ထိုင်းနိုင်ငံသို့ထွက်ခွာခြင်း (သို့) ကျွန်တော့်ဘဝရဲ့ နိဒါန်း!!!!!
(ဖြစ်ရပ်မှန်)
ကျွန်တော်တို့ရဲ့ဘဝကအရမ်းကို ကြမ်းတမ်းပြီးတော့ ဆင်းရဲလွန်းပါတယ် အိုးပိုင်အိမ်ပိုင်
ရှိဖို့နေနေသာသာ အိမ်လေးတစ်လုံး သေးသေးလေးတောင် ကောင်းကောင်းငှါးမနေနိုင်ခဲ့ပါဘူး
ညီကိုမောင်နှမတွေ အရမ်းများလွန်းလှတဲ့ ကျွန်တော်တို့မိသားစုမှာ အဖေနဲ့အမေလည်း အသက်ကြီးပြီဆိုတော့ သားယောင်္ကျားလေးဖြစ်တဲ့ကျွန်တော်ဟာ
သားကြီးတစ်ယောက်အနေနဲ့ ညီငယ်/ညီမငယ်တို့ရဲ့ စားဝတ်နေရေးနဲ့ပညာရေးကို ငဲ့ညှာပြီးတော့
ကျွန်တော့်ပညာရေး တစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ပြီးအလုပ်လုပ်ရန် အဖေနဲ့အမေ့ကို ခွင့်တောင်းလေသည်
အဖေနဲ့အမေမှာ ကျောင်းမထွက်စေချင်ပေမယ့် ကျနော့်ရဲ့ပြင်းပြနေတဲ့
စိတ်ဆန္ဒကိုမတားဆီးနိုင်ခဲ့ကြပါဘူး
ထိုင်းနိုင်ငံမှာအလုပ်သွားလုပ်ကြတဲ့ ကျနော်တို့အိမ်နီးနားကလူတွေ အဆင်ပြေနေတာတွေ့တော့ ကျနော်လည်းထိုင်းနိုင်ငံမှာသွားပြီး အလုပ်သွားလုပ်ရန် ဆုံးဖြတ်လိုက်တော့သည်
ဟိုးးး လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်တုန်းကဆိုရင် ဒီနေ့ဒီအချိန်ခါလိုမျိုး
ထိုင်းနိုင်ငံ ဘန်ကောက်မှာ တရားဝင်အလုပ်
သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန်အတွက် အလွယ်တစ်ကူအခွင့်လမ်းတွေမရှိခဲ့ပါဘူး အပေါ်လမ်း အောက်လမ်းဆိုတာရှိပါတယ် အပေါ်လမ်းဆိုတာ တရားဝင်သွားတာပါ
အောက်လမ်းဆိုတာ တရားမဝင် ခိုးလမ်းကနေသွားကြတာပါ
အမေ့မှာတော့ မရှိမဲ့စု စုထားတဲ့ ပိုက်ဆံတွေပေးပြီးတော့ ပြဲနေတဲ့လွယ်အိပ်အစုပ်ကလေးထဲကို
ကျွန်တော့်ရဲ့အဝတ်စား သုံးလေးစုံနဲ့ လမ်းမှာအလွယ်တစ်ကူ စားဖို့အတွက် မားမားခေါက်ဆွဲခြောက် လေးငါးထုပ်ကို အမေ့ရဲ့မျက်ရည်တွေနဲ့အတူထည့်ပေးရှာလေတော့သည်
ထမင်းနပ်မှန်အောင် စားရဖို့ခက်ခဲလွန်းလှတဲ့ ကျွန်တော်တို့ရဲ့ မိသားစုဘဝရှေ့ရေးအတွက်
မသွားချင်ပဲနဲ့
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အလုပ်သွားလုပ်ရန် အဖေနဲ့အမေ့ကို လက်ဆယ်ဖြာထိပ်မှာမိုး၍ ရှိခိုးကန့်တော့ပြီး ထွက်ခွာလာခဲ့လေတော့သည်......
