‘ဟူး’
ထွက်သက်မော တချက်ကို အားရပါးရ မှုတ်ထုတ်လိုက်ပြီးတော့ အပြင်က လေနုအေးကို တ၀ကြီးရှူရှိုက်သွင်းလိုက်တာတောင် ပန်းလျမှုတွေက မပြေချင်သေး…။ ကားလမ်းသေးသေးလေးကို ဖြတ်မကူးခင်လေးမှာ လမ်းဘေး မြက်ခင်းစိမ်းပေါ် ခဏပစ်ထိုင်ချလိုက်ရင်း ၀ူးဝူးဝေါ်ဝေါ် အသံပေးနေသော အလုပ်ရုံကြီးကို တချက်ပြန်စောင်းငဲ့ကြည့်လိုက်ပြန်သည်။ အင်း…၊ ပြီးဆုံးခဲ့ပြန်ပေါ့ တညနေတာ အလုပ်ချိန်…။
လွန်ခဲ့တဲ့ နှစ်နှစ်…။
ဒီနိုင်ငံရဲ့ စီးပွားပျက်ကပ်ဒဏ်က လေးနှစ်ကျော်ကြာခဲ့တဲ့ သူ့လုပ်သက်ကိုမှ မထောက်စွာပင် သူ့ကို အလုပ်လက်မဲ့ ဖြစ်စေလိုက်၏။ လျှပ်စစ်မီတာဘောက်စ် သေးသေးလေးလို ဘူးတွေကို တူတလက်နဲ့ နာနာနှံရတဲ့ Recyclingကုမ္ပဏီတခုမှာ နောက်ထပ် အလုပ်ရလိုက်ပြန်တော့လဲ သုံးလသာခံသည်။ စီးပွားရေးပျက်ကပ်ရဲ့ နောက်ထပ်ရိုက်ချက်…။
ဒီလိုနဲ့ပဲ လေးနှစ်တာ အလုပ်နဲ့ခွဲတော့…၊ လမ်းကလေးနဲ့လဲ အဆက်ပြတ်လို့ အခုတော့ လမ်းကလေးနဲ့ မိုင်နှစ်ဆယ်လောက် ဝေးတဲ့ နေရာသစ်မှာ တခြားအလုပ်အကိုင် တခုနဲ့…။
ယခုလက်ရှိ အလုပ်ရုံကတော့ သက်တမ်းကိုက မြန်မာပြည် လွတ်လပ်ရေးမရခင်ကတည်းက တည်ထောင်ထားတဲ့ရုံဆိုတော့ ရင့်လှပြီ။ အိမ်သာသာ ဂိုထောင်အစုတ်ကလေးကနေ အခုတော့ ပြည်နယ်တခွင် ထုတ်လုပ်မှုအားအကောင်းဆုံးသော ပလတ်စတစ်ပစ္စည်း စက်ရုံအဖြစ် အခိုင်အမာ ရပ်တည်လို့ပင် ရှိနေတဲ့ရုံဆိုတော့ ဒီတချီတော့ စီးပွားရေးပျက်ကပ်ကြောင့် အလုပ်လက်မဲ့ မဖြစ်တန်ကောင်းပါရဲ့လို့တော့ ကကျိုးကကျောင် တွေးမိလိုက်သေးသည်။
‘Machine number 3, need Material Handler’
‘Bruce, Call 528 please’
‘Joe, QC area please’
ကွန်ပျူတာ စစ်စတမ်မှ တဆင့် လိုအပ်တဲ့ ပစ္စည်းမှာကြားဖို့ ခေါ်ယူသံ၊ ဖုန်းခေါ်ယူသံ၊ အင်တာကွန်မှ တဆင့် လူခေါ်သံတွေနဲ့ အတူတူ ဆူညံနေတတ်တဲ့ ဒီစက်ရုံကို သူ စရောက်တုန်းကတော့ မြန်မာတွေ တယောက်မှ မရှိသေးပေမယ့် အခုတော့ သူအပါအ၀င် မြန်မာအလုပ်သမား ၄၀ ကျော်လောက် တ၀ုန်းဝုန်း တရုန်းရုန်းနဲ့ နေ့ဆိုင်းညဆိုင်း စည်ကားလို့နေပါပြီ။
