အရှေ့တောင်အာရှအားကစားပြိုင်ပွဲလို့ ခေါ်တဲ့ ဆီးဂိမ်းပြိုင်ပွဲကို ကျင်းပလာတာဟာ အခုဆို ၂၉ ကြိမ်မြောက်ထိ ရောက်ရှိပြီဖြစ်ပါတယ်။
ဒီ၂၉ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲကို မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ မှာဖြစ်ပါတယ်။ ကျင်းပပြုလုပ်မယ့်ရက်ကတော့ သြဂုတ်လ ၁၉ ရက်ကနေ ၃၀ ရက်အထိဖြစ်ပြီး အားကစားနည်း (၃၈) မျိုးရဲ့ပြိုင်ပွဲတွေကို ပြုလုပ်မှာဖြစ်ပါတယ်။
ပြိုင်ပွဲတွေကို မလေးရှားနိုင်ငံရဲ့ မြို့တော် ကွာလာလမ်ပူမှာ အဓိကပြုလုပ်မှာဖြစ်ပြီး တချို့အားကစားနည်းတွေကိုတော့ ဆီလန်ဂေါ ၊ ပူထရာဂျာရာ ၊ နီဂရီဆီဘီလန် ၊ တီရမ်ဂါနူး ၊ ကီဒက်ရှ်အစရှိတဲ့ မြို့တွေမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
ပြိုင်ပွဲရဲ့ ဖွင့်ပွဲနဲ့ ပိတ်ပွဲတွေကို ကွာလာလမ်ပူမြို့မှာရှိတဲ့ ဘူကစ်ဂျာလီအမျိုးသားအားကစားကွင်းမှာ ပြုလုပ်မှာဖြစ်ပြီး မလေးရှားဘုရင်နဲ့ ၀န်ကြီးချုပ်တို့ တက်ရောက်ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။
ပြိုင်ပွဲအတွက် လုံခြုံရေးပိုင်း ဆိုင်ရာကိုတော့ မလေးရှားတော်ဝင်ရဲတပ်ဖွဲ့က တာဝန်ယူမှာဖြစ်ပါတယ်။
ပြိုင်ပွဲတွေအတွက် လက်မှတ်တွေကို ဇူလိုင်လ (၄) ရက်နေ့က စတင်ကာ အွန်လိုင်းကနေတစ်ဆင့်ရောင်းချပေးနေပါတယ်။