ကမ္ဘာ့ ဆောက်ပေါများနေ့
❇❇❇❇❇❇❇❇❇❇❇
ဘယ်အရွယ်တုန်းကလည်းတော့ သိပ်မမှတ်မိတော့ပါဘူး။ နွေရာသီကျောင်းပိတ်ရက်တစ်ရက်မှာ အဖေနဲ့အမေရဲ့ သူငယ်ချင်းတစ်ယောက် အိမ်ရောက်လာပါတယ်။ သူက ကျွန်တော့်မိဘတွေကို "ဟေ့ စောက်ပေါတွေ၊ နေကောင်းကြရဲ့လားကွ" လို့ နှုတ်ဆက်ပါတယ်။
ပထမတော့ ကျွန်တော်ကြောင်အမ်းအမ်း ဖြစ်သွားပါတယ်။ နားကြားများမှားသလားလို့ပေါ့။ ကျွန်တော် နားကြားမမှားပါဘူး။ သူက နောက်တစ်ကြိမ် ထပ်ခေါ်ပြီး စကားတွေပြောနေပါတယ်။ အဖေနဲ့အမေကို ကြည့်လိုက်တော့လည်း စိတ်ဆိုးပုံမပေါ်၊ အင်း ခက်တော့နေပါပြီ။ ကျွန်တော်ကလည်း အဖေနဲ့အမေကိုထိရင် လုံးဝသည်းမခံတတ်။ ဒါပေမဲ့ အဖေနဲ့အမေက အဲဒီအခေါ်အဝေါ်နဲ့ ပတ်သက်ပြီး ဘာမှပြန်မပြောဘူးဆိုတော့ ရင်းနှီးတဲ့သူငယ်ချင်းမို့ စိတ်မဆိုးတာနေမှာပါလို့ ကျွန်တော်တွေးလိုက်တယ်။
ဒါပေမဲ့ ဧည့်သည်ပြန်သွားတဲ့အချိန်ကျ အမေ့ကို အဲဒီ စောက်ပေါ အကြောင်း မေးလိုက်တဲ့အချိန်ကျမှ ကျွန်တော့်အထင်မှားသွားမှန်း သိလိုက်ရပါတယ်။
ဒီလိုပါ၊ ကျွန်တော့ အဖေနာမည်က ဦးစောလွင်ပါ။ အတိုခေါ်တော့ ဦးစော ပေါ့။ အမေနာမည်ကတော့ အရပ်အခေါ် အန်တီပေါက်၊ ဒေါ်ပေါက် ပေါ့။ အဲဒီတော့ နှစ်ယောက်စလုံးရဲ့ ထိပ်နာမည်လေးတွေ ယူတွဲလိုက်တဲ့ သဘောပါ။ စော+ပေါက် စောပေါက်တော့ စောက်ပေါ ဆိုတဲ့ ပြောင်းပြန် အပြောင်အပျက် ခေါ်တဲ့စကားပါ။
အခု ကျွန်တောပြောပြမယ့် အကြောင်းကတော့ စောက်ပေါ မဟုတ်ပါ။ ဆောက်ပေါ အကြောင်းပါ။ ဆောက်ပေါ ဆိုတာ အင်္ဂလိပ်စာလုံး southpaw ကို ဆိုလိုပါတယ်။ အင်္ဂလိပ်စာ အီဒီယံအသုံးအနှုန်းတစ်ခုဖြစ်ပြီး အဓိပ္ပါယ်က "ဘယ်သန်၊ ဘယ်လက်/ခြေထောက် သန်သူ" ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ရှိတဲ့လူတွေထဲက ညာသန်တွေဟာ ၉၀ ရာခိုင်နှုန်းရှိပြီး ဘယ်သန်တွေကတော့ ၁၀ ရာခိုင်နှုန်းပဲရှိတယ်လို့ ဖတ်ဖူးခဲ့ပါတယ်။ ကျွန်တော်ကျင်လည်ရာ ပတ်ဝန်းကျင်တွေထဲမှာလည်း ညာသန်တဲ့သူဦးရေထက်စာရင် ဘယ်သန်သူဦးရေ အတော်လေးနည်းတာကို တွေ့ရပါတယ်။ ခန့်မှန်းခြေအားဖြင့် ညာသန် အယောက်တစ်ရာလောက်မှာ ဘယ်သန် သုံးလေးယောက်လောက်တော့ တွေ့ရပါတယ်။ ဒါပေမဲ့ ဘယ်သန်တွေထဲမှာလည်း ထူးချွန်သူတွေ၊ ဥာဏ်ကောင်းတဲ့သူတွေ ရှိပါတယ်။
