လောဘကြီးတဲ့ ငါးလေးတစ်ကောင်ရှိတယ်ကွဲ့
သူဟာ ပင်လယ်တစ်ခုလုံးကို သောက်ပစ်လိုက်တယ်
လောဘကြီးတဲ့ ငှက်လေးတစ်ကောင်ရှိတယ်ကွဲ့
သူဟာ လေထုအားလုံးကို ရှူသွင်းပစ်လိုက်တယ်
လောဘကြီးတဲ့ တီလေးတစ်ကောင်ရှိတယ်ကွဲ့
သူဟာ ကုန်းမြေတွေအကုန်လုံး စားသုံးပစ်လိုက်တယ်
ငါးရယ် ငှက်ရယ် တီကောင်ရယ်
ငါး ကလည်း သူ့ဝမ်းဗိုက်ထဲမှာသူ ကူးခတ်လို့
ငှက်ကလည်း သူ့ဝမ်းဗိုက်ထဲမှာသူ ပျံသန်းလို့
တွင်းအောင်းတီကောင်လည်း သူ့ဝမ်းဗိုက်ထဲမှာသူ သဘောတွေခွေ့လို့
မိုင်တွေခိုစီးကာရယ် ကိုရွှေငါးငှက်တီနဲ့ ဆုံဖို့ရယ်
လူငယ်လေးတစ်ယောက် ရောက်လာတယ်
ပြောစမ်း မင်းနာမည်(မယ်)
ကျွန်တော်အတုတွေကိုမုန်းတဲ့ မောင်အတုပါကွယ်
ကိုရွှေငါးငှက်တီတို့ရယ်
မင်း ငါတို့ဆီက ဘာလိုချင်လို့လာရတယ်
စိန်ရွှေငွေ ပတ္တမြား ကြိုက်ရာတောင်းလော့ မောင်လူသား
ဖိတ်ဖိတ်လက်ရတနာတွေ ကျွန်တော်မမက်တယ်
ကိုရွှေငါးငှက်တီတို့ရယ် ဖြစ်နိုင်မယ်ဆို
ကဗျာဆရာစစ်စစ် လိုချင်တယ်
အိုကွယ် မောင်အတုရယ် မင့်မလဲ တို့သုံးဦးပေါင်းထက်တောင် လောဘနှယ်ကြီးလွန်းတယ်
လာရာလမ်း ပြန်တော့ကွယ်။
Lin Lin