ဆရာဝန်အင်အားနဲ့လူနာအင်အားမမျှလို့ ဆရာဝန်တွေလည်းမယဉ်ကျေးနိုင်တာမဆိုင်ဘူး
လို့ ပြောပြီး ဝိုင်းရီကြတာ တွေ့လို ရင်ဘတ်ထဲ မကောင်းလွန်းလို့ ပြီး လူတွေကလည်း ဆရာဝန်တွေကိုပဲ ဆဲတတ်ကြလွန်းလို့ဒီစာကိုရေးပါတယ်။ workload နဲ့ လူတစ်ယောက်ရဲ့ mood..။ဒါဟာ သက်ဆိုင်ပါတယ်။ တကယ်ဆရာဝန်ဖြစ် တကယ်လုပ်ဖူးမှ ဒါကိုကိုယ်တွေ့သိမှာပါ။ ဆရာဝန်မဟုတ်တဲ့သူ ဘယ်လိုမှနားမလည်နိုင်ပါဘူး။
ဥပမာပြောပါမယ်။ ကျွန်မကိုယ်ပိုင်ဆေးခန်းမှာ တနေ့လည်လုံးမှ လူနာ အယောက် ၂၀ထက် ကျွန်မပိုမကြည့် ဘူး။ ဒါကြောင့် workload နဲတယ်။ တယောက်ချင်းကို နာရီဝက်စီအချိန်ပေးပြီး ပုံလေးဆွဲပြ ရှင်းပြပြီး အေးအေးဆေးဆေး ဆွေးနွေးတိုင်ပင်နိုင်တယ်။ လူနာကိုစိတ်ချမ်းသာအောင်ထားနိုင် ပြောနိုင်တယ်။ ကြည့်ခလဲပိုယူတယ်မထင်နဲ့ အထူးကုထဲကိုယ်ဈေးအနည်းဆုံး။ ချိုသာတဲ့ဆရာဝန်ဘဝခံယူနိုင်တယ်။ workloadနည်းတာကိုး။
ဒါပေမယ့် ကလေးဆေးရုံရဲ့ တမနက်ခင်းမှာ လူနာ သုံးရာကျော် လေးရာ လာတယ်။ တစ်ရာကျော် ဆေးရုံတက်တယ်။ ကျန်လူနာ ပြင်ပလူနာအနေနဲ့ကုပေးရတယ်။ အဲဒီတမနက်ခင်းလေးမှာ ဒီကလေးပိစိလေးတွေ အော်ဟစ်ငိုယိုနေတဲ့ လူနာရာပေါင်းများစွာအသံတွေကြား စိတ်ပူလို့ပြာယာခတ်နေတဲ့မိဘတွေကို dealလုပ်ရတာတွေကြား ဒီပေါက်စလေးတွေကို သွေးမရမကဖောက် အကြောမရမကရှာ.. နှာခေါင်းပိုက်ထည့် ..အောက်ဆီဂျင်ပေး မျိုးစုံ အလျင်မီအောင်လုပ်နေရတာတွေကြား... ရှိပြီးသားတင်ထားတဲ့လူနာ ရာချီရယ် နောက်ထပ်ထပ်တက်တဲ့ လူနာတစ်ရာကျော်ရယ်ကို ဆရာဝန်ဘယ်နှယောက်ပဲရှိတဲ့အင်အားနဲ့ ဘယ်လိုတွေလုပ်နေရလဲ ဆိုတာ ..အဲဒီအချိန်မှာ ပြုံးပြုံးလေး စိတ်ရှည်ရှည်ထက် လိုရင်းကိုနားလည်အောင်အမြန်သာပြောကြရတာ လျာရှည်ချိန်မရဘူး ..ကျွန်မလိုလျာရရှည်ပြုံးချိုနေကြည့် စကားပြောနေတုန်း တဖက်မှာ ကလေးဆယ်ယောက်လောက်အသက်ငင်နေပြီ။ အဲဒီ stress levelကို ဆရာဝန်မဟုတ်ပဲလုံးဝမသိနိုင်ဘူး။ ဆရာဝန်ချင်းတောင် တယောက်နဲ့တယောက် fieldချင်းမတူရင် ဆေးရုံမတူရင် အဲဒီနေ့မှာကြုံရတဲ့ situationမတူရင် ဆက်ဆံပုံမတူနိုင်ဘူး။
