ကမ္ဘောဇဘဏ်နှင့် ActionAid တို့၏ ပူးပေါင်း၍ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများရှိ လယ်ယာလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးများကို ဘဏ္ဍာရေးစနစ်များ အသုံးပြုနိုင်ရန် ကူညီပေးခြင်းဖြင့် လူနေမှုအဆင့် မြင့်မားလာစေရန် ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရန်ကုန်မြို့ Strand Square တွင် သတင်းမီဒီယာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
မကွေးတိုင်း၊ ပခုက္ကူဒေသမှ လယ်ယာလုပ်ငန်းနှင့် ကုန်သွယ်လုပ်ငန်းလုပ်ကိုင်ကြသူ အမျိုးသမီးများသည် ယခင်က ဘဏ္ဍာရေးစနစ်အား အလှမ်းမမီခဲ့သော်လည်း ယခုအချိန်တွင် ကမ္ဘောဇဘဏ်မှ ချေးငွေစနစ်ကို စတင်ရယူအသုံးပြုနိုင်ကြပြီ ဖြစ်သည်။
ချေးငွေအာမခံအတွက် ActionAid မှ ကူညီပေးသည့် ၎င်းလုပ်ဆောင်ချက်အား ၁၂ လကျော်ကြာ ရှေ့ပြေးဆောင်ရွက် သွားမည်ဖြစ်ပြီး အမျိုးသမီးများ အနေဖြင့် ၎င်းတို့၏ မိသားစုများကို ပိုမိုထောက်ပံ့ပေးနိုင်ကာ စွန့်ဦးလုပ်ငန်းရှင်များဖြစ်လာနိုင်မည့် အခွင့်အရေးများကို လမ်းဖွင့်ပေးနိုင်မည်ဟု ရည်ရွယ်ထားပါသည်။
လယ်ယာလုပ်ငန်းသည် မြန်မာနိုင်ငံ၏ အဓိကကျသော အခန်းကဏ္ဍတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် လယ်ယာလုပ်ငန်းလုပ်ကိုင်ကြပြီး နိုင်ငံ့အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ သုံးပုံတစ်ပုံသည်လည်း လယ်ယာလုပ်ငန်းပေါ်တွင် မှီခိုနေပါသည်။ လယ်ယာလုပ်ကိုင်ကြသူအများစုသည် ဘဏ်လုပ်ငန်းနှင့် မရင်းနှီးသည့် ဝင်ငွေနည်းပါးသူများ ဖြစ်ကြပြီး လုပ်ငန်းချဲ့ထွင်ရန်သော်လည်းကောင်း၊ စိုက်ပျိုးသီးနှံအမျိုးအစားထပ်တိုးလိုလျှင်သော်လည်းကောင်း ငွေလိုအပ်ပါက ငွေချေးလုပ်ငန်းငယ်များ နှင့် ဒေသခံငွေချေးသူများထံမှသာ အတိုးနှုန်းကြီးစွာဖြင့် ငွေချေးကြရကာ ပြန်ဆပ်နိုင်ရန်လည်း ရုန်းကန်ကြရပါသည်။
၎င်းပြဿနာအား ဖြေရှင်းရန်အတွက် အမျိုးသမီးများ၏ စီးပွားရေးလုပ်ငန်းငယ်များအား မြှင့်တင်ပေးခြင်း၊ သင့်တင့်သော အတိုးနှုန်းဖြင့် ဘဏ်ချေးငွေ ပထမဆုံးအကြိမ် ရရှိစေရန် ကူညီပေးခြင်းတို့ဖြင့် ကျေးလက်ဒေသတွင်လည်း မြို့ပြနှင့် တပြေးညီ ဖွံ့ဖြိုးတိုးတက်လာစေရန် ကမ္ဘောဇဘဏ်နှင့် ActionAid တို့ ပူးပေါင်းခဲ့ကြပါသည်။
ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါ်နန်းလိုင်းခမ်း မှ “မြန်မာနိုင်ငံရဲ့ အကြီးဆုံး ဘဏ်တစ်ခု အနေနဲ့ ကျွန်မတို့ရဲ့ လုပ်ဆောင်ချက်တိုင်းကို ကမ္ဘောဇရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဘဏ်လုပ်ငန်းကတဆင့် လူနေမှုဘဝတွေကို ပိုပြီးတိုးတက်လာစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမြဲလုပ်ဆောင်ပါတယ်။ ဝင်ငွေနည်းပါးတဲ့ လယ်ယာလုပ်ကိုင်သူအမျိုးသမီးတွေကို မြေပိုင်ဆိုင်မှုပြရုံနဲ့ ချေးငွေပေးဖို့ ရှေ့ပြေးအစီအစဉ်ဟာ အရင်က သူတို့လက်လှမ်းမမီခဲ့တဲ့ ငွေကြေး ကို လက်လှမ်းမီလာစေဖို့ ရည်ရွယ်ပါတယ်။ ကမ္ဘောဇဘဏ်ဟာ လူမှုပတ်ဝန်းကျင်အတွက် အကျိုးသက်ရောက်မှုရှိတဲ့ လုပ်ငန်းများအတွက် ရည်ရွယ်ချက်နဲ့အတူ စတင် ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ခဲ့ပါတယ်။ အစိုးရနဲ့ရော အခြားသော NGO တွေနဲ့ရော ပူးပေါင်းပြီး ဝင်ငွေနည်းပါးသူတွေရဲ့ လူနေမှုအဆင့်ကို မြှင့်တင်ပေးရင်း နိုင်ငံတိုးတက်အောင်လည်း တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်အောင် ကြိုးစားနေပါတယ်။ ” ဟု ပြောကြားခဲ့သည်။
“သင့်တင့်တဲ့ ငွေကြေးစနစ်တစ်ခုကို စတင်အသုံးပြုခွင့်ရတာဟာ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးကြတဲ့နယ်ပယ်မှာ ဆင်းရဲမှုလျှော့ချဖို့အတွက် အဓိကကျတဲ့နေရာက ပါဝင်နေပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက ခံယူချက်က ဆင်းရဲနွမ်းပါးမှု လျှော့ချရေး နဲ့ အမျိုးသမီးတွေရဲ့ စွမ်းရည်မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။ ဒီရှေ့ပြေးလုပ်ဆောင်ချက်ဟာ အမျိုးသမီးလယ်ယာလုပ်ငန်းရှင်တွေအတွက် သူတို့အရင်က မရခဲ့တဲ့ အခွင့်အရေးတွေ ရရှိလာစေဖို့ လမ်းဖွင့်ပေးပါလိမ့်မယ်” ဟု ActionAid ၏ Country Director ဖြစ်သူ Mr. Shihab Uddin Ahamad မှ ပြောသည်။
ယခု လုပ်ဆောင်ချက်သည် ကမ္ဘောဇဘဏ်၏ Corporate Share Value တစ်ခုဖြစ်သည့် လူမှုဝန်းကျင်အား သက်ရောက်မှုရှိသော ရင်းနှီးမြှုပ်နှံမှု (Impact Investment) အစီအစဉ်၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်ပါသည်။ ကမ္ဘောဇဘဏ်အနေဖြင့် ချေးငွေမှ ရရှိသည့် အမြတ်ငွေအချို့ကို လယ်ယာလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးများကွန်ယက်သို့ ပြန်လည်ရင်းနှီးမြုပ်နှံသွားမည်ဖြစ်ပါသည်။