အချိန်ကား ၂၀၀၁ခုနစ် ၁၂လပိုင်း အရမ်းကိုအေးလွန်းလှတဲ့ ဆောင်းရာသီဖြစ်ပါတယ်
"ကဲ ကဲ အဆင်သင့်ဖြစ်ရင် သွားကြမယ်ဟေ့ ကားထွက်တော့မယ်"
ထိုင်းနိုင်ငံ ဘန်ကောက်သို့ ပို့ဆောင်ပေးတဲ့ လူပွဲစား ကယ်ဒီ ခေါ်ဆောင်ရာနောက်သို့ ကျွန်တော်လိုက်သွားလေတော့သည်
စတင်ရောက်ရှိလာသော နေရာကား ကရင်ပြည်နယ်ုမြန်မာနိုင်ငံရဲ့ နယ်စပ်ဖြစ်တဲ့ မြဝတီမြို့လေးဖြစ်ပါတယ်
ကယ်ဒီ "အာလုံးတန်းစီကြပါ လူရေမယ် နံမည်ခေါ်ရင် ထွက်လာပေးပါ"
"အခုထိုင်းကိုသွားမယ့်မင်းတို့တွေက လမ်းစရိတ်ကို ငွေလက်ငင်းမပေးနိုင်တဲ့လူတွေနော် ဟိုရောက်တဲ့အခါ ၆လအလုပ်လုပ်ပြီး ဒီငွေတွေကို ဆက်ရမယ် အလုပ်ပိုင်ရှင် သူဋ္ဌေးဆီကနေ လမ်းစရိတ်တွေကို ငါတို့ငွေကြိုယူထားပြီးပြီ"
ကျွန်တော်တို့လို
ငွေကြေးမတတ်နိုင်တဲ့ အောက်ခြေလူတန်းစားတွေ
အတွက်မှာတော့ အကြွေးစနစ်ဖြင့် ကယ်ဒီလူပွဲစားများနှင့် ချိတ်ဆက်ပြီးတော့
ထိုင်းနိုင်ငံသို့သွားကြရပါတယ် ရှင်းရှင်းလေးပြောရရင် ဘန်ကောက်သွားဖို့ လမ်းစရိတ်မရှိတဲ့အတွက် ၆လကျွန်ခံပြီး လုပ်ဆပ်ရမှာပါ
ကျနော်တို့ ထိုင်းကိုသွားမယ့်
လူများမှာ အားလုံးပေါင်း လူငါးဆယ်ကျော်လောက်ရှိသည်
အသက်၅၀ကျော်အရွယ်
အသက်ကြီးသူတွေလည်းပါကြသည် အသက်၉နှစ်ကျော်၁၀နှစ်ရွယ်
ကလေးငယ်တွေနဲ့ မိသားစုတွေလည်းပါကြသည် မိန်းမပျိုအရွယ်လေးတွေလည်းပါသလို အိမ်ထောင်ကွဲ တစ်ခုလပ်တွေလည်းပါကြသည် လူစုံတက်စုံပါဘဲ မသိရင်ပျော်ပွဲစားထွက်လာတာလား ထင်မိပါသည်...
ဒီလိုနဲ့ ထိုင်းနဲ့မြန်မာ နယ်စပ်စည်းမျဉ်းဖြစ်သော သောင်ရင်းမြစ်တစ်ဖက်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ကူးရန် စက်လှေပေါ်သို့ တက်ကြလေတော့သည်
မြန်မာနိုင်ငံကနေ စတင်ထွက်ခွာရတော့မှာမို့ ကျနော့်ရင်ထဲမှာတော့ ဘယ်ကိုလွမ်းလို့ ဘယ်ကိုဆွေးနေမိမှန်းမသိပါ သေချာတာတစ်ခုကတော့ အမေနဲ့ရွာကို လွမ်းနေမိတယ်
စက်လှေကူးပြီးတာနဲ့ တစ်ဘက်ကမ်းနဖူးအပေါ်တွင် ကားနှစ်စီးစောင့်နေလေသည် ကျနော်တို့တွေ ထိုကားပေါ်သို့ တက်ကြသည် တက်ပြီးတာနဲ့ ခဏလောက်အကြာတွင် ကားမှာစတင်ထွက်ခွာသွားလေတော့သည်....
ကားစီးနေရင်းနဲ့ ကျနော်စိတ်ထဲမှာတော့ အတွေးပေါင်းမြောက်များစွာဖြင့်သာ တစ်နာရီကျော်လောက်ကားစီးပြီးအကြာမှာ ကားရပ်သွားပါတော့သည် ကားပေါ်ကဆင်းလိုက်သည်နှင့် မျက်စိရှေ့မှာ တွေ့မြင်လိုက်ရတာကတော့ လူသူကင်းမဲ့နေတဲ့ လယ်ကွင်းပြင်တွေနဲ့ ကျောပိုးအိပ်တစ်လုံးကို လွယ်ထားပြီး ခမောက်ဆောင်းထားကာ မီးပြင်းပြင်းနဲ့ဆေးပြင်းလိပ်ကိုခဲထားသော အသက်လေးဆယ်ကျော်အရွယ် ပိန်ပိန်ပါးပါးနဲ့ လူတစ်ယောက်ပါ ထိုလူမှာ လူပွဲစားကယ်ဒီတို့ရဲ့ အားထားရသော တောင်ပေါ်ကရင်လူမျိုး လမ်းပြကယ်ဒီသာဖြစ်ပါသည်....
"မင်းတို့အားလုံး သေချာနားထောင်ကြပါ အခုမင်းတို့ကို သူကလမ်းပြခေါ်ဆောင်သွားလိမ့်မယ် သူ့စကားကို အခုချိန်ကစပြီး ဘန်ကောက်မရောက်ခင်အချိန်ထိ မင်းတို့နားထောင်ရမယ် အခုဒီနေရာကနေစပြီး လမ်းလျှောက်ခရီးထွက်ရမယ် ထ္မင်းစားဖို့အတွက်ကို လမ်းခရီး တစ်ချို့တစ်ဝက်နေရာတွေမှာ ငါတို့လူတွေရှိတယ် မင်းတို့ကိုထ္မင်းကျွေးဖို့အတွက် စောင့်နေကြလိမ့်မယ် ဒါပေမယ့် တစ်ခုမှာချင်တာက ဘန်ကောက်ကိုရောက်ဖို့အတွက် ဘယ်နှရက်အထိ လမ်းလျှောက်ရမယ်ဆိုတာ အတိအကျမပြောနိုင်ဘူး လမ်းခရီးမှာ အဖမ်းအဆီး မရှိရင်တော့မြန်မြန်ရောက်မယ် အားလုံးချောချောမွေ့မွေ့နဲ့ အမြန်ရောက်ကြပါစေ" လူပွဲစားကယ်ဒီမှာ ဤကဲ့သို့ ပြောကြားပြီး လမ်းပြကယ်ဒီနဲ့ ကျနော်တို့ကို ထားရစ်ခဲ့ပြီး ထွက်ခွာသွားလေတော့သည်....
ညနေမှောင်ရီစပြုလာပြီ
လမ်းပြ "ကဲ သွားကြမယ်ဝေ့ အားလုံး သတိဝရိယရှိကြပါ လမ်းသွားတဲ့အခါ စကားအကျယ်ကြီးမပြောရဘူး ပြောတာကို ကြားကြလားဝေ့"
ဘန်ကောက်သို့ရောက်ရန် ကျနော်တို့တွေ ခြေလျှင်ခရီးဖြင့်စတင်
ထွက်ခွာလာခဲ့ကြပါပြီ
လယ်ကွင်းပြင်တွေကိုကျော် စပါးခင်းတွေကိုဖြတ် တစ်ယောက်နဲ့တစ်ယောက် စကားမပြောဘဲ အတွေးကိုယ်စီဖြင့် လမ်းလျှောက်ရင်း ချီတက်လာကြသည်
အချိန်ကား ည၁၁နာရီလောက်ရှိပါပြီ ညနေကတည်းက လမ်းလျှောက်လာရလို့ ခြေထောက်တွေမှာလည်း မျှော့တွေကျွတ်တွေတွယ်ကပ်နေပြီး
မသယ်ချင်လောက်အောင်ကို ညောင်းကိုက်လာသည် ကလေးတွေနဲ့ အသက်ရွယ်ကြီးသူတွေ ဘယ်လိုနေရှာမလည်း တွေးရင်းစိတ်မကောင်းဖြစ်မိသည်
"နောက် တစ်နာရီလောက် လမ်းထပ်လျှောက်ရင် အရှေ့မှာ ထမင်းစားနားမယ့်နေရာ ရောက်တော့မယ်ဝေ့"
လမ်းပြကယ်ဒီ၏ ပြောစကားသံဖြစ်သည်
တစ်ဖြည်းဖြည်းလမ်းလျှောက်လာကြရင်း ပြောင်းဖူးစိုက်ခင်းနားကိုရောက်လာကြပါသည် ဟော့ တွေ့ပါပြီ ဟိုးး အရှေ့နားတွင် မီးရောင်မှိန်ပြပြနဲ့ တဲအိမ်လေးတစ်လုံးပါ
"ရောက်ပြီဝေ့
ဒီမှာခဏထမင်းစားနားကြမယ် ထမင်းထုတ်သယ်ဖို့ လူနှစ်ယောက် ငါနဲ့လိုက်ခဲ့ကြ"
လမ်းပြကယ်ဒီခေါ်ဆောင်ရာသို့ ကျနော်အပါဝင် လူနှစ်ယောက် ထမင်းထုတ်သွားသယ်ကြသည်