အနီးစပ်နိုင်ဆုံး ဥပမာလေးပဲပေးမယ် ကိုယ့်အိမ်မှာ ကလေးပေါက်စ ၅ယောက်လောက်ရယ် အဖိုးအဖွား နှစ်ယောက်ရယ် တပြိုင်နက် နေမကောင်း ငိုယိုဂျီကျပြီး ကိုယ်တယောက်ထဲ သူတို့ကို ပြုစုကြည့် လိုက်ပါ။ ပြုံးပြုံးရွှင်ရွှင်လေး လုပ်နိုင်ပါ့မလား.. ဆိုတာ။ ငြူစူတာမဟုတ်ဘူးနော်.. ချစ်လို့လုပ်ပေးနေရင်းက stress levelဘယ်လောက်တက် ဘယ်လောက်ပင်ပန်းလာမယ် စကားလုံးတွေဘယ်လိုဖြစ်လာမယ်ဆိုတာ. မျက်နှာအနေအထားဘယ်လိုဖြစ်လာမယ်ဆိုတာ. ဒါလဲ ကလေးအမေစစ်စစ်တွေပဲသိနိုင်တဲ့အရာ။
လူကြီးဆေးရုံမှာလဲဒီလိုပဲ။ ပြည်တွေ နှပ်တွေ သွေးတွေ အရိအရွဲတွေ ဖုတ်လှိုက်ဖုတ်လှိုက်တွေ နံစော်နေတာတွေ ကြားထဲတနေကုန် ချွေးဒီးဒီကျ လုပ်နေရတာ။ ကိုယ့်အလုပ်ပဲဟုတ်တယ်။ ဒါပေမယ့် ဆရာဝန်အင်အားနဲ့ လူနာအရေအတွက်မျှနေမှ ဆရာဝန်တွေလည်း ကြာကြာအသက်ရှင်မယ်။ နိုင်ငံခြားကဆရာဝန် လူနာအချိုးရယ် မြန်မာပြည်က ဆရာဝန်လူနာအချိုးရယ် နှိုင်းယှဉ်ကြည့်လိုက်။ မနိုင်ဝန်ကို ဖြစ်အောင်ထမ်းနေကြရတာကြာလှပြီ။ လစာကတော့ထည့်မပြောနဲ့။ အဲ့လစာကိုလှည့်ကြည့်ထည့်တွက်တတ်ရင် ဆရာဝန်တောင်မလုပ်ဘူး။ ဒါ ဆရာဝန် လူနာအချိုးမညီမှုဟာ ဆရာဝန်တွေရဲ့ stress levelနဲ့ moodပေါ်မှာ influenceအလွန်ရှိတယ်ဆိုတာ ရှင်းပြတာ။ workload များတဲ့နေရာ များနေတဲ့အချိန်မှာ ဒီဆရာဝန် ဘယ်လိုမှပြုံးပြချိုသာချိန်မရှိဘူး။ ဒီဆရာဝန်ပဲ workloadနည်းတဲ့အချိန် နည်းတဲ့ဆေးရုံwardဆို ပြုံးရွှင်ချိုသာစွာ လူနာတွေကိုဆက်ဆံတာတွေ့ရလိမ့်မယ်။ ပိုက်ဆံနဲ့မဆိုင်ဘူး။ stress levelနဲ့ဆိုင်တယ်။
လူနာရှင်ဟာသူ့အပူနဲ့သူ ဆိုတော့ ဒီဆရာဝန်ငေါက်တယ် ဖေ့ဘွတ်ပေါ်တင်ပလိုက်မယ် စောင်ဆရာဝန်တွေဘယ်လိုဆိုပြီး ဖြစ်တယ်။ အဲ့ဆရာဝန်မက သူ့သမီးလေးဆိုရင်ရော အဲ့သူ့သမီးလေးက ညကတညလုံး dutyဆင်းပြီးမအိပ်ရသေးတဲ့အပြင် မနက်စောမှာ ရင်ခွဲရုံထဲအလောင်းခွဲတာပါလုပ်.. မျက်တွင်းဟောက်ပက်နံစော်နဲ့ မနက်စာမစားရသေးပဲ.. လူနာတပြုံကြီးဆက်ကြည့်နေရတာကို သိရင်ရော.. ငါ့သမီးလေးသနားလှချည့် ဒီစောင်လူနာတွေက ဘာညာ ဆို လေသံကပြောင်းသွားမှာ..
