ကဲ ကျနော်နဲ့ လိုက် လွတ်စ်ရအောင်
ကြားဖူးသမျှ စကားတို့ကို စုစည်းတွေးခေါ်ရင်း ကျနော့်၏မနက်ညများ ခိုးချထားသည်ဖြစ်ကြောင်း သိလိုက်ရ၍ ဘ၀ကို စိတ်ပျက်မိပါ၏
မနက်ခင်းသည် စောစီးစွာ ၀င်ရောက်လာတတ်သော်လည်း
ဆောင်းမနက်ခင်း ၏ အနွေးဓာတ် အချိုးနည်းမှုက မျက်နှာကျက်နှင့် ကျနော့်အား နေမြင့်သည်အထိ လားရာတူစေခဲ့သည်ဖြစ်၏
အသိဉာဏ်ထဲ ၀င်ရောက်လာသော အတွေးတို့၏လားရာကို
ဆင်ခြင်ကြည့်မိသောအခါ လွန်ခဲ့သောမိနစ်များဆီက ကျနော့်ထံ
ပြန်ရောက်သွားသည်ဟု ထင်မိသော်လည်း .....မဟုတ်ပါ အတွေးဟူသည် အနောက်သို့သာ သွားတတ်သောအရာဖြစ်၍
အတွေးဥပဒေသ၌ ယခုကျနော်သည်ပင် အတွေးထဲက ကျနော့်ထက် စောလွန်းနေသေးချေသည်
စိတ်တို့ကို မရိုင်းဖို့ ချုပ်ထိန်းရင်း ချုပ်ထိန်းရသောစိတ်တို့က ပိုမိုရိုင်းလာခဲ့သည် ကျနော့်အသိဉာဏ်များ မြေသြစာမလောက်သေး
တခါတရံ ငိုရသည်
မှန်ကိုကြည့်မိသည့်အချိန် မှန်ထဲက အရိပ်က လိုက်၍မငိုချေ
သူသည် ရုပ်မျက်ရည်တို့ကိုသာ လိုက်လံတုပ ကျတတ်ပေသည်။
အမှန်ဟူ သည်ကို အမှားမဟုတ်သည့်အရာဟု လွဲမှားဖူးသည်
မမှားသော မမှန်ခြင်းများနှင့် မှန်သောအမှားများကို ထပ်မံတွေ့ရှိပြီးနောက် အမှန်နှင့်အမှားသည် ............
ကျနော်ကောက်ချက်မချတတ်တော့
ဖြစ်တည်မှု အပေါ် ဝေဝါးသံသယများဖြင့် ကျနော်ရင့်ကျက်ခဲ့ပါသည်
သေချာသည်က ဘာမှမသိခြင်းက
ဘာမှမသိခြင်းကို ဖြစ်စေလျက်
နည်းနည်းသိခြင်းက တွေးစရာနည်းနည်းထပ်ရသည်
အမှန်တရားနှင့် နီးစပ်/ဝေးကွာသည်...
ဒါတော့မသေချာ
လူ့ဘ၀သည် အငွေ့အသက်မျှသာ
အငွေ့အသက်တို့မပျောက်ခင်
အလွန်ပင်တိုတောင်းသော အခိုက်အတံ့ ၌
ဒုက္ခကို မဖြစ်မနေ၀ယ်ယူရ၏
စက္ကန့်မလပ်.......
ငြိမ်သက် .... ချိန်
ရောက်လာသောအခါ၌ ဒုက္ခတို့ကို ပြသပြီး
ကျနော့်၏ တံဆိပ်ကို ရပါလိမ့်မည်
ကျနော်ဘယ်သူလဲ
ဘာတွေလုပ်ခဲ့လဲဆိုသည်ကို
လူတွေမေ့ပစ်ချိန်မှသာ
ကျနော်နှင့် ဒုက္ခတို့ မတွဲစပ်တော့သည်ဖြစ်၍
ကျနော့်ကို သတိရချင်စရာတို့ကို မလုပ်ချင်တော့ပါ
ဈာပနနှင့် သေဆုံးခြင်း တထပ်ထဲကျအောင်
လူတွေထဲ ကိုယ့်ကိုကိုယ် လျိုသိပ်ရန် ကြိုးစားရပါလိမ့်မည်
အတွေးတို့သည် ....
ယခင်အတိုင်း
အမှန်တရားနှင့် ဝေးကွာမြဲ
မျက်ရည်တို့နှင့်အတူ ဒုက္ခကို ၀ယ်ယူမိပြန်ပြီ
ထင်ပါသည်။