အားကျ ဂုဏ်ယူပါတယ်အစ်မ၇ယ်
Google ရဲ့ အသိအမှတ်ပြုခြင်း ခံရတဲ့ မြန်မာပြည်က Hacker
အမျိုးသမီးနဲ့အမျိုးသား ယှဉ်ပြီးပြောကြစတမ်းဟေ့ဆိုရင် ယောက်ျားတွေလုပ်မှ အရာရာပြီးမြောက်မယ်လို့ ထင်နေကြတဲ့ လူ့ဘောင်အသိုင်းအ၀ိုင်းထဲမှာ ကျွန်မတို့နိုင်ငံလည်းပါဝင်ပါတယ်။ ဒါကြောင့် ခေတ်သစ် အိုင်တီ နည်းပညာ ကွန်ပျူတာ မိုဘိုင်းလ် လုံခြုံရေး စနစ်တွေကို ထိုးဖောက်ဝင်ရောက်စွမ်းတဲ့ "Hacekr ဟက်ကာ" ဆိုတဲ့ စကားလုံးမြင်လိုက်တယ်ဆိုရင်ပဲ ဒါဟာ ယောက်ျားလေးတွေနဲ့သာ သက်ဆိုင်တဲ့ ကိစ္စ လို့ ထင်မြင် ယူဆနေကြတဲ့သူတွေ ကျွန်မတို့ပတ်ဝန်းကျင်မှာ အများကြီးရှိနေကြပါတယ်။
ဒီလိုယူဆချက်တွေကိုကျော်လွန်ပြီး အမျိုးသမီးဟက်ကာတစ်ယောက်အဖြစ် အသက်မွေးရင်း သတင်းနှင့် ကွန်ပျူတာ မိုဘိုင်း နည်းပညာမှာ လုံခြုံရေး ပညာရပ်တွေမှာ ပါရဂူဘွဲ့ရအောင်ကြိုးစားနေသူကတော့ ကျွန်မတို့မြန်မာပြည်ဖွား အမျုးသမီးငယ် မဆုမွန်ကြွယ်ပဲ ဖြစ်ပါတယ်။
သူမနဲ့ တွေ့ဖူး ဆုံးဖူ အများစုကတော့ သူမကို သမားရိုးကျ မိန်းကလေးငယ် တဦးလို့ ထင်မှတ်မိကြမှာပါပဲ။ အမြဲတမ်းပြုံးချိုနေတတ်ပြီး၊ စကားပြောရာမှာလည်း သိမ်မွေ့ကာ မျက်လုံးဝိုင်းလေးတွေနဲ့ ချစ်စရာကောင်းတဲ့ အမျိုးသမီးငယ်တယောက်အဖြစ်သက်သက် မြင်ကြမှာပါ။ ဒါပေမယ့် သူမဟာ Singapore Management University မှာ Information System Ph.D ဘွဲ့ အတွက် ကျောင်းတက်နေသလို ပို အံအားသင့်စရာက ကွန်ပျူတာ ဟက်ကာသမားတယောက်အနေနဲ့လည်း အသက်မွေးဝမ်းကျောင်း လုပ်နေတယ်ဆိုတာပါပဲ။
ဖောက်ထွင်းသူ ဟက်ကာ ဆိုလို့ ကြောက်လန့်သွားစရာ မလိုပါဘူး။ မဆုမွန်လို ဟက်ကာတွေကတော့ လုံခြုံးရေးနည်းစနစ်ပိုင်း ပိုမို ကောင်းမွန်စေဖို့ ကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ စမ်းသပ်ဖောက်ထွင်းသူ ဦးထုပ်ဖြူဟက်ကာတွေပါ။
Apple ရဲ့ iOS ၊ Google ရဲ့ Android ဖုန်းစနစ်တွေရဲ့ လုံခြုံရေးဆိုင်ရာ အားနည်းချက်တွေ၊ ဖောက်ထွင်းတိုက်ခိုက်နိုင်မှုရှိတဲ့ လမ်းကြောင်းတွေကို ရှာဖွေပြီး ပိုမိုစိတ်ချလုံခြုံရတဲ့ စနစ်တခု ဖြစ်လာစေဖို့ရာ မဆုမွန်ရဲ့ အလုပ်တွေက စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ သူမနဲ့ သူမအဖွဲ့ရဲ့ ရှာဖွေတွေ့ရှိချက်တွေဟာ နာမည်ကြီးလာခဲ့ပြီး Google က ငွေသားဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
"ကျွန်မတို့အဖွဲ့ Android ပရောဂျက်ကို ၁ နှစ်ကြာလုပ်ခဲ့ပါတယ်၊ ဒီပရောဂျက်ကို စလုပ်တော့ မရေရာ၊ မသေချာမှုတွေအများကြီးနဲ့ပါ၊ ကျွန်မတို့ တခုခုကို ရှာတွေ့နိုင်မယ်၊ မရှာတွေ့နိုင်ဘူးဆိုတာ ဘာမှသေချာမပြောနိုင်ခဲ့ပါဘူး။ Android စနစ်ရဲ့ ချို့ယွင်းချက် အမှားတချို့ကို ရှာတွေ့ခဲ့ချိန်မှာတော့ ကျွန်မအတော်လေးကို စိတ်လှုပ်ရှားမိပါတယ်၊ ပြီးတော့ ကျွန်မတို့အဖွဲ့ရဲ့ ကြီးကြပ်သူကို အစီရင်ခံခဲ့ပါတယ်။ အဲဒီအချိန်တုန်းက တွေ့ရှိခဲ့တဲ့ လုံခြုံရေးဆိုင်ရာ ချို့ယွင်းချက်တွေကို အများသိအောင် ချမပြခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအားနည်းချက်ကို အခွင့်ကောင်းယူ အသုံးချမယ့် မသမာသူတွေလက်ထဲကို ရောက်သွားမှာစိုးလို့ပါ။ ဒါကြောင့် ကျွန်မတို့ဟာ Google က အားနည်းချက်တွေကို ပြန်ပြီး ပြုပြင်ပြီးတဲ့တဲ့ အထိစောင့်ပြီးမှ ကျွန်မတို့ ဖော်ထုတ်တွေ့ရှိချက်တွေကို တရားဝင်ကြေညာနိုင်ခဲ့တယ်" လို့ သူမနဲ့ သူမအဖွဲ့ရဲ့ လုပ်ဆောင်ချက်ကို မစုမွန်က ပြန်လည်ပြောပြခဲ့ပါတယ်။