ကိုယ့်သားသမီးကိုးဗျ။ ကိုယ့်သားသမီးလဲမဟုတ် ကိုယ်လဲဆရာဝန်မလုပ်ဘူးတော့ ကိုယ်ချင်းတစက်လေးမှမစာ နာနာသာဆဲပေါ့ဗျာ။ အဲ့ စောင်ဆရာဝန်တွေ အစိုးရအလုပ်ကထွက်တဲ့နေ့ဟာ သူတို့ဘဝကြီး ငြိမ်းချမ်းရေးစရတဲ့နေ့
လူလိုသူလို စ နေရတဲ့နေ့ပဲဗျ။ သူတို့မှာ လစာကမလောက်လို့ ညနေလဲဆေးခန်းပြေးထိုင်။ ပိုက်ဆံသောက်သောက်လဲရတဲ့ ဆေးခန်းကြီးတွေ ပြေးမမြင်နဲ့။အဲတာ လက်ချိုးရေလို့ရတဲ့အရေအတွက် ရှိတဲ့ဆရာဝန်ကြီးတွေ သေခါနီးအသက်ရွယ်ကျမှရတာ။ ချွေးတလုံးလုံးရှင်တို့ဆဲနေတဲ့ စောင်ဆရာဝန်လေးတွေဟာဖြင့် ဝေးလံသီခေါင် ရပ်ကွက်ကဆေးခန်းလေးမှာ bus car တိုးစီးပြီး ညထိဆေးခန်းဆက်ထိုင်ရတယ်။ ဘယ်လောက်ပင်ပန်းပင်ပန်း။ လခကလောက်မှမလောက်တာကိုး။ ညနေခင်းရဲ့ လေပြေညင်းဆိုတာ သူတို့ခံစားဖို့မထိုက်တန်တဲ့အရာလိုပဲ။ ဒီဆေူခန်းထဲပဲညမှောင်သွားရတာ။ ဘယ်သူမှ ဆေးခန်းဆက်မထိုင်ချင်ဘူး။ အဲ့အချိန်မှာ အရမ်းပင်ပန်းနေပြီ။ နိုင်ငံခြားကဆရာဝန်တွေလို အိမ်ပြန်ပြီး ဇိမ်နဲ့နှပ်ချင်ပြီ။ မဖြစ်လို့ထိုင်ရတာဗျ။ အိမ်ကပါးစပ်ပေါက်တွေစားဖို့ မဖြစ်လွန်းလို့ ထိုင်ရတာ။ လူပဲ စက်ရုပ်မဟုတ်ဘူး။နားချင်တာပေါ့။
ဒါကို ဒီ workloadကို ခုထိမမြင်ပဲ ဝိုင်းရီကြတာ ရင်နာလို့ရေးတယ်ဗျာ။ ငထွားခါးဝင်နာတာ ဆိုချင်ဆို။ ကိုယ်တွေက တနေ့ လူနာ ၁၅ယောက်ပဲ ဇိမ်လေးနဲ့ကြည့်။ ချိုချိုသာသာဆရာဝန်အဖြစ်ခံယူ ကိုယ့်ကိုယ်ပိုင်အလုပ်လေးလုပ်နေတဲ့သူ။ ဒါပေသည့် အသက်ထွက်အောင်လုပ်နေရတဲ့သူတွေကို အဲဒီဘဝကလာတာမို့စာနာတယ်။
လျပ်စစ်မီးမရှိ စားစရာမရှိလို့အရွက်ခူးစား တဲအိမ်စုတ်လေးထဲနေခဲ့ပြီး တနေ့ မြွေပွေးမြွေဟောက် ဆယ်ကောင်လောက် မကိုက်အောင်ကျော်ခွသွား ညကြီးဆွဲကြိုးချသေတဲ့အလောင်းခွဲစိတ် ကိုယ်တိုင်ငှက်ဖျားဖြစ်
ဆေးရုံတက်နဲ့ ပြည့်သူ့ဆရာဝန်ဆိုတဲ့ဘဝမှာ ပျော်ပျော်ကြီး ဆယ်နှစ်ကျော်နေခဲ့သူဗျ။အဲလိုဘဝမှာ နေဆဲ ဆရာဝန်တွေကို ရင်ဘတ်ကြီးထဲက စာနာတယ်။