ထမင်းဟင်းတွေသယ်ပြီးပြန်အလာ ထမင်းထုတ်တွေကို ကျနော်ကိုယ်တိုင်လိုက်ဝေပေးနေစဉ် အဖွဲ့ထဲမှ
ကောင်မလေးတစ်ယောက်မှာ
"ဟင် ဟင်းတွေကလည်း ဘယ်လိုတွေမှန်းလည်းမသိဘူး ခရမ်းလုံးသီးနဲ့မျှစ်တွေကို ရေလုံပြုတ်ထားတယ်တော့"
ထိုအခါ လမ်းပြကယ်ဒီမှပြောသော စကားမှာ
"ဟိတ် စားနိုင်ရင်စား စောက်ချေးမများနဲ့ မစားနိုင်ရင်ပေး တောထဲရောက်ရင် ဒီထက်ဆိုးမှာဝေ့"
ကောင်မလေး တိတ်သွားသည် ဘာမှဆက်မပြောရဲတော့ပေ ဆက်ပြောရင် ငတ်မှာသေချာနေပြီ
လမ်းပြ "ထမင်းစားပြီးကြရင် ခဏတစ်ဖြုတ်အနားယူကြဝေ့ သန်းခေါင်ကျော် ည၁နာရီထိုးရင် ခရီးပြန်ထွက်မယ် မနက်အာရုဏ်မိုးလင်းမှ
ပြန်နားရမယ် ဒီနေရာက အဖမ်းစီးစိတ်မချရလို့ ညပိုင်းပဲ ခရီးသွားမယ်ဝေ့"
လမ်းပြကယ်ဒီရဲ့ ထိုသို့ပြောစကားကြောင့် အားလုံးမျက်လုံးမျက်ဆံတွေပြူးကုန်ကြသည်
ခရီးသွား "ဘာရှင့်! အဲ့ဒီအချိန် သွားရအောင် ရှင်ရူးနေလား မနက်မှသွားလို့မရဘူးလားရှင့်"
လမ်းပြ "ဟေး မသွားချင်တဲ့လူရှိရင် အခုကတည်း နောက်ကြောင်းပြန်လှည့်ကြ ငါနဲ့မလိုက်နဲ့ လိုက်မယ်ဆိုရင် ငါ့စကားနားထောင် မထောင်ရင် ဒီမှာတွေ့လား"
လမ်းပြကယ်ဒီသည် သူ့ခါးကြားထဲမှ ပစ္စတိုသေနတ်ကို ဆွဲထုတ်ပြလေသည်
သွားပါပြီ အခုမှတစ်ကယ့်ကို ဘိုအောင်ဒင်နဲ့မှ လာတွေ့နေပါပြီ
ဘယ်သူမှ ဘာတစ်ခွန်းမှ ပြန်မပြောရဲကြတော့ပါ
ဒီလိုနဲ့ထမင်းစားသောက် ခဏတစ်ဖြုတ်အနားယူပြီး ခရီးပြန်လည်ထွက်ခွာလာကြသည်
"အားး အမလေးတော့"အဖွဲ့ထဲမှ အသက်ကြီးတဲ့ အဒေါ်ကြီးတစ်ယောက် အော်သံဖြစ်ပါတယ်
လမ်းပြ "ဘာဖြစ်တာလည်း လမ်းသွားရင် အသံမထွက်ရဘူးလို့ ငါဘယ်နှခါပြောရမလဲ"
အဒေါ်ကြီး "မဟုတ်ပါဘူးတော် ဒီလောက် မှောင်မဲနေတာ ဘာမှမမြင်ရတော့ ခလုပ်တိုက် ချော်လဲတာပါ အား နာလိုက်တာရှင် ကျွတ် ကျွတ် ကျွတ်"
လမ်းပြ "မမြင်ရလည်း တစ်ယောက်လက် တစ်ယောက်ဆွဲပြီးတော့ လျှောက်ကြပါ"
အဒေါ်ကြီး "ရှင်ကလည်း အခုလို ညကြီးအချိန်မတော် မှောင်မှောင်မဲမဲထဲ လမ်းလျှောက်ရမယ်ဆိုလည်း ကြိုပြောပါလားတော့ လက်နိုပ်ဓာတ်မီးလေး ဘာလေးဝယ်ထားတာပေါ့တော်"
လမ်းပြ "ဒီမှာ ဘွားကြီး သောက်စကားမများနဲ့ သွားစရာရှိတာသွား ဆက်ပြောရင် လက်ရောသွားမယ်"
အဒေါ်ကြီး "#$^%-.?%!%$:..."
