နံနက်ခင်းမှာကျွန်တော်နိုးလာတော့ ဦးစွာပြူတင်းပေါက်ကိုလှမ်းဖွင့်လိုက်တယ် ။ပြီးရင်ကျွန်တော် သစ်ကိုင်းမှာနားနေတဲ့ ငှက်ကလေးတွေရဲ့ တေးသီကျူးသံကို နားစွင့်လေ့ရှိတယ် ။တစ်ကိုင်းပြီးတစ်ကိုင်း ခုန်ကူးနေတဲ့ငှက်ကလေးတွေကို ကျွန်တော်ချစ်တယ် ။အဲ့ဒီမြင်ကွင်းတွေက ကျွန်တော့်ကို တစ်နေ့တာခွန်အားဖြစ်စေတယ် ။ ကျွန်တော်ကြည့်လို့ဝမှ မျက်နှာသစ် သွားတိုက်တာတို့လုပ်တယ် ။ အဲ့တာတွေ ပြီးတာနဲ့ကျွန်တော် ကျောင်းစာကြည့်ရတော့တာ ။ ခဏကြာတော့ အခန်းတံခါးခေါက်သံကြားရတယ် ။
"ဒေါက် ဒေါက်...ကလေးရေ..ကလေး"
"ဗျာ... ကြီးကြီးဆွေ"
"ကလေးစာလုပ်နေတာလား? ဟုတ် ကြီးကြီးဆွေ" ။
"အေးအေး ...ကလေး နံနက်စာ စားချိန်ရောက်နေပြီလေ...အောက်ထပ်မှာ ကလေးမာမီ ကလေးကို စောင့်နေတယ် ။ကလေး ဆင်းလာခဲ့လိုက်တော့ ။ ဟုတ် ကျွန်တော်ဆင်းလာခဲ့ပါ့မယ် ကြီးကြီးဆွေ " ။
ကျွန်တော် အောက်ထပ်ဆင်းလာတော့ အောက်ထပ် ထမင်းစားဝိုင်းမှာ မာမီ့ကိုတွေ့ရတယ် ။ မာမီက lap-top နဲ့ အလုပ်ရှုပ်နေတာ ။ ဟုတ်ပါတယ် ကျွန်တော့် မာမီက အလုပ်အရမ်း
လုပ်တာပါ ။ ထမင်းစားရင်တောင် အလုပ်လုပ်ရင်းနဲ့စားတာ ။
ကျွန်တော်ရောက်မှန်းသိတော့ မာမီ ကျွန်တော့်ကို တစ်ချက်လှမ်းကြည့်ပြီး "သားဒီနေ့ နံနက်စာစားချိန် နောက်ကျတယ်နော်" ။
"ဟုတ် ...သားအိပ်ရာထနဲနဲ နောက်ကျသွားလို့ပါ မာမီ" ။
"နဲနဲ ဆိုပေမယ့် အရာအားလုံးနောက်ကျသွားတော့တာဘဲသား... အခုလဲကြည့်လေ သားအိပ်ရာထ နောက်ကျတော့ စာကြည့်ချိန်နောက်ကျ အော် အခုလဲ နံနက်စာစားချိန်ပါ နောက်ကျရပြီ မဟုတ်လား? နောက်တစ်ခါ ဒါမျိုးနောက်မကျစေနဲ့ ။ အချိန်ကိုလေးစားစမ်း သား" ။
"ဟုတ်ကဲ့...မာမီ" ။
"ကဲကဲ မြန်မြန်စားတော့ ။ စားပြီး ကျောင်းသွားဖို့လုပ်တော့ "။
"ဟုတ်...မာမီ" ။ မာမီ့ မျက်လုံးတွေ lap-top ပေါ်သို့ ပြန်ရောက်သွား၏ ။
