ဘဝနဲ့ပတ်သက်ပြီး လူတိုင်းမှာ ကိုယ်စီအမြင်တွေ ရှိကြပါတယ်။ ဘယ်လိုအမြင်တွေကိုပဲဖြစ်ဖြစ် အပြစ်မမြင်ပါဘူး။ သတ္တဝါတွေရဲ့ ဓလေ့ထုံးစံအရ အတ္တရှိကြစမြဲမို့ ကိုယ့်အမြင်သာ အမှန်ဆုံးလို့ ထင်တတ်ကြပါတယ်။ တကယ့်အမှန်တရားကိုတော့ အရိယာတွေကလွဲပြီး ဘယ်သူမှ တိတိပပ မသိနိုင်ကြဘူးလေ။
အဆင်မပြေမှုတွေကြောင့် ဖြစ်ပေါ်နေတဲ့ စိတ်ခံစားမှုတွေက မျက်နှာမှာ အလိုလို ထင်ဟပ်နေတာကိုး။ "စိတ်ချပါ……အချိန်တန်ရင် အရာအားလုံးကို လွှတ်ချပါမယ်……"လို့။
မဖြစ်နိုင်ဘူးလို့ ယူဆထားကြပေမယ့် လွှတ်ချခဲ့ပါတယ်။ ပယ်ပယ်နယ်နယ် ဒုက္ခရောက်ဖူးသူသာ ဒုက္ခရဲ့ အရသာကို သိတာ။ ဒုက္ခရဲ့ အရသာကို သိသူသာ ဒုက္ခကို နားလည်တာ။ ဒုက္ခကို နားလည်သူသာ ဒုက္ခကို ရွံမုန်းတာ။ ဒုက္ခကို ရွံမုန်းသူသာ ဒုက္ခကနေ လွန်မြောက်ချင်တာ။ ဒုက္ခကနေ လွန်မြောက်ချင်သူသာ လွန်မြောက်ဖို့ ကြိုစားကြတာ။
ကိုယ်ယုံကြည်တဲ့ ဘဝဆိုတာ "ကိုယ့်ကိုယ်ကို အေးချမ်းအောင် တည်ဆောက်တာပါ။" အခုနောက်ပိုင်း လုံးဝနီးပါး မညည်းညူမိတော့ဘူး။ ညည်းညူရမယ့် ဖိအားမှန်သမျှကိုလည်း ရှောင်ကြဉ်ခဲ့ပါတယ်။ အထက်ကို တက်ဖို့ အောက်ကို နင်းရမယ်ဆို မတက်ဘဲ နေပါမယ်။ ပြောခဲ့သလိုပေါ့…… ဘယ်လောက်ပဲ ဝံ့ကြွားဝံ့ကြွား အချိန်တန်ရင် မြေတွင်းထဲကို သွားရမယ့်သူတွေချည်းပါပဲ။
စာရေးတာကို အလုပ်လို့ မမြင်လည်း ရပါတယ်။ ကိုယ့်အတွက်တော့ စာရေးတာဟာ အခမ်းနားဆုံး အလုပ်ပါ။ တကယ်လို့များ ရှိရှိသမျှ အခွင့်အရေးတွေကို ရှေ့မှာပုံပေးထားရင်တောင် စာပေကိုပဲ ရွေးချယ်မိမှာပါ။
စာပေမှာ ကဏ္ဍမျိုးစုံရှိပါတယ်။ အပြောင်အပျက်ရေးလို့ အထင်သေးရင် သေးပါစေ……ဆက်ရေးဖြစ်နေအုံးမှာပါ။ လူအထင်ကြီးဖို့အတွက် စာရေးတာမဟုတ်ပါဘူး။ စိတ်လွတ်လပ်မှုအတွက်သာ စာပေကို ရွေးချယ်ခဲ့တာပါ။