ပွစိပွစိနဲ့ ဘာပြောနေမှန်းမသိတော့ပါ
အချိန်တော်တော်အကြာထိ လမ်းလျှောက်လာခဲ့ကြတာ လယ်ကွင်းပြင်တွေ စပါးခင်းတွေ ပြောင်းခင်းတွေ တောင်ယာတွေ ကျော်ဖြတ်လာအပြီးမှာတော့ တစ်ဖြည်းဖြည်းနဲ့ နေလည်းထွက်လာတော့မယ် ကျနော်တို့တွေ တောစပ်နားအထိ ရောက်လာကြသည်
လမ်းပြ "အရှေ့က တောထဲရောက်ရင် နားကြမယ်ဟေ့"
မနားလို့လည်းမရတော့ပါ လူတွေအားလုံးလည်း ခြေကုန်လက်ပန်းကျကုန်ကြပြီ မိန်းမသားတွေနဲ့ ကလေးငယ်တွေ ပိုလို့ဆိုးပါတယ် သနားဖို့အရမ်းကောင်းပါတယ် ဒါပေမယ့်လည်း မကြာခင်မှာ ဘန်ကောက်ကို ရောက်တော့မယ်ဆိုတဲ့အသိနဲ့ သူတို့တွေရဲ့စိတ်ထဲမှာတော့ အမြဲတက်ကြွနေကြပါတယ်
"ကဲ အားလုံးပဲနားထောင်ကြ ဒီနားတစ်ဝိုက်မှာ (တောရှောလော)သစ်တောအဖွဲ့တွေရှိတယ်
ငါတို့တွေ ဒီမှာညနေ နေဝင်တဲ့အထိ နားကြမယ် အတတ်နိုင်ဆုံး စကားတွေမပြောကြပါနဲ့ အကယ်၍ ဖမ်းခံထိလို့ မြန်မာပြည်ပြန်ရောက်ခဲ့ရင် ဘန်ကောက်ကိုရောက်ဖို့အတွက်
နောက်ထပ်တစ်ခါ ဒီလိုပဲပြန်လာရမှာဝေ့"
အားလုံးမှာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ဘာမှပြန်မပြောနိုင်ရှာဘဲ လမ်းပြကယ်ဒီပြောသော စကားများကို နားထောင်နေကြသည်
"ဒီတောထဲမှာ ခရီးပိုကြမ်းမယ် မင်းတို့မှာ ပိုက်ဆံတွေပါလာကြရင် ကိုယ်စားမယ့်ရိက္ခာတွေကို တစ်ခါတည်း ဝယ်ပြီးသယ်ရမယ် (ဥပမာ ဆန်ဆီဆား ငါးခြောက်ငါးခြမ်း)ပြီးတော့ လက်နိုပ်ဓာတ်မီးမရှိတဲ့လူတွေ ဓာတ်မီးဝယ်ရမယ် ဒါပေမယ့်ဓာတ်မီးအကြီး မရဘူး သေးသေးဘဲရမယ် အဲ့သေးသေးလေးတောင် မီးခေါင်းအဝမှာ ပိတ်စအဝတ် ပါးပါးလေးအုပ်ထားရမယ် ညပိုင်းလမ်းလျှောက်တဲ့အခါ မြင်ရရုံလေး ဓာတ်မီးကိုအသုံးပြုရမယ်"
ခရီးသွား "ဝယ်ဒါတော့ ဟုတ်ပါပြီ ငါတို့မှာပါတဲ့ငွေက မြန်မာပိုက်ဆံပဲရှိတာ သုံးလို့ရပါ့မလား ဒီတောထဲမှာကော ဝယ်လို့ရတဲ့ ဆိုင်ရှိလို့လား"
လမ်းပြ "ဒီအနီးနားမှာ တောင်ပေါ်ကရင်(ထိုင်းလူမျိုး)ရွာလေးတစ်ရွာရှိတယ် အဲ့ဒီမှာ ငါသွားဝယ်ပေးမယ် မင်းတို့တွေဒီမှာနေခဲ့ကြ ပိုက်ဆံကတော့ ဒီနေရာအထိပဲ သုံးလို့ရတော့မယ် ရှေ့ဆိုသုံးလို့မရတော့ဘူးဝေ့"
လူအားလုံးမှာ ပိုက်ဆံများထုတ်ကြပြီးတော့ လမ်းပြကယ်ဒီကို မှာယူစရာရှိတာ မှာယူကြလေသည် ကျနော့်မှာတော့ ဘာမှမမှာနိုင်ပါဘူး ရွာမှာတုန်းက အမေထည့်ပေးလိုက်တဲ့ ပိုက်ဆံအနည်းငယ်မှာ မြန်မာပြည်မှာတုန်းက လမ်းမှာ သုံးရင်းနဲ့ကုန်သွားခဲ့ပါပြီ ဒါပေမယ့် အမေထည့်ပေးလိုက်တဲ့ မားမား ခေါက်ဆွဲခြောက်ထုတ် ငါးထုတ်တော့ရှိနေသေးသည်
