'' နောက်ထုတ်မယ့် iPhone ထက် စွမ်းရည် ပိုမြင့်မယ့် Huawei Mate 10''
Huawei က Mate 10 ကို ဒီနှစ်ကုန်မှာ မိတ်ဆက်မှာ ဖြစ်ပြီး အခုတော့ ကုမ္ပဏီရဲ့ CEOက သူ့ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်အချို့ကို အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။
Huawei ရဲ့ CEO ဖြစ်သူ Richard Yu က Mate 10 အမည်ကို အတည်ပြုလိုက်သလို နောက်ထုတ်မယ့် iPhone ထက်တောင် စွမ်းရည် ပိုမိုမြင့်မားမယ်လို့ Bloomberg ကို ပြောကြားပါတယ်။ iPhone အသစ်များကို ကုမ္ပဏီက စက်တင်ဘာလမှာ မိတ်ဆက်မယ်လို့ ထင်ရပါတယ်။
Yu က Mate 10 မှာ Full Screen Display တပ်ဆင်ထားမယ်လို့ ပြောတဲ့အတွက် Samsung Galaxy S8 တို့လို ဘေးဘောင်မဲ့ မျက်နှာပြင် အပြည့် ဒီဇိုင်း ဖြစ်ပါတယ်။ အဲဒီဖုန်းရဲ့ ဘက်ထရီ သက်တမ်းဟာလည်း အလွန် ကောင်းမွန်မယ်လို့ ပြောပါတယ်။ အားသွင်းရာမှာ လျှင်မြန်ပြီး ကင်မရာ အရည်အသွေးကလည်း အလွန်ကောင်းမွန်မယ်လို့ သူက ပြောပါတယ်။
သူ့ရဲ့ ပြောစကားဟာ အရဲတင်းတယ်လို့ ဆိုနိုင်ပေမယ့် စွမ်းဆောင်ရည်မြင့် Android Smartphone များဟာ Specifications အပိုင်းမှာ Apple iPhones များထက် သာလွန်နေပါတယ်။ Apple ဟာ သူ့ရဲ့ စမတ်ဖုန်းများမှာ နည်းပါးတဲ့ Chipset Cores များနဲ့ နည်းပါးတဲ့ RAM များကို ထည့်သွင်းထားကြပါတယ်။ Android Smartphones များရဲ့ Specifications များကို Apple iPhone များထက် စားသုံးသူများက ပိုသဘောကျကြပါတယ်။ Huawei က စက်တင်ဘာလ အစောပိုင်းမှာ ကျင်းပမယ့် IFA 2017 မှာ Mate 10 ကို မိတ်ဆက်မယ်လို့ ထင်ရပါတယ်။