ရှေးဆိုရိုးစကားကိုအားလုံးသိကြမှာပေါ့နော်။“မိဘစကားနားထောင်ငြားက သံပြားကျောက်စောင်း ကျိုသော်ပြောင်း၏” ဟူသော ရှေးလူကြီးများဆိုစကားကို မှတ်သားရဖူးပါသည်။ကျွန်မမှာတော့ မိဘစကားနားထောင်ခဲ့လို့ သံပြားကျောက်စောင်း ပြောင်းမပြောင်းတော့ မသိပါ။ မိစ္ဆာအယူမှား လင်ယောက်ျားနှင့် ပေါင်းသင်းနေရခြင်းထက် သေတွင်းထဲမှာ အရှင်လတ်လတ်သာ မြေမြှုပ်ခံလိုက်ချင်ပါသည်။ အယူဝါဒကွဲပြားသည့် ယောက်ျားတစ်ယောက်ကို ယူထားမိခဲ့သော မိန်းမလောက် အမိုက်မဲဆုံးအမှားကို ကျူးလွန်သူ လောကမှာ ရှိနိုင်ပါဦးတော့မလား။ သျှောင်နောက်ဆံထုံးပါ ရုန်းမဖယ်သာလို့ လင့်နောက်မှာ တစ်ဖ၀ါးမခွာ လိုက်လာခဲ့သည်မှာ နှစ်လခွဲရှိပါပြီ။ ဒီနေ့အထိ ကြည်လင်ရွှင်ပျစိတ်ချမ်းသာရသည်ဟူ၍ တစ်နေ့တစ်နပ်မှ မှတ်မှတ်ရရ မရှိခဲ့ပါဘူး။ အရှင်နှင့်တူသော လင်ကို ရခဲ့သည့်ကျွန်မမှာ ထားရာနေစေရာသွား ကျွန်နှင့်တူသောမယာ။ မဇ္ဈိမတိုက်သားတို့၏ ဓလေ့ထုံးစံပဲလေ။အိမ်ထောင်ရေးဆိုတာကနက်နဲတာကလား။
Photo credit original source
လွယ်မောင်နဲ့ခက် တိမ်မယောင်နဲ့နနက်ဆိုတာ အိမ်ထောင်ရေးပဲမဟုတ်လား။အိမ်ထောင်ဆိုသည့်အတိုင်း ထောင်နှင့်တကယ်တူသည့် အိမ်ကြီးမှာ နေရပါသည်။ သူဋ္ဌေးချွေးမ၊ သူဋ္ဌေးကတော် အမည်ခံပြီး အလှအပပြင်ဆင်ခြယ်သ လင့်အလိုဆန္ဒရှိသမျှ ပြည့်ဝအောင် စီမံဆောင်ရွက်ပေးဖို့အတွက် အဖြည့်ခံသက်သက် ဖြစ်ခဲ့ရသည့်ဘ၀မို့ ကျွန်မကိုယ်ကျွန်မ အင်မတန်မှ ရွံရှာစက်ဆုပ်လာပါသည်။ သက်ရှိ လူသားတစ်ဦးဖြစ်ပါလျက် သက်မဲ့ရုပ်သေးနှင့်မခြား လင်သား၏ စိတ်နှင့် ကျွန်မကိုယ် လိုသလို ကြိုးဆွဲကနေရသည့် မိန်းမဘ၀ကိုလည်း မုန်းတီးနာကြည်းလာမိပါသည်။ ဆင်းစီးပြီးမြင်းရံတာ မြင်ချင်ကြရှာသည့် မိဘ၏ မေတ္တာအနန္တကို မစော်ကားဝံ့၊ မစော်ကားရဲပါဘူး။ သို့ပေမယ့် ကံကိုသာ ယိုးမယ်ဖွဲ့ရတော့မည့် ကျွန်မအဖို့မှာတော့ ဆင်လည်းနင်း၊ မြင်လည်း ကန်ဖြစ်ခဲ့ရတာ အမှန်ပါပဲရှင်။ ဗုဒ္ဓကို နှစ်နှစ်ကာကာ နက်နက်ရှိုင်းရှိုင်း ယုံကြည်ကိုးကွယ်သူ၊ ရတနာသုံးပါးကို ရိုရိုသေသေဆည်းကပ်သူ တစ်ယောက်အနေဖြင့် မိစ္ဆာဒိဋ္ဌိယောက်ျားကို ယူမိမှားတော့ သင်္ကန်းတင်လွှမ်းသည့် ရဟန်းသံဃာတွေဆီ ချဉ်းကပ်လှူဒါန်းရဖို့ဝေးလို့ တစ်ကြိမ်တစ်ခါလေးလောက်မှ ဖူးမြင်ခွင့်မရခဲ့ပါဘူး။ တရားနာခွင့်ဆိုတာကတော့ ခေါင်းထဲထည့်ပြီး မတွေးရဲသည်အထိ။ လူမသိသူမသိ ကျခဲ့ရသည့် မျက်ရည်တွေကို ဒူးနှင့်သုတ်ခဲ့ရတာလည်း အကြိမ်ကြိမ်။ရံခါတွင် မကျေနပ်သည့် အတွေးများ ရင်ကြားထဲသို့ ပြေးဝင်လာတတ်ပါသည်။ သူဋ္ဌေးသား နန္ဒနှင့်ပေးစားပြီး သုမနသူဋ္ဌေး သမီးချွေးမအဖြစ် ဂုဏ်ယူရခြင်းထက် ကျွန်မနဖူးမှာ တံဆိပ်ရိုက် ကျွန်ပြုလိုက်တာကမှ တော်ဦးမည် ထင်ပါသည်။ စည်းစိမ်ဥစ္စာ ပြည့်စုံခြင်းထက် ဆင်းရဲချို့တဲ့မှုကိုပင် ပြန်လည်ခုံမင်ချင်လာသည်။ ကျွန်မ၏ ဖခင်သာ ရှေးရှေးအခါကလို သုမနသူဋ္ဌေးကြီး၏ သူရင်းငှားကျွန် အလုပ်သမားတစ်ဦး ဖြစ်နေဆဲရှိပါက ကိုနန္ဒနှင့် ကျွန်မဥတ္တရာ နဖူးစာဂဟေဆက် အိမ်ထောင်ဖက် ဖြစ်ခဲ့မည်မဟုတ်ပါ။ ယခုလို တဏှာကျွန်ဘ၀လည်း ရောက်ရမည်မထင်ပါ။ ကံဆိုးတာလား၊ ကံကောင်းတာလား ဘယ်လိုခွဲခြားရမှန်း မသိ။ ကံတရားကတော့ အနိမ့်ကျဆုံး ဆင်းရဲသားဘ၀ကနေပြီ။ချမ်းသာဖို့ဆိုတာဝေလာဝေးးပါပဲ။
Photo credit original source
အမေအပြင်ကပြန်လာရင် ဒီလိုခေါ်တယ်။“သမီး ဥတ္တရ”အပြင်တစ်နေရာရာမှ ပြန်လာတိုင်း အမေခေါ်နေကျပါ။ ဒီတစ်ကြိမ်တော့ အမေ့ကိုလှမ်းကြည့်ပြီး အံ့အားသင့်သွားရပါသည်။ ထမင်းတောင်းရွက်လျက် အဖေရှိရာ လယ်တောသို့ အမေထွက်သွားတာ ကြာပင်မကြာတတ်သေး။ အဖေ့ဆီမရောက်ဘဲ လမ်းခုလတ်က ပြန်လာပုံရသည်။ အမေ တစ်ခုခုများ မေ့ကျန်ခဲ့တာလား။ ထမင်းတောင်းကို ခေါင်းပေါ်ကချ၊ လက်နှစ်ဖက်ဖြင့် ပွေ့ကိုင်လျက် တဲပေါ်သို့လှမ်းတက်သည်။ အမေ့အမူအရာက အလျင်စလိုနိုင်လှသည်။ တဲပေါ် သုတ်သုတ်တက်လာသော ခြေလှမ်းများကြောင့် ၀ါးခြမ်းခင်းကြမ်းမှာ တကျွီကျွီမြည်ကာ တဲကလေး လှုပ်ခါသွားရပါသည်။“ဘာမေ့ကျန်ခဲ့လို့လဲ အမေ”ကျွန်မမေးတာကို မဖြေ။ အမေ့မျက်နှာ ပြုံးတုံ့တုံ့ဖြင့် မီးဖိုထဲ တန်းဝင်သွားပါသည်။ ကျွန်မ နောက်ကလိုက်သွားပြီး အမေ့လက်ထဲမှ ထမင်းတောင်းကို လှမ်းယူလိုက်တော့ ပေါ့ပေါ့ကလေး ဖြစ်နေသည်။ ထမင်းတွေ ဘယ်ဆီကျန်ခဲ့ပြီနည်း။ အမေလမ်းမှာများ လဲကျခဲ့လေသလား။“အဖေ့ဆီရောက်မှတော့ မဟုတ်သေးပါဘူး။ ဘယ်လိုဖြစ်တာလဲ အမေ။ ခလုတ်တိုက်လဲလို့လား”အမေခေါင်းခါပြီး အုတ်ကျိုးနှစ်ပိုင်းထောင်ထားသော မီးဖိုထဲသို့ ထင်းစတွေထိုး၍ ကမန်းကတန်းမီးမွှေးလိုက်သည်။ မည်းတူးပိန်ချိုင့်နေသော ထမင်းချက်သည့် ဒန်ထမင်းအိုးကို ဆွဲယူပြီးနောက် ဆန်အိုးထဲသို့ လက်နှိုက်သွင်းပြန်သည် ဂလုံဂလွမ်ဟူသော မြည်သံနှင့်အတူ ခွက်ငယ်တစ်ဝက်ခန့် ဆန်ပါလာသည်။ ဤသို့ နှစ်ကြိမ်လုပ်ပြီး ဆန်အိုးငယ်ကို မ.တင်ကာ ထမင်းအိုးပေါ်မှာ မှောက်ချလိုက်သည်။ ဆန်တစ်စေ့မျှ မကျန်အောင် လျှောကျလာသည်။“အင်း… တစ်ယောက်စာတော့ လောက်ကောင်းပါရဲ့”ခပ်ညည်းညည်းပြောပြီး ကျွန်မကို အမေလှည့်ကြည့်သည်။ အမေ့မျက်နှာပေါ်မှာ ကြင်နာမှု၊ သနားမှု၊ အားနာမှုတွေ ရောပြွမ်းယှက်သန်းနေသည်ဟု ထင်မိ၏။ အမေ့မျက်လုံးများမှတစ်ဆင့် ရင်တွင်းသို့ ထွင်းဖောက်ကာ အမေပြောလိုပါလျက် ပြောမထွက်သည့် စကားများကို ကျွန်မသိထားလိုက်ပြန်သည်။အလိုက်တသိနေခဲ့ရတာပါပဲလေ။
Photo credit original source
ကျမကဒီလိုပြန်ပြောလိုက်တယ်အမေ့ကို။“မနက်က ထမင်းကြမ်းခဲလေး တစ်တုံးစာပြီးပါပြီ အမေ။ ဒီနေ့အဖို့ သမီး ဘာမှမစားတော့ဘဲနေနိုင်ပါတယ်။” အဖေ့အတွက် ထပ်ချက်မလို့ဟုတ်လား အမေ ခေါင်းညိတ်သည်။ တကယ်တော့ အမေလည်း ဘာမှ မစားရသေးတာ ကျွန်မသိပါသည်။ အဖေက နဖူးမှချွေး ခြေမကျအောင် တပင်တပန်းရှာကျွေးသူမို့ အဖေ့ကို ဦးစားပေးကာ အမေ မစားဘဲနေလိမ့်မည်။ အဖေကလည်း သူတစ်ယောက်တည်း မျိုကျလိမ့်မည်မဟုတ်။ ၀တာ မ၀တာ အသာထား။ ရှိတာလေးလောက်ကို ဝေမျှစားခဲ့ကြရသည်ချည်း။“အမေနားနေပါ၊ သမီးချက်ပါ့မယ်”အိုးထဲရေခပ်ထည့်ပြီး ဆန်ဝင်ဆေးလိုက်တော့မှ အမေ နံဘေးသို့ ရွှေ့ထွက်သွား၏။ မျက်နှာပေါ်မှ ချွေးများကို