ကိုယ်သာ ဆေးရုံခနခနတက်ခဲ့ရပြီး ကျန်းမာရေးမကောင်း သားသမီးမွေးပြီး ကလေးရှေ့ရေးအတွက် နှစ်ယောက်လုံး ဝန်ထမ်းဘဝမှာ ရှင်တို့ဆဲလေ့ရှိတဲ့ စောင်ဆရာဝန်ပဲဆက်လုပ်ရင် တာဝန်ကျရာသွား လခလေးနှစ်သိန်းကျော်နဲ့ သားလေး မိကွဲ ဖကွဲ လူတန်းစေ့မနေနိုင်မှာ သိမြင်ပြီး တယောက်ထဲထွက်ခွင့်ရလို့ ထွက်လာတာ။
လက်ရှိလုပ်နေဆဲဆရာဝန်တွေရဲ့ဘဝကို တခနလေး တမနက်လေးပဲ အရမ်းအလုပ်များတဲ့ wardထဲသွားထိုင်ကြည့်ပေးပါလား။ ကြည့်တဲ့အခါ ကိုယ့်သားသမီးလေးလို့မြင်ပြီးခံစားကြည့်ပေးပါလား။သူပြေးလွှားနေတဲ့ မြင်ကွင်းကို..။ ဒါပေမယ့် ကြည့်လဲလုပ်။ အဲ့ဆေးရုံနံဆိုတာကြီးကို တမနက်လုံးခံရလို့ အော့အန်နေမစိုးလို့။ စောင်ဆရာဝန်တွေကတော့ ရှုပေါ့။ တနေ့လုံးအဲ့အနံရှုနေရပြီး ပြုံးပြုံးလေးနေပေါ့။ နေနိုင်တယ်။ အဲလို အနိဌာရုံထဲ ဘဝပေးထားချင်လွန်းလို့ ဆရာဝန်ဆိုတာလုပ်တာ။ ငယ်ကတည်းကသူများလိုမကစားရ ကြီးလာတော့ သူများလိုလျောက်မလည်ပဲ ဒီစောင်စာတွေကျက်ခဲ့ရတာလေ.. ရှင်တို့စောင်ဆရာဝန်တွေလို့ အဆဲခံဖို့ လူငယ်ဘဝ ပျော်ရွှင်မှုအားလုံး ဒီစာတွေထဲ နစ်မြှုပ်ပစ်ခဲ့ရတာ။ ဒါပေမယ့် ဝန်နဲ့ အားမျှနေမှ စက်ဖြစ်ဖြစ် လူဖြစ်ဖြစ် ကြာရှည်ခံနိုင်မယ်။ မဟုတ်ရင် breakdownဖြစ်မှာပဲ။ Physical trauma.. mental trauma ကြာရင်ရလာမှာပဲ။
ဒါကိုမြင်အောင်ကြည့်ပေးကြပါ။ ကိုယ့်သားသမီးတွေလိုမြင်ပေးကြပါ။ ဆရာဝန် လူနာအချိုးမျှအောင်တော့ လုပ်ပေးကြပါ လို့ပြောချင်တာပဲ။ မကြိုက်လဲ မတတ်နိုင်ဘူး။ အဲဒီ အခန်းထဲက ရီသံဟာ ရင်ဘတ်ထဲခုထိနာကျင်ခံစားရတုန်း။ ကျွန်မ ဘယ်သူ့ကိုမှ ထိခိုက်မရေးဘူး။ ဘယ်သူ့ကိုမှ မစော်ကားဘူး။ ဘယ်နိုင်ငံရေးထဲမှ ဝင်မပါဘူး။ ဝင်မမန့်ဘူး။ ကျွန်မနဲ့သက်ဆိုင်တဲ့ ပညာရေး ကျန်းမာရေးတွေပဲ ကျွန်မအာရုံထားတာပါ။
ဒါပေမယ့် ကျွန်မဟာ ဆင်းရဲစုတ်ပြတ်နေတဲ့ ပြည်သူ့ဆရာဝန်ဘဝမှာ
ပျော်ပျော်ကြီးနေခဲ့ဖူးသူမို့ ဘဝတူဆရာဝန်တွေဘဝကို အရမ်းနားလည်တယ်။ ကိုယ်တိုင်က ကျန်းမာရေးမကောင်းလို့ ဆေးရုံပေါင်းစုံတက်ဖူးသူမို့ လူနာတွေဘက်ကလည်း ခံစားတတ်တယ်။ လူနာတွေရဲ့ခံစားချက်ကိုလည်းသိတယ်။ နေမကောင်းရင် အားငယ်တယ်။ ကြင်နာတာခံချင်တယ်။ ဒါသဘာဝပဲ။