ကျွန်တော်နေ့တိုင်း ကျွန်တော့်အတွက်ဆွဲထားတဲ့ အချိန်ဇယားအတိုင်း ကျွန်တော့်တစ်နေ့တာကို ဖြတ်သန်းရတယ် ။မာမီက ကျွန်တော့်ကို ငယ်ငယ်လေးကတည်းကနေ စည်းစနစ်နဲ့နေတတ်အောင်ပုံသွင်းထားခဲ့တာပါ ။ ကျွန်တော်က အခုမှ
ပဉ္စမတန်းပါ ။ပြီးတော့ ကျွန်တော် သူငယ်ချင်း မထားရဘူး ။
မာမီက ကျွန်တော့်ကို အပေါင်း အသင်းတွေကြောင့် ကျွန်တော် ပျက်စီးသွားမှာ မလိုလားဘူးတဲ့ ။ တစ်ကယ်တော့ ကျွန်တော် မွန်းကြပ်လာတဲ့ အခါ ရင်ဖွင့်ဖို့ အဖော် တစ်ယောက်လောက်တော့ တကယ်ကို လိုချင်မိတယ် ။
ကျွန်တော့်ကို ကျောင်းပို့ ကျောင်းကြိုလုပ်ပေးသူကတော့ လေးလေးစိုး ပါ ။လေးလေးစိုးကတော့ ကျွန်တော့်ကို အလိုလိုက်ပါတယ် ။ ကျွန်တော်သိချင်တာတွေ လေးလေးစိုးကိုမေးရင် ပြောပြတယ် ။ အဓိက ကတော့ မာမီ့ကို ကျွန်တော်မေးလို့မရတာတွေပေါ့ ။ မာမီ့ဆီမှာ ကျွန်တော် ဒယ်ဒီ့ အကြောင်းမေးတုန်းက မာမီ ကျွန်တော့်ကို အော်တာကို သတိရသေးတယ် ။ နှစ်စဉ် ကျွန်တော့်မွေးနေ့ကို မာမီက ခမ်းခမ်းနားနားပြုလုပ်ကျင်းပပေးလေ့ရှိတယ် ။ အဲ့ဒီလိုအခါမျိုးမှာတော့ ကျွန်တော်နဲ့ အတန်းတူ အတန်းသားတွေကို မာမီကက ဖိတ်ဖို့ ခွင့်ပြုတယ် ။ကျွန်တော့်မွေးနေ့ကို ကျောင်းမှာလဲ လုပ်တယ် ညနေပိုင်း အိမ်မှာလဲ လုပ်တယ် ။ ညနေပိုင်း ကျွန်တော့်မွေးနေ့ပွဲလာမယ့် အတန်းတူ အတန်းသားတွေအတွက်ကို ကားစင်းလုံးငှားပေးတယ် ။ အဲ့ဒီလိုလေးလုပ်ပေးတော့ အဆင်ပြေတယ် ။မဟုတ်ရင် ကျွန်တော့်မွေးနေ့ပွဲကို လာမယ့်သူတောင်ရှိမလားမသိဘူး ။ ကျွန်တော်က သူငယ်ချင်းမထားတော့ ကျွန်တော့်ကို ဘယ်သူမှ သိပ်မခင်ကြဘူး ။ ကျွန်တော့်အတွက်ကတော့ မွေးနေ့ပွဲကို ခမ်းခမ်းနားနားမလုပ်ရင်နေပါစေသူများတွေလို မိသားစုစုံစုံလင်လင်နဲ့မွေးနေ့မှာအတူဖြတ်သန်းချင်တာပါ။
ဒါကြောင့် ကျွန်တော်က မွေးနေ့မတိုင်ခင်ရက်မှာ