ကျွန်မရဲ့ ဆရာ ပါမောက္ခ တယောက်က ကျွန်မကို ဟက်ကာသမားနဲ့မတူဘူး၊ ဒီအလုပ်တွေ တကယ် လုပ်နိုင်ခဲ့တာ အံ့သြရတယ်လို့ မှတ်ချက်ပြောဖူးကြောင်း ကို လည်း မဆုမွန်က ဒီလို သူမ အလုပ်တွေ အကြောင်း ပြောနေရင်း ဖြတ်ပြီး အများက မြင်တဲ့အမြင်ကို ရယ်မော ပြောပြပါသေးတယ်။
မစုမွန်ဟာ မြန်မာပြည်မှာ တက္ကသိုလ်ဝင်တန်းကို ၂၀၀၅ ခုနှစ်မှာ အောင်မြင်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ စင်ကာပူကို ပညာသင်ကြားဖို့ ထွက်လာခဲ့ပါတယ်။ Singapore Management University မှာ သတင်းအချက်အလက် ကွန်ပျူတာ နည်းပညာ Information Systems Management ဒီဂရီဘွဲ့ (၂၀၀၇-၂၀၁၁) ကို ရရှိခဲ့ပါတယ်။ သူမရဲ့ ဒုတိယ အဓိက ဘာသာရပ်က Advanced Business Technology (Business Intelligence and Analytics) ဖြစ်ပါတယ်။ ဘွဲ့လွန်ကိုလည်း SMU စင်ကာပူစီမံခန့်ခွဲမှုတက္ကသိုလ်မှာပဲ တက်ရောက်ခဲ့ပါတယ်။
SMU ကျောင်းက သူမလေ့လာချင်တဲ့ ပညာရပ်အတွက် အများကြီး အထောက်အကူပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ လက်ကိုင်ဖုန်းတွေရဲ့ အွန်လိုင်းကွန်ရက် ဆိုက်ဘာလုံခြုံရေးအတွက် ဌာနရှိသလို၊ သုတေသနပြုလို့ရလာတဲ့ တွေ့ရှိချက်တွေကိုလည်း ကမ္ဘာ့အနှံ့က နိုင်ငံတကာသုတေသန စာတမ်းဖတ်ပွဲတွေ ညီလာခံတွေမှာ တင်ပြခွင့်လည်းရခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာအရပ်ရပ်က ပညာရပ်ဆိုင်ရာဌာနတွေ၊ သုတေသနအဖွဲ့တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ခွင့်ရရှိခဲ့တယ်လို့ မဆုမွန်က သူမရဲ့ စာသင်ကြားမှု အတွေ့အကြုံကို ပြောပြပါတယ်။
မဆုမွန်ဟာ SMU ကပေးတဲ့ ပါရဂူဘွဲ့ကို တရားဝင်မရသေးပေမယ့် ဆန်ဖရန်စ္စကိုမှာ အခြေစိုက် အိုင်တီနည်းပညာ ကုမ္ပဏီတခုမှာ သတင်းအချက်အလက် လုံခြုံရေး သုတေသနပညာရှင် အလုပ်တခုကို အောင်အောင်မြင်မြင် ရယူ ပိုင်ဆိုင်နိုင်နေပါပြီ။
အားနွဲ့တဲ့မိန်းမတယောက်ဖြစ်နေတာမို့ မလုပ်နိုင်ဘူး၊ မဖြစ်နိုင်ဘူးဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ ကျဉ်းမြောင်းတဲ့ ဘောင်တွေကို ရိုက်ချိုးကာ ပျော့ပြောင်းနူးညံ့တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် ယောက်ျားတွေနဲ့ရင်ဘောင်တန်းပြီး ဘာမဆို အောင်မြင်အောင်လုပ်နိုင်တယ်ဆိုတာကို မြန်မာပြည်ဖွား အမျိုးသမီးဟက်ကာပါရဂူ တယောက်အဖြစ်နဲ့ မဆုမွန်က သက်သေပြနေပါကြောင်း မြန်မာပြည်က အမျိုးသမီးငယ် အပေါင်း အတုယ အားကျ နိုင်စေဖို့ရာ စုစည်းရေးသားတင်ပြလိုက်ရပါတယ်။
photo credit
ခင်လေး
2-8-2016(2:04PM)
Moemaka Media
Website: http://moemaka.com/
English Section: http://eng.moemaka.net/
Blog: http://blog.moemaka.com/
Facebook: https://web.facebook.com/MoeMaKaNews/
Twitter: https://twitter.com/moemaka
YouTube: https://www.youtube.com/user/moemaka
ကိုးကား
■ SMU Blog
http://blog.smu.edu.sg/2016/08/01/a-phd-in-hacking/
http://sis.smu.edu.sg/about/students/phd-students/current/su-mon-kywe
■ Google Site
https://sites.google.com/site/sumonkywe/curriculumvitae
Cp ခင်လေး