ဆရာဝန်တွေလဲ အမေကြီးနေကောင်းလား..ဒီနေ့မျက်နှာလေးရွှင်လာပြီနော်..ဆိုတဲ့ ကြင်နာစကားလေးနဲ့ dutyစဝင်တာပဲ..။ တဖြည်းဖြည်း ရာထောင်ချီတဲ့ workloadတွေ stressတွေကြားမှာ စက်ရုပ်တွေလိုဖြစ်ကုန်ရတာပါ။
လူနာသေလို့ မျက်ရည်ကျိတ်ကျရတာ.. မျက်ရည်စက်လက်နဲ့ အလုပ်တွေဆက်လုပ်ရတာ.. သူသေတော့မယ်ဆိုတာမသိတဲ့လူနာကို ကြင်နာစွာ လက်လေးကိုင်ရင်း တညလုံး ဖေးမခဲ့တာ..အိမ်ရောက်မှ ရင်ကွဲစွာ ကြိတ်ငိုရတာ တွေ... ဒါ တွေရှင်တို့မသိပါဘူး။ အဲဒီစက်ရုပ်မျက်နှာ ရဲ့ ရင်ဘတ်ထဲကနှလုံးသားတွေ ရှင်တို့မြင်အောင်မကြည့်ပါဘူး။ အသဲအသန်လူနာတယောက်တက်ရင် အိပ်မက်မှာတောင်လူနာသွေးအန်လို့ ဆေးရုံဝန်းထဲချက်ချင်းပြေးကြည့်တာ.. ဒါတွေကို ဆဲနေသူတွေ
ရှင်တို့မသိပါဘူး။ မမြင်ပါဘူး။
ဆရာဝန်တွေအနေနဲ့လည်း အားငယ်နေတဲ့လူနာတွေအပေါ်အတတ်နိုင်ဆုံး ချိုသာပေးကြပါလို့။ လူနာဆိုတာ အလကားနေရင်းကို အားငယ်နေပြီး ကိုယ့်ကိုအားကိုးချင်ကြပါတယ်။ ချိုသာစွာပြောရင် အရာရာ ပိုပြေလည်ပါတယ် ဆိုတာ သိကြပြီးသားပါ ။ အရမ်းကိုပြိုင်းပြီး မချိုသာနိုင်တဲ့အချိန် မအော်မိအောင်စိတ်ကို relax လုပ်ပေးကြပါလို့။ အိမ်သာထဲ တယောက်ထဲသွားအော်ပစ်
ပြီးမှ ပြုံးပြုံးလေးပြန်ထွက်လာပြီးပြော.. ဟုဒေ😁
အါ့လိုပဲ လုပ်ရတော့မှာဖဲ😁
မချိုသာနိုင်တဲ့အခါလည်း လူနာတွေဘက်ကနားလည်ပေးကြပါလို့။
အားလုံးပြေလည်ဖို့ရာ ဆရာဝန်လူနာအချိုးမျှအောင် systemကိုသေချာတည်ဆောက်ပေးကြပါလို့ တောင်းဆိုလိုတာပါ။ ကျွန်မတို့လူနာတွေကို workload နိုင်နိုင်နင်းနင်းနဲ့ ကြင်ကြင်နာနာလေးပြောပြီး ကုပေးချင်ပါတယ်။ ဆရာဝန်မလေးစကားကြားရတာ အဖွားရောဂါတဝက်သက်သာပါပြီဆိုတဲ့ စကားလေးတွေနဲ့ ပီတိဖြစ်ချင်ပါတယ်။ အရာရာကိုမြင်အောင်ကြည့်ပေးပါ။
တောင်းပန်နေတာပါ။ မမြင်နိုင်ဘူးဆိုရင်လဲ လှောင်တော့မရီကြနဲ့ဗျာ။ ရင်ဘတ်ထဲကနာလို့ပါ။