"ဝေ့ ဟိုတစ်ယောက် မင်းကောဘာမှမဝယ်ဘူးလား"
လမ်းပြကယ်ဒီသည် ကျနော့်ကိုလှမ်း၍ပြောခြင်းဖြစ်သည်
ကျနော် "မဝယ်တော့ဘူး မောင်ကျော်(ကရင်လို အစ်ကိုကြီးလို့ခေါ်သည်) ကျနော့်မှာ စားဖို့ရိက္ခာပါလာတယ်"
လမ်းပြ "အေး အေး ဒါဆိုလည်း ပြီးရော ဒါနဲ့ ဓာတ်မီးကော မဝယ်ဘူးလား"
ကျနော် "မဝယ်တော့ဘူး မောင်ကျော် ကျနော့်အတွက်မလိုဘူး မြန်မာပြည်မှာ ခဏခဏမီးပျက်လို့ အမှောင်ထဲမှာ နေသားကြနေပြီဗျ"
လမ်းပြ "သောက်စမ်းကြီးပါလား အေး အေး ဘာမှမမှာရင်လည်း ပြီးရောဝေ့"
ပိုက်ဆံမရှိလို့ ကျနော့်မှာဘာမှမဝယ်နိုင်ခဲ့ပါ ထိုအခါ အဖွဲ့ထဲက ကျနော့်အနီးနားရှိ ကောင်မလေးက
"အစ်ကိုလေး ဘာဖြစ်လို့ ဘာမှမဝယ်တာလည်း ပိုက်ဆံမရှိရင် ညီမပေးမယ်လေ"
ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ သူတစ်ပါးကို ကူညီချင်တဲ့စိတ်ဓာတ်က တစ်ကယ်ကို ချီးကျူးစရာပါ
ကျနော် "ရပါတယ် ညီမရေ ကျေးဇူးတင်ပါတယ်ကွာ အစ်ကို့အတွက် ဘာမှမလိုတော့ပါဘူး"
တစ်ကယ်တန်းကြတော့ ကောင်မလေးကူညီပေးတာကို လိုချင်ပေမယ့် ကျနော့်ရဲ့ အားနာတဲ့ စိတ်ကြောင့် ငြင်းဆန်လိုက်မိသည်
လမ်းပြကယ်ဒီ ထွက်သွားပြီး နေ့လည်၁၂နာရီလောက်အကြာမှာ ပြန်ရောက်လာလေသည် သူနဲ့အတူ လူတစ်ယောက် အထုတ်အပိုးတွေ ထမ်းသယ်ပြီးတော့ ပါလာသည်
"ကဲ ကဲ ကိုယ့်ပစ္စည်းတွေကိုယ်လာယူကြ
ငါတို့တွေ ညနေ၅နာရီထိုးတာနဲ့ ခရီးထွက်ကြမယ်ဝေ့"
အရမ်းကိုအေးလွန်းလှတဲ့ ဆောင်းရာသီမှာ ချမ်းရကောင်းမှန်းမသိ အေးရကောင်းမှန်းမသိ လမ်းအတွင်တွင်လျှောက်လာခဲ့ကြရာ ည၁၂နာရီလောက်တော့ရှိမည် တစ်ဖြည်းဖြည်းနဲ့ တောကလည်း နက်သထက်နက်လာသည် ဆက်လျှောက်လာကြရင်းနဲ့
တောင်တွေကြားထဲက လျှိုမြောင်းထဲသို့ရောက်လာကြသည် လျှိမြောင်းကြားထဲကနေ ကျနော်တို့ လမ်းလျှောက်ကြရသည်
ခရီးကလည်း အလွန်ကိုကြမ်းပါသည် ဂမူဂထစ် ကျောက်ခဲလုံးတွေကို မမြင်မစမ်းနဲ့ လက်နိုပ်ဓာတ်မီးမပါတဲ့ ကျနော့်မှာ တောင်ဝှေးတစ်ချောင်းကို အားကိုးလျက် သူများမီးလင်းအရောင်နဲ့ လမ်းလျှောက်ရပါသည်
လူသေကောင်တွေလို တစ်ယောက်နဲ့တစ်ယောက်စကားမပြောကြဘဲ ကိုယ့်လမ်းကိုယ်သာ ဂရုတစ်စိုက်ထားပြီးတော့ လျှောက်နေကြရသည်
"အ အမလေး သေပါပြီတော်"
လမ်းပြ "ဘာဖြစ်ပြန်ပြီလည်း လမ်းကိုသေချာဂရုစိုက်လျှောက်ကြပါ"
ခရီးသွား "ခလုပ်တိုက်လဲတာ မမြင်လိုက်လို့ပါ"
