ထိုတောင်ထိပ်ကြီးမှ
ကျွန်တော်တို့နေထိုင်ရာ မြတ်သုခ ရာဘာခြံကြီး
ထဲမှ ရာဘာပင်များကြားမှ ထိပ်ပိုင်းကလေးသာ
မြင်နေရသော သက်ကယ်အမိုးကလေးများကို
ကြည့်ပြီး ဟိုနားက သားတို့အိမ်၊ အဲ့တာက
လေးခန်းတွဲက အိမ်တွေ စသဖြင့် စိတ်ကူးနှင့်
မှန်းဆပြောပြီး ရင်ခုန်ရသည်က ၈နှစ်၊ ၉နှစ်
အရွယ်ကလေးတွေအတွက် မမေ့နိုင်သော
အမှတ်တရာများလို့ ပြောလျှင် ငြင်းနိုင်မည်
မထင်ပါ။
ဒေးစွန်ပါတောင်ခြေသို့ ရောက်လျှင်ပဲ အရပ်ရှစ်
မျက်နှာမှ လာသောလူများစုမိ၍ တောင်ခြေမှ
သည်၊ တောင်ထိပ်ထိ စည်ကားသော လူတန်း
ရှည်ကြီးသည် ပုရွက်စိပ်များလို လူးတူးခေါက်
ပြန် လှုပ်လှုပ်ရွရွဖြစ်နေကြသည်။
တောင်ခြေစ၍ လမ်းဘေးတစ်ဖက်၊ တစ်ချက်
စီတွင် စားစရာမျိုးစုံ၊ ကလေးတွေ အကြိုက်
ကစားစရာ အရုပ်ဆိုင်များနဲ့ အထည်ဆိုင်များ
စီစီရီရီ ခင်းကျင်းကာ ရောင်းချနေကြသည်။
ကျွန်တော်လည်း ကစားစရာများကို တစ်ဝကြီး
လိုက်လံငေးမောကြည့်ရှုသည်။ ဟိုမှာ
ဆိုင်ကယ်ကလေး၊ သေနက်၊ ကား၊ ပူစီပေါင်း
အစုံပါပဲ။ တစ်နေရာမှာတော့ မျက်မှန်တွေ
အရောင်စုံ၊ ကြီးစဥ်ငယ်လိုက် ခင်းကျင်းပြသ
ထားသည်။ စိတ်ထဲတွင် မည်သို့ဖြစ်သွားသည်
မသိ၊ မျက်မှန်ကလေးကို လိုချင်စိတ်ဖြစ်သွား
သည်။ မိခင်အား ဝယ်ပေးရန် ပူဆာသည်။
မိခင်က စျေးမေးကြည့်သည်။ ပါလာသော
ပိုက်ဆံနဲ့ မတက်နိုင်မှန်းသိ၍ နောက်မှ ဝယ်ပေး
မယ်လို့ ဖြောင့်ဖျသည်။ ဘာကြောင့်မှန်းမသိ။
လိုချင်တာ မရသောကြောင့်ဖြစ်မည်။ စိတ်ထဲ
တွင် အလိုလို ဝမ်းနည်းသွားသည်။
အဲ့ဒီနောက်ပိုင်း ကျွန်တော်မပျော်တော့ပေ။
မျက်မှန်ဝယ်ပေးလို့ ပါးစပ်က တတွတ်တွတ်
မိခင်အားပူဆာနေမိသည်။ မိခင်က နောက်မှ
ဝယ်ပေးမယ်လို့ ဖျောင်းဖျလည်း မရပေ။
မိခင်က ချော့၍ မုန့်ကျွေးလည်း မစားတော့။
ခြေထောက်တွေ လက်တွေ စောင့်အောင့်ကာ
မျက်မှန်ကိုသာ ပူဆာနေမိသည်။ ထိုနေ့က
အပျော်တွေသည် မျက်မှန်ကို မမြင်တွေ့ခင်ထိ
ကျွန်တော့်အား လွမ်းမိုးနိုင်သော်လည်း၊ အဲ့ဒီ
နောက်မှာတော့ ပျော်စရာနေ့ကလေးသည်
ဂျီကျ ဂျစ်ကန်ရင်း ပြီးဆုံးသွား၏။ မျက်မှန်
လည်းမရ။ ဘာမှလည်း မစားရပေ။
အင်းအဲ့ဒီနေ့ကို ဘာကြောင့် သတိရနေမိသည်
မသိ။ အတွေးထဲမှာ ထိုအကြောင်းရာကို
မြင်ယောင်နေမိသည်။ ထိုခေတ်ထိုအခါက
အဆင်မပြေသော မိဘများ၏ အခက်ခဲကို
မသိ၊ နားမလည် ပူဆာခဲ့မိသော ဂျစ်ကန်ကန်နဲ့
ကလေးငယ်တစ်ယောက်ဖြစ်ခဲ့ဖူးသော
မိမိကိုယ်ကို ပြန်လည် ဆန်းစစ်ရင်း။ တစ်ဖက်
မှာလည်း ယခုခေတ် ကလေးတွေ လိုချင်တာ
ရပြီး ပျော်နေတာမြင်ရလျှင် ပီတိဖြစ်မိသည်။
သူတို့လေးတွေ ကံကောင်းလိုက်တာလို့ တွေး
မိရင်း တစ်ဖက်မှာလည်း ပေါ်လာတက်သော
ဤမျက်မှန် အကြောင်းရာကို မတွေးမိစေရန်
သတိထားဖို့ မိမိကိုယ်ကို နှစ်သိမ့်ရပြန်တော့
သည်။
#ကိုကိုမိုးဟိန်း
#kokomoehein