ခေါင်းခုလုပ်ထားသည့် အကွက်မပေါ်တော့သော အဖေ့နံငယ်ပိုင်း အစုတ်ကလေးဖြင့် တို့ကာတို့ကာ သုတ်သည်။ ပြီးတော့မှ ကျွန်မမေးတာကို ပြန်ဖြေပါသည်။“ညည်းအဖေအတွက် ယူသွားတဲ့ထမင်းတွေ လှူလိုက်ပြီ သမီးရဲ့။ ဒါကြောင့်မို့ ထမင်းပြန်လာချက်တာပဲ”“ဘယ်သူ့ကို လှူလိုက်တာလဲအမေ” “အရှင်သာရိပုတ္တရာကိ”“အို ဟုတ်လား…”ကျွန်မ ကြက်သီးဖြန်းကနဲ ထသွားရပါသည်။ မမြင်ဖူးသော်လည်း သတင်းထူးလှသည့် အရှင်မြတ်ကြီး၊ ဗုဒ္ဓ၏ လက်ယာတော်ရံ အဂ္ဂသာဝက၊ ပညာအရာမှာ သာလွန်ထူးချွန်သည့် ဧကဒဂ်ဘွဲ့ပိုင်ရှင်…။ လှူမယ့်လှူတော့လည်း တကယ့်ထိပ်သီးပုဂ္ဂိုလ်ကြီးကိုမှ အမေလှူခဲ့ရသည်ပါလား။ အမေ့မျက်နှာမှာ သကာလောင်းထားသလို ချိုမြနေပါ၏။ ကျိုးတိုးကျဲတဲနှင့် အပေါက်အပြဲပေါင်း ထောင်သောင်းမကရှိသော ခေါင်မိုးကို မော့ကြည့်လျက်“ဆင်းရဲလိုက်တာမှ လွန်ပါရော။ သူများအိမ်နောက်ဖေးက ချေးနံ့သေးနံ့လှိုင်နေတဲရွှံ့ဗွက်ထဲ တဲစုတ်ကလေးနဲ့ နေရတဲ့ဘ၀။ မိုးတွင်းမှာ စိုစိုရွှဲရွှဲနဲ့အိပ်၊ နွေခါကျတော့လဲ အရိမ်မဲ့နေထိုး၊ ဒီဘ၀မျိုးနဲ့ အလှူအတန်း လှူဒါန်းခွင့်ရဖို့ တစ်သက်ဝေးပြီလို့ မှတ်ခဲ့တာ။ ညည်းအဖေဆီ ထမင်းပို့အသွား တောလမ်းမှာ”အမေကပြောနေရင်းနာားလိုက်တော့ကျမအမေ့မျက်နှာကိုတစ်ချက်ကြည့်လိုက်တယ်။
Photo credit original source
အမေဆက်ပြောမယ်လုပ်တယ်။စကားကို ခေတ္တနားပြီး သောက်ရေအိုးထဲမှ ရေတစ်ခွက်ကို ငှဲ့သောက်လိုက်ပါသည်။ အမေ့ခမျာ ဆာလည်းဆာ၊ မောလည်းမောရှာပေမည်။ အကြင်နာအတွေးဖြင့်… အမေ့မျက်နှာကို ငေးကြည့်မိပါ၏။ ဆင်းရဲပင်ပန်းသည့်ဒဏ်ကြောင့် အမေသည် အသက်အရွယ်နှင့်စာသော် ပိုမိုရင့်ရော်နေသည်။ နေလောင်ထားသော အသားအရေတို့ကလည်း မွဲပြာခြောက်ကပ်နေသည်။ ကာလကြာမြင့်စွာ ဆီနှင့်ဝေးကွာခဲ့သည့် ဆံပင်တို့မှာ ပိတုန်းရောင်ကေသာ မဖြစ်နိုင်တော့ဘဲ နီကြောင်ကြောင် ပြောင်းဖူးမွှေးများပမာ ဖွာလန်ကြဲနေပါသည်။ အမေ့ကိုယ်ပေါ်မှ အ၀တ်အထည်များကား သုမနသူဋ္ဌေးအိမ်က လက်နှီးစုတ်လောက်ပင် မပြောင်နိုင်ခဲ့။ အသေအချာ ဂရုစိုက်ကြည့်မည်ဆိုပါလျှင်တော့ အမေသည် ငယ်ရွယ်စဉ်က မိန်းမလှ၊ မိန်းမချောတစ်ဦးဖြစ်ကြောင်း ကောင်းကောင်းသိနိုင်သည်။ ယခုတော့ ဘ၀အကျိုးပေးအကြောင်းမသင့်၍ သမုဒ္ဒရာ ၀မ်းတစ်ထွာအရေး အပြေးအလွှားရှာဖွေမှ ၀တစ်နပ်၊ မ၀တစ်နပ်နှင့် ၀မ်းအလှပ်ခံခဲ့ရသည့်ရက်တွေက များလှပြီ။အမေ့အတွက် စိတ်မကောင်းဖြစ်ရုံကလွဲပြီး ကျွန်မ ဘာမျှမတတ်နိုင်။“ဆက်ပြောပါဦးအမေ”အတွေးစများကို ဖျောက်ဖျက်ပြီး အမေ့အား စကားပြန်ထောက်ပေးလိုက်ပါသည်။“အရှင်သာရိပုတ္တရာ အရှင်မြတ်ကြီးကို တွေ့တော့ အမေဖြင့် ထခုန်မိမတတ် ၀မ်းသာသွားတယ်။ စေတနာကလဲပေါ်လာ၊ လှူစရာကလဲ အဆင်သင့်၊ အလှူခံမယ့် ပုဂ္ဂိုလ်ကလည်း ရှေ့ရောက်နေတော့ သမီးရေ.. ညည်းအဖေကိုပုဏ္ဏအတွက် ထည့်တောင်စဉ်းစားမနေဘူး။ စေတနာတွေ ဒီရေလိုတက်လာတာနဲ့ ခွက်မှောက်ပြီးသာ လှူလိုက်တော့တယ်”စောစောက မောခဲ့တာတွေ မေ့သွားပြီး မြိန်ရေယှက်ရေ အမေပြောပြလာသည်။ စစ်မြေပြင်မှ အောင်နိုင်၍ ပြန်လာခဲ့သော စစ်သူကြီးပမာ အမေ့မျက်နှာမှာ စေတနာသဒ္ဒါတရားဖြင့် အားပြည့်နေပါသည်။ အမေ့ပီတိမျာသည်ပင် ကျွန်မရင်တွင်းသို့ ကြည်ကြည်နူးနူး ကူးစက်ဝင်ရောက်လာကြပါ၏။ကျမလေကြည်နူးလိုက်တာပြောမနေပါနဲ့တော့။
Photo credit original source
အမေတို့ဘ၀ကဆင်းရဲလွန်းပါတယ်လေ။“သမီးတို့ ဆင်းရဲသားတွေစားတဲ့ ထမင်းကြမ်းဟင်းကြမ်းတွေကို အရှင်မြတ် ဘုဉ်းပေးနိုင်ပါ့မလားအမေ”အလှူခံသောကြောင့်ဝမ်းမြောက်ရသော်လည်း စားမှစားနိုင်ပါ့မလားဟူသော စေတနာဖြင့် သောက၀င်မိပြန်၏။“သူတော်ကောင်းဆိုတာ လှူဖွယ်ပစ္စည်းကို အကောင်းအဆိုး အယုတ်အမြတ် မရွေးတတ်ကြဘူးမီးရဲ့။ စေတနာနဲ့ လှူဒါန်းတာကို သည်းခံတော်မူကြပါတယ်။ ပြီးတော့ အမေတို့ အလှူပေးပုဂ္ဂိုလ်တွေဘက်ကလည်း လှူဖွယ်ဝတ္ထုထက် စေတနာက ပိုပြီး အဓိကကျပါတယ်လေ။ နည်းနည်းလှူပေမယ့်လဲ စေတနာထားတတ်ရင် အလှူကြီးဖြစ်သွားပြန်ရော။ လှူဖွယ်ဝတ္ထုကလဲကောင်း၊ စေတနာလဲ ထက်သန်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့”“ဒီလိုဆိုရင် ၀မ်းသာစရာကြီးပါလားအမေ။ ဆွမ်းလှူရတဲ့ ကသိုလ်ကံ အကျိုးဆက်ကြောင့် ဖြစ်လေရာဘ၀မှာ ခုလို ဆင်းရဲမွဲတေငတ်ပြတ်တဲ့အဖြစ်မျိုး မရောက်ရပါစေနဲ့လို့ ဆုမတောင်းခဲ့ဘူးလားဟင်”ပစ္စုပ္ပန်ကျကျ လက်ရှိဘ၀၏ အခက်အခဲမျိုး နောက်ကြုံရဦးမည်ကို ကြောက်သွားပြီမို့ စိတ်ထဲရှိသည့်အတိုင်း အမေ့အား ရင်ဖွင့်ပေးလိုက်ခြင်း ဖြစ်ပါသည်။
ထိုအခါ ပြုံးပျော်ရယ်မောလျက် ကျွန်မ၏နားရွက်ကို ကလေးငယ်ကဲ့သို့ ချစ်စနိုးဖွဖွကလေး ဆွဲလိမ်လိုက်၏။ “မှတ်ထားသမီးရဲ့။ အလှူဒါနပြုတယ်ဆိုကတည်းက စေတနာနဲ့တူတဲ့ အကျိုးကို သေချာပေါက်ရပြီးသား။ လူချမ်းသာ၊ နတ်ချမ်းသာ သံသရာမပြတ်နိုင်တဲ့ ဘာဘာညာညာဝဋ်ကြွေးတွေကို ဆုမတောင်းရဘူး။ လှူတဲ့အခါမယ် အလှူခံပုဂ္ဂိုလ် မမြဲဘူး။ အလှူပေးပုဂ္ဂိုလ် မမြဲဘူး။ လှူဖွယ်ဝတ္ထု မမြဲဘူး။ မမြဲတဲ့ သဘောတရားတွေချည်းသာပဲလို့ အနိစ္စသညာနဲ့ ဥာဏ်ထဲမှာဆင်ခြင်၊ ပြီးတော့ နိဗ္ဗာနဿပစ္စယောဟောတုလို့ နိဗ္ဗာန်ကိုသာ ရည်မှန်းအာရုံပြုရမယ်ကွယ့်” “သမီးနားလည်ပါပြီအမေ” စားတော့တစ်လုတ်တစ်ဆုပ်၊ ၀တ်တော့ အစုတ်အနုပ်၊ နေရတော့ တဲကုပ်။နက္ခတ်ပွဲသဘင်ကိုပင် နွဲမဆင်နိုင်သည့်ဘ၀။သို့ပေမယ့် တစ်ပါးသူတို့ ပျော်ပွဲရွှင်ပွဲ ဆင်နွဲနေချိန်မှာ ပကာသနမဖက်သော ဧရာမအလှူကြီးတစ်ခု အမေပေးနိုင်ခဲ့ပြီပဲ။ဝမ်းမြောက်နုမော် သာဓုအကြိမ်ကြိမ် ခေါ်ရပါ၏။သာဓု သာဓု သာဓုပါလို့ရင်ထဲမှာမည်ဟီးပဲ့တင်နေတာပါလေလ။
Photo credit original source
ထမငိးုးဆီမှ အနံတထောင်းထောင်းထါက်လာချေပြီကော။အငွေ့တထောင်းထောင်းထွက်၍ နပ်သွားပြီဖြစ်သော ထမင်းအိုးကို လက်နှီးစုတ်ဖြင့် မီးဖိုပေါ်မှ ချလိုက်၏။ အဖုံးဖွင့်ပြီးနောက် ထမင်းအိုးထဲမှ ချိုးပါမကျန်အောင် အရိုးတိုယောက်မဖြင့် တဂျစ်ဂျစ်မြည်အောင်အထိ ခြစ်ထုတ်ခူးခပ်၍ ခွက်ထဲသို့ ထည့်ပေးသည်။ဒုတိယမ္ပိထပ်၍တစ်ဖန် အဖေ့ဆီယူသွားရန် ထမင်းတောင်းကို အဆင်သင့်ပြင်ကာ အမေ့ရှေ့မှာ ချပေးလိုက်ပါသည်။ဟင်းကတော့ ငရုတ်စိမ်းငါးတောင့်နှင့် ဆားတစ်ထုပ်။ကျွန်မတို့ဘ၀မှာ ဤမျှလောက်နှင့်ပင် လုံလောက်လှပါပြီ။ မိုးကောင်းကင်ပြိုကျပြီး မဟာသမုဒ္ဒရာရေအားလုံး ခန်းခြောက်ကုန်ပြီဟု တစ်စုံတစ်ယောက်က ပြောလာပါငြားအံ့။ ယုံစေလို၍ ပြောလာသော ယုံတမ်းစကားမို့ ယုံပေးလိုက်နိုင်ပါသေး၏။ ယခုတော့ညနေစောင်း လယ်တောမှခုန်မြူးပြီး ပြန်လာကြသော အဖေနှင့်အမေကို မကြုံစဖူးထူးကဲနေသဖြင့် နားမလည်နိုင်ဘဲ ရှိရသည်။ မောင်တစ်ထမ်း မယ်တစ်ရွက်ဖြင့် တဲပေါ်သို့တက်လာပြီး သူတို့ပစ္စည်းတွေကို ကျွန်မရှေ့မှာ ဖွင့်ပြလိုက်သည်။ လား… လား…
“အဖေ… အမေ… ဒါတွေ… ဒါတွေ…” မျက်လုံးများ ၀ိုင်းဝိုင်းလည်ကာ ပြူးကျယ်သွားရပါသည်။အံ့သြစိုးရိမ်ထိတ်လန့်တုန်လှုပ်မှုများဖြင့်ကျွန်မတစ်ကိုယ်လုံး ယိမ်းထိုးလှုပ်ရှားသွားရပါသည်။ အဖေနှင့်အမေ ဘာတွေလုပ်ခဲ့ကြပြီလဲ။မှန်ပါသည်။ အဖေနှင့်အမေတို့ ချပြသည့် အထုပ်ကား ဘ၀တစ်သက်တာအတွက် အိပ်မက်ထဲမှာပင် မမြင်ဖူးသည့် ရွှေတုံးရွှေခဲများပါတည်း။ မင်းဘဏ္ဍာယူလာမိလျင်တော့ အသက်နှင့်ကိုယ် အိုးစားကွဲဖို့သာပြင်ပေရော့။ သံသယအတွေးများဖြင့် သူတို့မျက်နှာကို စူးစူးစိုက်စိုက်ကြည့်မိပါ၏။
“သမီးအံ့သြနေသလား။ အဖေတို့ကိုလဲ သံသယ၀င်နေသလား။ အဖေတို့ ကုသိုလ်ကံအလျောက် သန့်သန့်ရှင်းရှင်း ရခဲ့တဲ့ပစ္စည်းတွေပဲ။ ငါ့သမီးလေး မျက်နှာမငယ်ရတော့ဘူး”အဖေ့စကားကို ယုံချင်ပေမယ့် ကြိုးစား၍ မရသေး။ အမေ့မျက်နှာကို အကြည့်ရွှေ့လိုက်ပြန်သည်။
“ဟုတ်တယ်သမီး၊ မနက်က အရှင်သာရိပုတ္တရာကို အမေဆွမ်းလှူလိုက်သလို အဖေက လယ်တောမှာ တံပူနဲ့ရေကို လှူလိုက်သတဲ့။ အဲဒီ စေတနာတွေရဲ့ အကျိုးကို ဒိဋ္ဌခံစားရတာလေ။ သမီးအဖေထွန်နေတဲ့ လယ်ကွက်ထဲက မြေစိုင်မြေခဲတွေအားလုံး ရွှေချည်းဖြစ်ကုန်ပါပကော”အံ့သြလွန်းသဖြင့် ကျွန်မမှာ မှင်တက်ဆွံ့အနေမိ၏။ အမေကသာ အဖြစ်သနစ်ကို ရွှန်းရွှန်းဝေအောင် ဆက်လက်ပြောပြပါသည်။နောက်မှထပ်ဆက်ပါ့မယ်။စာရှည်တော့ပျင်းသွားမှာစိုးလို့ပါ။အားလုံးကျေးဇူးတင်ပါသည်။
Photo credit original source