လမ်းပြ "မြန်မြန်လျှောက် ကျန်ခဲ့ရင် ထားခဲ့မှာနော်"
ညကြီးအချိန်မတော် တောထဲ ခရီးသွားလာနေရတော့ ဘယ်ကိုရောက်လို့်ဘယ်ပေါက်နေပြီလည်းမသိတော့ပါ
"အရှေ့မှာ တစ်အောက်နားကြမယ်ဝေ့"
ဒီလိုနဲ့ လမ်းလျှောက်လာခဲ့ကြရာ မနက်အာရုဏ်တက်တော့မည် အေးကလည်းအေး ချမ်းကလည်းချမ်း လူတွေလည်း ဘယ်သူမှရှေ့ဆက်မလျှောက်နိုင်ကြတော့ပါ အရမ်းကိုပင်ပန်းနေကြပါပြီ
လမ်းပြ "ခရီးကတော့ အတော်လေးပေါက်လာပြီ ဒါပေမယ့် လေးပုံတစ်ပုံစာလောက်ပဲ ရှိသေးတယ် ရှေ့မှာဆက်လျှောက်ရမယ့် လမ်းတွေကပိုကြမ်းတယ် တောင်တွေကိုကျော်ရမယ် ရေတံခွန်တွေလည်းဖြတ်ရမယ် ဒီတောထဲမှာ တောပုန်းဓားမြတွေလည်းရှိတယ် ရှောင်ကွင်းပြီး သွားရမယ် သစ်တောအဖွဲ့ကိုလည်း ရှောင်သွားရမယ် ပြီးတော့ ဒီတောတောင်တွေထဲမှာ ဝက်ဝံတွေ ကျားသစ် စသည့်သားရဲတိရစ္ဆာန်တွေလည်း ရှိတဲ့အတွက်ကြောင့် ဘာပဲဖြစ်ဖြစ် လမ်းခရီးက ပိုပြီးကြမ်းမှာ ဖြစ်တဲ့အတွက်
ကလေးတွေနဲ့ မိန်းမသားတွေ အသက်ကြီးသူတွေလည်းပါနေတော့ ညပိုင်းမှာ ခရီးသွားဖို့အဆင်မပြေတော့ဘူး မနက်ပိုင်းလင်းတဲ့အချိန် ခရီးဆက်မှာဖြစ်တယ်"
တောထဲမှာတော့ ဖြစ်သလိုနေ ဖြစ်သလိုအိပ်ကြရသည် စားဖို့သောက်ဖို့အတွက်လည်း ဖြစ်သလိုပါဘဲ ထမင်းချက်ဖို့အတွက် မီးမွှေးတဲ့အခါမှာလည်း မီးခိုးထွက်လို့မရပါဘူး ဘေးပတ်ကျင်ကနေ ကျနော်တို့ရှိနေတဲ့နေရာကို အသိခံလို့မဖြစ်ပါ ထမင်းချက်ရင်လည်း မြေကျင်းတူး ပြီးရင်ပြန်ဖို့ပြီးတော့ချက်ရပါတယ် ဥပမာ မီးသွေးဖုတ်သလိုပုံစံမျိုးနဲ့
ချက်ရပါတယ် ကျနော်စားဖို့အတွက်ကတော့ အထွေအထူးမလိုပါ မားမားရှိတဲ့အတွက် ဒီတိုင်းဖောက်စားပြီး ရေသောက်ဗိုက်မှောက်နေလိုက်သည်
လမ်းပြကယ်ဒီမှာတော့ NOKIA Keypad ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေလေသည် မျောက်လက်ထဲအုန်းသီးထည့်ပေးလိုက်သလိုမျိုး ဟိုနေရာသွားပြီး ဖုန်းလေးမြောက်လိုက် ဒီနေရာသွားပြီးဖုန်းလေးမြောက်လိုက်နဲ့ တစ်ကယ်တော့ Phone Signalမရှိလို့ ဖုန်းလိုင်းမိတဲ့နေရာကိုရှာနေခြင်းဖြစ်ပါတယ် နောက်ဆုံး ဖုန်းလိုင်းရှာမရတဲ့အဆုံးမှာတော့ သစ်ပင်မြင့်မြင့်အပေါ်သို့ တက်သွားရှာလေသည် တစ်အောင့်လောက်အကြာ သစ်ပင်ပေါ်ကနေ ပြန်ဆင်းလာသည်
"ကဲ အားလုံးဘဲနားထောင်ကြပါ အခုပဲ သတင်းရထားပါတယ် ရှေ့လမ်းခရီးမှာ အဖမ်းအစီးတွေရှိနေတယ် (တောရှောလော)သစ်တောအဖွဲ့နဲ့
(တောမော)လဝက
