ခင်ဦးမြို့၊ သက်တော်ရှည် သက်တော်ရဘုရားအတွင်း၌ လှပတင့်တယ်သော တံခွန်တစ်ခု လို၍နေ၏။
သီတင်းကျွတ်လဆန်း(၈)ရက်၊ ဘုရားအာရုံခံ ဇရပ်ကြီးအတွင်း၌ ဥပုသ်စောင့်ကြရင်း၊ တံခွန်အလိုရှိကြောင်း ဒါယကာ
မပေါ်သေးကြောင်းကို ပြောဆို ကြလေ၏။ စေတနာ သဒ္ဒါတရား အလွန်ထက်သန်လှသော မြန်မာ ကျောင်းဆရာကြီး
ဦးလေးမောင်သည် တံခွန်တိုင်အတွက် မိမိဆောက်လုပ်ပါမည်ဟု တာဝန်ခံလိုက်သည်နှင့် တစ်ပြိုင်နက်
သာဓုအနုမောဒနာခေါ်ကြသောအသံများမှာ ဇရပ်တစ်ခုလုံး အုံးခန်ဖြစ်၍ သွားလေ၏။ ဆရာကြီးသည်လည်း
အနာထပိဏ်၊ ဇောတိက၊ ဝိသာခါတို့ထုံးကို နှလုံးမူ၍ အလှူပြုလိုသည့်အတွင်း ချက်ချင်းဆိုသလို
ပေါ်ပေါက်လာသဖြင့် ဝမ်းမြောက်ဝမ်းသာစွာ တံခွန်တိုင် ထားရန်နေရာကို ဇရပ်မှ ထွက်၍ ရွေးချယ်လေ၏။
ဘုရား၏ အရှေ့တောင်ဘက် အင်္ဂါထောင့်နေရာကလေးသည်ကား လမ်းသွား လမ်းလာ
ဘုရားကြည်ညိုသူတို့နှင့် တံခွန်တိုင် ပနာဟပ်ကာ တလျှပ်လျှပ်နေရောင်ထိုး၍ တင့်တယ်မည်ကို တွေးမိလေ၏။
ထိုအခါ ဘုရားတံတိုင်း တောင်ဘက်ရှိ ဇရာဒုဗ္ဗလ အရွယ် နီနေသော ထန်းပင်ကြီးနှစ်ပင်သည် တံခွန်တိုင်အား
ကွယ်ကာလျက် အနှောင့်အယှက် ဖြစ်နေသည်ကို ဆရာကြီးစဉ်းစားမိလေ၏။ ဆရာကြီးမှာ သဒ္ဒါတရား
တက်ကြွလွန်းသဖြင့် စိပ်ပုတီးမှ ကောင်းစွာမစိပ်နိုင်ရှာဘဲ ကပျာကယာ ကသုတ်ကရက် အိမ်သို့ ပြန်သွားကာ
ဆရာကတော်ကြီးနှင့် တိုင်ပင်လေ၏။ ဆရာကတော်ကြီးမှာလည်း ဆီထည့်သောဂွမ်း၊ စမ်းတွေ့သောကြာကဲ့သို့
များစွာဝမ်းမြောက် သွားလေ၏။ ညနေခင်း အချိန်၌ကား နှစ်ပေါင်းများစွာ ရေမြေစားပြီး အားအင်ဖြည့်တင်းခဲ့သောဆရာကြီးလခ ၈၀ ကျော်ရရှိနေသူဖြစ်သဖြင့် မှန်စီရွှေချတံခွန်တိုင်ကြီးတွင် တိုင်ခြေက စတုလောကပါလ
နတ်ကြီးလေးပါးရုပ်၊ တံခွန်တိုင်ထိပ်က မှန်စီရွှေချ၊ ရွှေဟင်္သာရုပ်ကြီးနှုတ်သီးထဲ ရွဲလုံးကြီးကိုက်လျက် ပျံတော့မည်။
သွင်ဟန်နှင့် နေပုံ၊ ရွာထောင် ခုနစ်ရွာမှ ရွှေသမားသို့ အထူးအော်ဒါမှာယူသော ဆည်းလည်းသံများ
တညံညံနေမည့်ပုံကို မြင်ယောင်နေကြလေ၏။ တံခွန်တိုင် ရေစက်ချပွဲ၌လည်း ကံသရွာက စည်တော်ကြီး၊ အင်တိုင်