"ဒယ်ဒီကော သားမွေးနေ့မလာဘူးလားဟင်...မာမီ"လို့မေးလိုက်တော့ မာမီ ကျွန်တော့်ကိုဒေါသထွက်ပြီးအော်ပြောတယ် ။ "ငါ့အရှေ့မှာ သူ့အကြောင်းလာမပြောနဲ့ ။ ငါ့အရိပ်အောက်မှာနေနေသရွေ့ သူ့အကြောင်း ဘာမှ မကြားချင်ဘူး ။အေး...သိပ်သိချင်ရင်တော့ အရွယ်ရောက်လို့ ငါ့အရိပ်အောက်ကလွှတ်ပြီဆို သူ့ကိုရှာပြီးသွားမေးလို့ရတယ် "ဟု မာမီ မခိုးမခန့်ပြောခဲ့တာပါ ။ အဲ့တုန်းက မာမီ့မျက်ဝန်းထဲမှာ ဝဲနေတဲ့မျက်ရည်တွေ ကျွန်တော်တွေ့လိုက်သေးတယ် ။ အဲ့နေ့ပြီးနောက်နေ့ ကျွန်တော့်မွေးနေ့ပွဲထိ မာမီ့မျက်နှာက သိပ်ကြည်လင်မနေခဲ့ပါဘူး" ။
မာမီ ကျွန်တော့်ကို စိတ်ဆိုးနေတုန်းဘဲလား? ။ဒါပေမယ့် ကျွန်တော်သိလိုက်ပါပြီ ။ နောက်ခါ ဒယ်ဒီ့အကြောင်း မာမီ့ကို ဘယ်တော့မှ မမေးတော့ဘူးလို့ ။ အဲ့တော့ လေးလေးစိုးဆီမှာဘဲ
ကျွန်တော် ဒယ်ဒီ့အကြောင်းမေးရတော့တာပေါ့ ။ လေးလေးစိုးကလဲ ကျွန်တော်ကို ပြောပြရှာတယ် ။ ကျွန်တော့် ဒယ်ဒီနဲ့မာမီက ကျွန်တော်လသားလောက်အရွယ်မှာ အိမ်ထောင်ရေးအဆင်မပြေတွေဖြစ်ကြပြီး ကွာရှင်းလိုက်ကြတာတဲ့ ။ ဘယ်လိုအကြောင်းနဲ့ ကွာရှင်းလိုက်လဲဆိုတော့ ဒယ်ဒီက မာမီ့နောက်ကွယ်မှာ မာမီမသိအောင် အငယ်နှောင်းထားနေခဲ့တာတဲ့။
ကျွန်တော်ကြားလိုက်ရတဲ့ အချိန်တုန်းကတော့ ကျွန်တော် အလွန်မင်သက်သွားခဲ့တာ ။ ဒါကြောင့် မာမီ ဒယ်ဒီ့ကိုစိတ်နာနေတာလား? ။ မာမီ့မှာလဲ နာကြည်းချက်တွေရှိနေမှာဘဲ ။ တစ်ဆက်တည်း ဆိုသလိုဘဲ ဒီလို အချိန်ထိ ဒီလိုအခြေနေမျိုးနဲ့
ပျိုးထောင်ပေးခဲ့တဲ့ မာမီဟာ ကျွန်တော့်အတွက် တန်ဖိုးမဖြတ်နိုင်ပါလားဟု ကျွန်တော် နားလည်လိုက်တယ် ။ ကျွန်တော်
ဒယ်ဒီ့ကိုလဲ စိတ်မနာရက်ပါဘူး ။ ဒယ်ဒီဟာ နောက်အိမ်ထောင်ပြုလို့ အဲ့ဒီနောက်အိမ်ထောင်ကနေ ကလေးတစ်ယောက်တာင်မွေးပြီဆိုဘဲ ။ အော် ဒီကမ္ဘာပေါ်မှာ ကျွန်တော်နဲ့သွေးသားတော်စပ်တဲ့လူ ရှိပါလားဆိုပြီးတောင် ဝမ်းသာမိပါသေးတယ် ။
ဒီတစ်ခေါက် ကျွန်တော်ကျောင်းမှာ top-1ချိတ်တော့ မာမီက ကျွန်တော်လိုချင်တာ တောင်းလို့ပြောတယ် ။ ကျွန်တော် လိုချင်တာက ကျွန်တော့်အတွက်ရင်ဖွင့်ဖော် သူငယ်ချင်း တစ်ယောက်လောက်ပေါ့ ။ ဒါပေမယ့် ကျွန်တော်ပြောရင် မာမီ သဘောတူမှာ မဟုတ်ဘူး ။ ဒါနဲ့ ကျွန်တော် မာမီ့ကို