ကိုယ့်စိတ်နဲ့ ကိုယ့်ကို အဆင်ပြေသလို ရှင်သန်နေကြတဲ့ ခေတ်မှာ ရေးသမျှစာတိုင်းဟာ အားလုံးနဲ့ လိုက်လျောညီထွေဖြစ်ဖို့ ခက်ခဲပါလိမ့်မယ်။
စာပေက အနုပညာပါ။ အနုပညာဆိုတာကလည်း သဘာဝရဲ့ အစိတ်အပိုင်းပါ။ လောကရဲ့ ဖြစ်ခြင်း ပျက်ခြင်းတွေကို မတူညီတဲ့ အနုပညာတွေနဲ့ ဖန်တီးနေကြတာမို့ အကောင်းရော အဆိုးပါ အနုပညာနဲ့ သက်ဆိုင်ပါတယ်။ အနုပညာရဲ့ ခေါင်းစဉ်အောက်မှာ အရာရာဟာ သိမ်မွေ့ပါတယ်။
သဘာဝနဲ့ အနုပညာကြားက ချိတ်ဆက်မှုသဘောတရားကို အနုပညာနှလုံးသားနဲ့ပဲ ခံစားလို့ရပါတယ်။ သဘာဝက ဓမ္မကို ကိုယ်စားပြုရင် အနုပညာက နှလုံးသားကို ကိုယ်စားပြုပါတယ်။ ကိုယ့်အမြင် ကိုယ်ပြောတာပါ။ တစ်ခြားသူတွေနဲ့ တူချင်မှ တူမယ်။ မတူလည်း ကိစ္စမရှိပါဘူး။ လူဆိုတာ မိတ္တူတွေလို မူရင်းကို တုပဖို့ ကြိုးစားနေတာမဟုတ်ဘဲ ပန်းချီကားချပ်တွေလို ကိုယ့်အရိပ်မှာ ကိုယ်ရပ်နေကြတာပါ။
ဘဝမှာ ရံခါ ဂုဏ်ပကာသနက အရေးပါပါတယ်။ ဒါပေမယ့် စိတ်အေးချမ်းမှုက ပိုမိုအဓိကကျပါတယ်။ ဘယ်လောက်ပဲ ပြည့်စုံသည်ဖြစ်စေ စိတ်ချမ်းသာမှုမရှိရင် အသက်ရှင်လျက် ဘဝသေနေတာနဲ့ မထူးပါဘူး။
ဂုဏ်ဆိုတာ လုပ်ယူရင် ရနိုင်တဲ့အရာပါ။ ဘယ်လိုဂုဏ်ပဲဖြစ်ဖြစ် သူ့နေရာနဲ့သူ အထိုက်အလျောက် အသုံးကျတာချည်းပါပဲ။ ငယ်ငယ်တုန်းက ဂုဏ်ကို မက်မောခဲ့ဖူးပါတယ်။ တဖြည်းဖြည်း အသက်အရွယ်ရလာတဲ့အခါ ဘာကိုမှ ဖက်တွယ်မထားချင်တော့ဘူး။ လူ့ဘဝရောက်လာတဲ့ (၂၀)နှစ်တာ ကာလကို ပြန်တွေးမိတိုင်း ကိုယ့်မိုက်မဲမှုတွေအပေါ် နှမျောတသဖြစ်မိတယ်။
စိတ်ထဲကနေ မကြာခဏ တောင့်တမိတယ်…… "အမေ့ဗိုက်ထဲက ပါလာတဲ့ ရိုးသားမှုတွေကို ပြန်လိုချင်တယ်"လို့။ တစ်ခါတစ်လေ ဘာမှမသိတာက ယုံမှားသံသယ ကင်းတယ်။ မသိတာလည်း အပြစ်မရှိဘူး။ သိတာလည်း အပြစ်မရှိဘူး။ သိပြီးမကျင့်ရင်တော့ အပြစ်ရှိတယ်။ လက်ရှိအနေအထားက ပဲ့တင်သံပျောက်ဖို့ လှိုဏ်ခေါင်းထဲမှာ အော်နေရသလိုပဲ ကြိုးချည်ပြီး လှေလှော်နေကြရတယ်။
RSM-15