(တာဟန်) စစ်တပ်နဲ့ သုံးဖွဲ့ပေါင်းပြီးတော့ တောနင်းပြီး လိုက်လံဖမ်းဆီးနေတယ်လို့ သတင်းပို့လာတယ် ငါတို့အရှေ့ကနေသွားတဲ့ တစ်ခြားအဖွဲ့တွေလည်း ဖမ်းခံထိသွားပြီ ငါတို့တွေသတိဝရိရရှိဖို့လိုတယ် အတတ်နိုင်ဆုံး သူတို့ကို ရှောင်ကွင်းပြီးသွားမယ် အကယ်၍ သူတို့နဲ့ထိပ်တိုက်တွေ့ရင် မပြေးကြပါနဲ့ မပြေးနိုင်လို့ အနောက်ကနေ သေနတ်နဲ့ပစ်ဖမ်းရင် ဘန်ကောက်မရောက်ဘဲ သေနေလိမ့်မယ် ဖမ်းခံထိရင်လည်း သူတို့ငါတို့ကို ဘာမှလုပ်လို့်မရပါဘူး မြဝတီကိုပဲ ပြန်ပို့ပေးပါလိမ့်မယ် အချုပ်ထဲနေရလည်း တစ်ပတ်လောက်ပါဘဲ တစ်ခုအထူးမှာချင်တာကတော့ ငါပါအပါအဝင် ဖမ်းခံထိခဲ့မယ်ဆိုရင် လမ်းပြဘယ်သူလဲလို့မေးရင် မသိဘူးလို့ဘဲဖြေပါ ဒါမှမဟုတ်လည်း လမ်းပြထွက်ပြေးသွားပြီလို့ဘဲဖြေပေးကြပါ စိတ်မပူကြပါနဲ့ ငါတစ်ကယ်ထွက်မပြေးပါဘူး မင်းတို့တွေနဲ့အတူရှိနေမှာပါ အကယ်၍ လမ်းပြ ငါပါဆိုပြီးပြောတဲ့ လူကတော့ အသက်ချမ်းသာလိမ့်မယ် မထင်ပါနဲ့ " လမ်းပြကယ်ဒီမှာ ဤသို့ပြောကြားသောအခါ အားလုံးရဲ့စိတ်ထဲမှာတော့ စိုးရိမ်စိတ်တွေနဲ့အတူ အဖွဲ့ထဲမှ တစ်ချို့လူတွေဆိုရင်လည်း
"ဖမ်းခံထိရင်လည်း နောက်တစ်ခါ ဘယ်တော့မှထပ်မလာတော့ဘူး"
တစ်ချို့ကြတော့လည်း
"ဘုရား ဘုရား ကယ်တော်မူပါ
တောစောင့်နတ် တောင်စောင့်နတ်များ ကျွန်တော်မျိုးမတို့အား အဖမ်းအစီးမခံရအောင် ကူညီစောင့်ရှောက်ပေးတော်မူပါ"
တစ်ချို့တွေကြတော့လည်း
"ဒီလောက်ထိ လမ်းလျှောက်လာတာ ဘန်ကောက်ကဘယ်နေမှန်းမသိသေးဘူး ဘယ်နေရာကြည့်ကြည့် တောတောင်တွေချည်းဘဲ ဆက်လည်းမသွားချင်တော့ဘူး"
တစ်ယောက်တစ်မျိုး မရိုးအောင် ကျနော့်နားထဲမှာ ကြားနေရပေမယ့် ကျနော်စိတ်ထဲမှာ ဘာပဲဖြစ်ဖြစ် ဘန်ကောက်သို့ မရောက်ရောက်အောင်သွားဖို့ စိတ်ဆုံးဖြတ်ထားပါသည်
လမ်းပြ "ကဲ အားလုံးပဲ အဆင်သင့်ဖြစ်ရင် သွားကြမယ်ဝေ့"
"
"
"
အပိုင်း(၂)
ဆက်လျက်အားပေးကြပါရန်...
ဝါသနာအရ ကိုယ်တိုင်ရေး ကိုယ်တွေ့ဖြစ်ရပ်မှန်ပါ
စာရေးဆရာမဟုတ်သည့်အတွက်ကြောင့် အရေးသားညံ့ဖျင်းမှု့များ ရှိခဲ့ပါက ကျေးဇူးပြု၍ သည်းခံပြီးဖက်ပေးကြပါခင်ဗျာ
ဆက်လက်ကြိုးစား အားထုတ်ရေးသားသွားပါမည်
အခုလို steemitတွင် ဝင်ရောက်ရေးသားခွင့်ရသည့်အတွက် ကျေးဇူးတင်ထိုက်သူများနှင့်တစ်ကွ steemitအဖွဲ့သားများ အားလုံးကို ကျေးဇူးတင်ရှိပါသည်။
Photos: Google Images #Credit
Writer @KoLinn
MSC - 160