"မာမီ..သား ဘာမှ မလိုအပ်ပါဘူး ။ အရာအားလုံးပြည့်စုံပါတယ်လို့ဘဲ ပြောလိုက်တယ်" ။ အဲ့ဒီနေ့ ညနေပိုင်းမှာဘဲ မာမီ ကျွန်တော့်ကို အပျော်ဆုံး လူသားတစ်ယောက်ဖြစ်အောင် လုပ်ပေးခဲ့တယ် ။ တော်တော်တော့ အံ့သြစရာကောင်းတယ် ။
ကျွန်တော် ဘာမှ မပြောပေမယ့် မာမီ ကျွန်တော့် စိတ်ကို သိ
နေခဲ့တယ် ။ အဲ့တာကတော့ ကျွန်တော့်ကို မာမီက ခွေးကလေးတစ်ကောင် လက်ဆောင်ပေးတာပါ ။ ခွေးလေးကို လက်ခံ
ပြီးတာနဲ့ ကျွန်တော်ပြောမတတ်အောင် ပျော်လိုက်တာဗျာ ။
မာမီ ကျွန်တော့် ရင်ထဲကို လှမ်းမြင်နေရလား ဗျာ ။ ဟင့်အင်း
မာမီ အဲ့လောက်ထိ မမြင်နိုင်ဘူးထင်တယ် ။ တကယ်လို့သာ
မာမီ မြင်နိုင်ခဲ့မယ်ဆိုရင် ကျွန်တော် တစ်ကယ့်ကိုအပ်နေတာက မာမီ့ဆီက ကြင်နာ နွေးထွေးမှုပါ ။
ဒါနဲ့ဘဲ ခွေးလေး ဖြူဖွေးက ကျွန်တော့် ရင်ဖွင့်ဖော် သူငယ်ချင်း ဖြစ်လာတော့တာပေါ့ ။ ဖြူဖွေးဆိုတာက ခွေးလေး
ရဲ့ အရောင်ကဖြူဖြူဖွေးဖွေးလေးနဲ့မို့ပါ ။ညနေပိုင်း အချိန်လေးမှာတော့ ဖြူဖွေးနဲ့ ကျွန်တော်ကစားဖြစ်ကြတယ် ။ ဖြူဖွေးလေးက ကျွန်တော် ဘောလုံး သေးသေးလေးပစ်ပေးရင် အဲ့ဒီဘောလုံးလေးကို သူ့ပါးစပ်နဲ့ ကိုက်ကိုက်ပြီး ပြန်ချီလာတတ်တယ် ။ ဖြူဖွေးလေးက အကောင်သေးသေးလေးနဲ့ သိပ်သွက်တာ ။ တစ်ရက် ကျွန်တော်နဲ့ဖြူဖွေး ဘောလုံးပစ်ကစားနေရင်းက ကျွန်တော်ပစ်လိုက်တဲ့ ဘောလုံးလေး ခြံပြင်ဘက်ကို လှိမ့် သွားတော့ ဖြူဖွေးလေးကလဲ ဘောလုံးလေး ကိုက်ချီဖို့
ခြံပြင်ဘက်ကိုပြေးသွားတော့တာပေါ့ ။ ခြံပြင်မှာ ကားအသွားအလာရှိလို့ ကျွန်တော်လဲ စိတ်မချဘဲ ခြံပြင်ကို လိုက်ထွက်လိုက်တာ ။ ဖြူဖွေးလေးက လမ်းတစ်ဖက်မှာ ဘောလုံးလေး ကိုက်ချီပြီး ကျွန်တော့်ကိုမြင်တော့ ကျွန်တော့်ဆီပြေး
လာတာ ။ ဟိုဘက်မှာ ကားတစ်စင်း "ဖြူဖွေး... မလာခဲ့နဲ့...