ကိုကာစီ၏ ဇာတ်၊ ဥယျာဉ်တော် ကုန်းမောင်အံ့၏ ရုပ်သေးပွဲတို့ဖြင့် အကျွေးအမွေး မြိုင်မြိုင်ဆိုင်ဆိုင်ကြီး
တပျော်တပါးကြီး ဖြစ်ကြရမည့်ရက်ကို လက်ချိုးရေတွက်၍ နေကြလေ၏။ ဆရာကြီး ဦးလေးမောင် တံခွန်တိုင်
ဒါယကာခံကြောင်းကို ခင်ဦးတစ်မြို့လုံး ပျံ့နှံ့သွားသဖြင့် ခင်ဦး စက်ပိုင်များကိုပင် သဒ္ဒါတရားနည်းပါးသည်ဟု
တိုးတိုးတိတ်တိတ် ကျိတ်၍ကဲ့ရဲ့ စကား ပြောကြားသံများကို ကြားသိရလေ၏။
မကြာမီအတွင်း ဆရာကြီး၏အိမ်ဝန်းတွင် ဖြောင့်စင်းသော တိုင်ရှည်ကြီး တစ်လုံး ရောက်ရှိလာလေ၏။
အဝေးက ကြည့်ရှုသူတို့ကလည်း တိုင်ကြီးနှယ် ကောင်းပါပေ့၊ ဖြောင့်ပါပေ့၊ ငွေကြေးအတော်ကုန်ရှာမှာပဲဟု
ပြောဆိုနေလေ၏။ ထိုတိုင်ကြီးကား ကန်ထရိုက်ဦးအောင်တင့်သည် ကန်ထရိုက် တံတားတိုင်လုပ်ရန်
သစ်ရာပင်ဘူတာက ဝယ်ယူခဲ့ရာ ကွဲကြောင်း အက်ကြောင်းနှင့် အသားမကောင်းသောကြောင့် အင်ဂျင်နီယာက
ပယ်ချခြင်းခံရ၏။ ဘူတာတွင် စွန့်ပစ်ထားရာမှ ကျုပ်ပေးပါတော့ဟု တောင်းပန်ယူခဲ့ခြင်း ဖြစ်လေ၏။
ဆရာကြီး ငွေတစ်ပြားမှမကုန် ဆိုသည်မှာ မမှန်ချေ။ ထိုတိုင်ကြီးအားယူရန် ထမ်းရသော လူနိုင်အရပ်သား ၄
ဦးအား လက်ဖက်ခြောက်ပြုတ်ဖတ် ခတ်ထားသော လက်ဖက်ကြမ်းနှင့် ငှက်ပျောသီး ၂ လုံးစီ၊ လက်ဖက်တစ်ရိုးစီ
ကျွေးရသဖြင့် အတော်ကုန်ကျသွားလေ၏။ ထိုတိုင်ကြီးမှာ အထွတ်အမြတ် တံခွန်တိုင်လုပ်ရန် ဖြစ်သဖြင့်
တစ်တောင်ခန့်မြင့်အောင် တုံးများခု၍ ထားလေ၏။ ပူစူးတို့၊ ငခွေးတို့၊ အပါတို့သည် ကျောင်းမတက်ခင် ထိုတုံးကြီးကို
မြင်းလုပ်၍ ခွစီးနေကြသဖြင့် ဆရာကြီးမှာ ကြိမ်လုံး တစ်ချောင်းဖြင့် တဲ့.. မစီးကြနဲ့၊ ငရဲကြီးတတ်တယ်ဟု
အမြဲခြောက်မောင်းနေရလေ၏။
ကိုဖိုးနှင့် အခြားလူကြီးတစ်ယောက်ကား လက်သမားအလုပ်ကောင်းလား မသိရ။ သူတို့၏ ဆောက်၊ လွှ၊ ဓား၊
ပဲခွပ်တို့မှာ သံချေးတက်နေလေ၏။ သူတို့မှာကား ထင်းလှည်းတစ်စီး တစ်မျိုးနှုန်းနှင့် ထင်းဖြတ်စားကြရရှာ၏။ ယခုအခါ
သူတို့မှာ ရတနာပုံဆိုက်နေလေ၏။ ဆရာကြီး၏ တံခွန်တိုင်ကို အကြမ်းရွှေရာမှ အချောပြီးစီးသည့် တိုင်အောင်ပြုလုပ်ရန် စာချုပ်ပြီးစီးသောကြောင့်တည်း။ အခကြေးငွေမှာလည်း ဆရာကြီးက အနည်းအကျဉ်း ပေးမည်မဟုတ်။