ဒီစက်ရုံက ဆဲလ်ဖုန်းအခွံလိုဟာလဲ ထုတ်လုပ်သလို ဆိုင်ကယ်၊ ကားအင်ဂျင်ဝိုင် လက်ကိုင်ကွင်းကလေးတွေလဲ အကြီးအကျယ်ထုတ်၏။ ပေါင်းအိုးလိုလို ပုံသဏ္ဍာန် စက်ပစ္စည်း ကိုယ်ထည်တွေလဲ ထုတ်လုပ်သလို မီးခြစ်ဆံသာသာ ပလတ်စတစ် ပစ္စည်း ပုစိညှောက်တောက်လေးတွေလဲ ထုတ်လုပ်၏။ အကြီး၊အသေး၊အလတ် ထုတ်ချင်ရာသာထုတ် သူတို့လို လူလည်အာရှသားတွေကို အလုပ်ကောင်းစွာ ပေးထားနိုင်သည်ကတော့ ကြီးစွာသော အထောက်အပံ့တခုပင် မဟုတ်လား။
အလုပ်သက်တမ်း နှစ်နှစ်ကျော်အတွင်းမှာ ခင်မင်စရာ ကောင်းသူ၊ ချဉ်ချင်စရာ ကောင်းသူ၊ ပျော်ပျော်နေတတ်သူ၊ ဘူကျဘုဘောက်သူ၊ ကူညီတတ်သူ၊ ဘာသိဘာသာ နေတတ်သူ၊ ကြိုးစားတတ်သူ၊ ကြိုးစားဟန်ဆောင်သူ၊ ရို့ကျိုးတတ်သူ၊ မောက်ကြွားတတ်သူ …၊ … ….သူ၊ … …သူ၊ … …သူ၊ ….သူပေါင်းများစွာတို့နှင့် အလုပ်ခဲ့ရသည်မှာ ဟိုယခင်က စက်ရုံတခုလုံးမှာမှ လူပေါင်း ၂၀ သာသာခန့်မျှ ရှိတဲ့ အလုပ်ရုံလေးနှင့် ယှဉ်လိုက်လျှင် အတွေ့အကြုံတွေက တခြားစီကွာသွား၏။ ဘယ်လိုပဲဖြစ်ဖြစ် အခုလက်ရှိ အလုပ်ရုံကိုမှာ သူ ပျော်နေတာတော့ သေချာပါသည်။
၂၀၁၀၊ ဇွန်လ ၁၀ ရက်နေ့…။
ဘုရားရေ…၊ ငါ အဲဒီနေ့ကတည်းက ဒီနေရာလေးမှာ ဘာစာမှ မရေးဖြစ်ခဲ့တာပါလားလို့ ခြောက်ခြားစွာ တွေးမိရင်း သူ ရေးဖြစ်ခဲ့ဖူးသည့် စာအဟောင်းပေါင်းများစွာကို အိပ်မက်က လန့်နိုးလာသူလို ကယောင်ကတမ်းဖြစ်လှစွာ လိုက်လံ ဖတ်ရှုဖြစ်မိသည်။
အလို…၊ ဒီစာတွေ ငါရေးခဲ့တာတွေလား၊ အဲဒီလောက် ရေးချင်ခဲ့တဲ့လူတယောက်က ရက်ပေါင်း ၄၀၀ နီးပါးတောင် ဘာမှမရေးဖြစ်ခဲ့တာပါလား။ စိတ်ကူးထဲကို အရင်ရောက်လာတဲ့ တခြားဘလော့တခုကို ယောင်နနနဲ့ ရောက်သွားတော့ သူမရောက်ဖူးတဲ့ ကမ္ဘာသစ်တခုကို ရောက်သွားသလိုလို…။
ရေးစရာ မရှိလို့လား၊ မဟုတ်သေးပါဘူးလေ။ မအားလို့လား…။ အင်း… ရက်ပေါင်း ၄၀၀ နီးပါး မအားလပ်မှုဆိုတာကတော့ တဆိတ်တော့ လွန်လွန်းပြီ ထင်ပ…။ အလုပ်ထဲက ကိုမိုးစက်ဆိုတဲ့ ဂွကျကျကရင် အကိုကြီးအကြောင်းက စရေးရကောင်းမလား၊ လူတိုင်းလိုလိုကို အခိုင်းထူတတ်တဲ့ မယ်ရီ ဆိုတဲ့ ပုကွကွ အဖြူမကြီး အကြောင်းက ရေးတာကောင်းမလား၊ အလုပ်ရုံနားက တဆိတ်ရှိ တဝေါဝေါနဲ့ ဆူဆူညံညံဖြတ်မောင်း သွားတတ်တဲ့ မီးရထားကြီးကို အမှီပြုလို မြန်မာပြည်ကို လွမ်းရကောင်းမလား…။ အို…။
သေချာတာတော့ ဘလော့ဂါတယောက် ဘလော့ရေးချင်နေလေပြီ။