ဟုကျွန်တော်အလန့်တကြားပြေးအော်ရင်း..ကျွန်တော်အပေါ်
သို့မြှောက်တက်သွားခဲ့တယ် ။ လူတစ်စုရဲ့ "ဒီမှာ ကလေး တစ်ယောက် ကား တိုက်မိပြီဟေ့" ဆိုတဲ့ အသံကြားပြီးနောက် ကျွန်တော့် ကမ္ဘာလဲ အမှောင်ဖုန်း သွားခဲ့တယ် ။
ကျွန်တော်ပြန် သတိရလာတော့ " ဟာ..ကျွန်တော်တို့ အိမ်မှာ မဟုတ်ဘူး ။ ဒါဖြင့် ကျွန်တော် ဘယ်နေရာရောက်နေတာလဲ? ။ ကျွန်တော်ဆေးရုံရောက်နေတာဘဲ ။ကျွန်တော့်ကိုယ်မှာလဲ ဆေးပိုက်တွေနဲ့ ။ ပြီးတော့ကျွန်တော့်ဘေးမှာမာမီ .. ။အော်.. မာမီနိုးသွားပြီ ။ "သား ...သားသတိရလာပြီ နော် ။ မာမီစိုးရိမ်နေလိုက်ရတာ သားရယ်...။မာမီ့ အသံတွေ တုန်နေတယ် ။ မာမီ ငိုနေတယ် ...။ မာမီက သိပ်ကို စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးတစ်ယောက်ဘဲ ။ အခုလို မာမီငိုနေတာမြင်တော့ ကျွန်တော်လဲ မျက်ရည်တွေ စို့တက်လာတော့တယ် ။ မာမီမငိုပါနဲ့ ..သားကိုချစ်ရင်..။ မာမီ ဆက်ငိုနေတုန်းဘဲ...။ကျွန်တော့်အသံကို မာမီကြားရဲ့လားဗျာ ။
မာမီက မျက်ရည်တွေသုတ်လိုက်ပြီး ဆက်ပြောတယ် ။ သားရဲ့
ခွေးလေးကို သားသိပ်ချစ်တာ မာမီသိပါတယ် သားရယ် ...
သားရဲ့ခွေးလေးဖြူဖွေး အတွက်လဲ စိတ်မပူနဲ့နော် ။ သားရဲ့ခွေးလေး ကျန်းကျန်းမာမာရှိပါတယ် ။ မာမီ ကိုယ်တိုင် သားကိုယ်စားစောင့်ရှောက်ပေးထားတယ် ...ကျွန်တော်အားလုံး ပြန် သတိရပြီ ။ "သားလေး...စိတ်ချနော် ..သားလေးကို မာမီ ပစ်မထားတော့ပါဘူး ။ သားလေးကို မာမီ အနွေးထွေးဆုံးစောင့်ရှောက်သွားပါမယ်လို့ မာမီကတိပေးပါတယ်...။ အခုကတည်းကနေ မာမီ့နွေးထွေးမှုနဲ့ ကျွန်တော်ပြည့်စုံနေပါပြီ ဗျာ။ အဆုံးမရှိနိုင်တဲ့မေတ္တာနဲ့ ချစ်ပေးတဲ့ မာမီကိုလဲ ကျွန်တော်ကျေးဇူးတင်ပါတယ် ။ကျွန်တော် သိလိုက်ပါပြီ ။မာမီက ကျွန်တော့် ဘဝအတွက် မရှိမဖြစ်အလိုအပ်ဆုံးသောသူ တစ်ယောက်လို့ ။ကျွန်တော့်ကမ္ဘာကြီးက အခုတော့လဲ အရာ အားလုံးပြည့်စုံလို့။
ကျွန်တော့် မျက်ဝန်းအိမ်ထဲကနေ မျက်ရည်တွေ သွန်းလို့ ကျလာခဲ့တယ် ။ သေချာတာ တစ်ခုကတော့ အဲ့ဒီမျက်ရည်တွေက ဝမ်းနည်း မျက်ရည် မဟုတ်ဘူးဆိုတာပါဘဲ ။
ဝင်ရောက်ဖတ်ရှုပေးသူများအား ကျေးဇူးတင်လျက်ပါ...။
Bawk San Tun(Flawra)