နံနက် ထမင်းတစ်နပ်၊ ညနေတစ်နပ်၊ နေ့လည် လက်ဖက်ရည်ကြမ်းနှင့် ဆားဇီးဖြူသီးခန့်တို့သုံးဆောင်ကြရလေ၏။
သို့သော်လည်း ကုသိုလ်ရေးဖြစ်၍ တစ်ကြောင်း၊ ဆရာကြီးကိုလည်း ရိုသေ၍ တစ်ကြောင်း စိတ်မပျက်ရှာကြဘဲ
နေ့ဆက် ရက်ဆက် တံခွန်တိုင်လောင်း သစ်တုံးရှည်ကြီးကို အကြမ်းရွေ့ကြလေ၏။ အကြမ်းရွေပြီးနောက် အချော
ရွေပေါ်စား၍ အပေါက်အကွဲရှိသော နေရာတို့တွင် အသားအတိုအစများ ရိုက်သွင်း ဖာထေးကြလေ၏။ ဆရာကြီးကား
လက်သမားဆရာတို့အနီးတွင် ထိုင်ကာလက်ရာ ကောင်းမွန်ကြောင်း မြှောက်ပင့်ပြောဆိုလျက် ရှိလေ၏။
၁ဝ ရက်မျှကြာပြီးနောက် တိုင်လုံးကား ပြီး၍သွားပေပြီ။ အောက်ခြေ တိုင်မြဲရန်အတွက်
နတ်ရုပ်လေးရုပ်သော်လည်းကောင်း၊ အခြားတိုင်တို ၄ တိုင်သော် လည်းကောင်း လို၍နေလေ၏။ ဆရာကြီးသည်
အပြောကောင်း၊ အဟောကောင်း ဖြစ်သဖြင့် သဲပုံစေတီဘေးရှိ ပို၍နေသော ၆ ပတ်လည်တိုင် ၄ လုံးကို
ဘုရားဒါယကာ ဦးစံလှထံ သွား၍ အလှူခံလေ၏။ ထိုတိုင်များဖြင့် လက်သမားတော်တို့အား နတ်ရုပ်ထုနိုင် မထုနိုင်
မေးလေ၏။သိပ်မကောင်း သော်လည်း နတ်ရုပ်ဖြစ်ရုံ ထုတတ်ပါရဲ့၊ ကော်ပတ်၊ စက္ကူ ဆောက်ဝင်သည်ထက်
တုတ်သောအသားဝယ်ပေးပါဟု ပြောကြလျှင် ဒါဖြင့်ကွယ် ဒီတိုင်တွေ ဘာရုပ်မှ မလုပ်နဲ့။ ဇောင်းသတ်ပြီး
ထည့်တာပေါ့ ဟု ပြောလေ၏။
တိုင်ခြေက တိုင်လေးတိုင်ရ၍ သွားသောအခါ တိုင်ထိပ်က ဟင်္သာရုပ်၊ ဂဠုန်ရုပ် တစ်ခုခု လို၍ နေလေ၏။
သို့ရာတွင် ဆရာကြီးမှာ ဂျီသြမေထရီ အတတ်ကို မြေတိုင်းစာရေးလုပ်ဖူးစဉ်က တတ်ကျွမ်းခဲ့သောကြောင့်
တိုင်ထိပ်တွင် အကွက်ရိုက်၊ အနား အဋ္ဌဂံပုံသဏ္ဌာန် ပျဉ်များအား ဆေးဝါသုတ်ထည့်ရန် စိတ်ကူးလေ၏။
ထိုအတိုင်းပင် လက်သမားများအား အလုပ်ခိုင်းလေ၏။
တိုင်ခြေ၌ တိုင်လေးလုံးတွယ်ကပ်လျက် တိုင်ထိပ်၌ ထီးသဏ္ဌာန် ရှစ်ထောင့် ပျဉ်ပြားများဖြင့်
အတော်ကြည့်ရှု၍ သားနားလေ၏။ သို့ရာတွင် တိုင်ထိပ်တွင် အထွတ်မပါ၊ တုံးတိကြီး ဖြစ်၍နေပြန်သဖြင့် စိန်ဖူးတပ်ရန်
လို၍နေလေ၏။ လမ်းဓာတ်မီးတိုင်က ဖန်သီးမှောက်တပ်လျှင် များစွာပနာဟပ်မည် ဖြစ်လေ၏။ ဖန်သီးလည်း
မရနိုင်တော့ချေ။ တပည့်တစ်ယောက်အား မင်အိုးအငယ် အလွတ်တစ်လုံးကို ဆပ်ပြာကြမ်းတို့ဖြင့် ခလောက်၍