ညာသန်တဲ့ သူတွေထက်စာရင် ဘယ်သန်တွေဟာ လူမှုပတ်ဝန်းကျင်တွေမှာ ပိုပြီး အခက်တွေ့ရတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသုံးအဆောင်ပစ္စည်းတွေ၊ နေရာထိုင်ခင်းတွေ၊ ယာဉ်တွေ စတာတွေဟာ ညာသန်သမားတွေအတွက် အဓိကရည်ရွယ် ထုတ်လုပ်ဖန်တီးထားတာ ဖြစ်လို့ပါ။ တံခါးပေါက်တွေ၊ ကပ်ကြေး၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ ဂစ်တာ၊ လျှပ်စစ်ပစ္စည်းတွေ၊ စာသင်ခန်းထဲက စာရေးခုံ ကုလားထိုင်တွေ၊ နောက် ကွန်ပျူတာက မောက်စ်၊ ပြီးတော့ ဆိုင်ကယ် စသဖြင့် ဘယ်သန်သမားတွေအတွက် တော်တော်လေးကို ခက်ခဲတဲ့အခြေအနေတွေပါ။ ကျင့်သားရနေလို့သာ အဆင်ပြေနေကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဘယ်သန်တွေက ကိုယ်ညာသန်မဟုတ်လို့ စိတ်ပျက်အားငယ်နေစရာ မလိုပါဘူး။ ဘယ်သန်တွေထဲမှာ တကယ့် ကမ္ဘာကျော်တဲ့ ပုဂ္ဂိုလ်များလည်းရှိပါတယ်။ ဂျူးလီးယက်ဆီဇာ၊ လီယိုနာဒိုဒါဗင်ချီ၊ ဟယ်လင်ကဲလား၊ အမေရိကန် သမ္မတဟောင်း အိုဘားမား၊ ဗြိတိန်မင်းသား ဝီလျံ၊ အော်ပရာဝင်းဖရေး စသူတို့ဟာ ဘယ်သန်တွေပါပဲ။ သူတို့လိုပဲ မာရီလင်မွန်ရိုး၊ ဂျပ်စတင်ဘီဘာ၊ အင်ဂျလီနာဂျိုလီ၊ ဘရက်ပစ်၊ အိုစမာဘင်လာဒင်၊ လက်ဝှေ့ကျော် ပက်ကွီအို စတဲ့သူတွေလည်း ကမ္ဘာကျော် ဘယ်သန်တွေပဲ ဖြစ်ပါတယ်။ လူ့ပတ်ဝန်းကျင်ကို ကောင်းကျိုး၊ဆိုးကျိုးပေးတာတော့ ကွာခြားတာပေါ့လေ။ ဒီ Steemit Myanmar ထဲမှာလည်း နောင်တစ်ချိန် ကမ္ဘာကျော်လာမယ့် ဆောက်ပေါ(ဘယ်သန်😀)တွေ ရှိချင်ရှိနေမှာပဲ မဟုတ်လားဗျာ။
ဘယ်သန်တွေရဲ့ အခက်အခဲတွေကို ကိုယ်ချင်းစာ နားလည်ပေးတဲ့ ဘယ်သူမှန်းမသိတဲ့ လူကြီးမင်းတွေက သြဂုတ်လ (၁၃) ရက်နေ့ကို ကမ္ဘာ့ဘယ်သန်များနေ့ (International Left handers' Day) လို့
သတ်မှတ်ပေးခဲ့ကြပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ ကျင်းပတယ်လို့တော့ မကြားမိသေးပါ။
ဘယ်သန်များအတွက် ထူးခြားမှတ်သားစရာများလည်း ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
👉 Sinistrophobia ဆိုတာ ဘယ်သန်ဖြစ်မှာကို ကြောက်ရွံ့ခြင်း (သို့) ဘယ်ဖက်၊လက်ဝဲဖက်ရှိ အရာဝတ္ထုများကို ကြောက်ရွံ့ခြင်း ဖြစ်ပါတယ်။
👉 ဘယ်သန်ဟု သတ်မှတ်ကြသော်လည်း ရာနှုန်းပြည့် ဘယ်သန်သူ မရှိသလောက် ဖြစ်ပါတယ်။
👉 ဘယ်သန်တွေကို ဆောက်ပေါ လို့ခေါ်ပါတယ်။(ထပ်ပြောတာ😀)
👉 ပြီးခဲ့တဲ့ အမေရိကန်သမ္မတရှစ်ယောက်မှာ လေးယောက်ဟာ ဘယ်သန်တွေ ဖြစ်ပါတယ်။
👉 ဘယ်သန်ဘွဲ့ရသူတွေဟာ ညာသန်ဘွဲ့ရသူတွေထက် ၂၆ ရာခိုင်နှုန်း ပိုပြီးချမ်းသာကြွယ်ဝကြပါတယ်။
👉 ဓာတ်မတည့်ခြင်၊ ခေါင်းတစ်ခြမ်းကိုက်ခြင်၊ အိပ်မပျော်ခြင်းများကို ညာသန်များထက် ပို၍ခံစားရလွယ်ပါတယ်။
👉 ဦးနှောက်ညာဖက်ခြမ်းကို အဓိက အသုံးပြုကြပြီး ၎င်းညာဖက်ခြမ်းဟာ အရက်ကို ခံနိုင်ရည်စွမ်းနည်းတဲ့အတွက် အရက်သမားဖြစ်လာဖို့ရန် သုံးဆအခွင့်အရေးပိုများပါတယ်။
👉 ညာသန်များထက် လေးငါးလလောက် နောက်ကျပြီးမှ အရွယ်ရောက်သူတွေ ဖြစ်လာနိုင်ပါတယ်။
👉 စကားထစ်ခြင်း၊ စာသင်စာဖတ်မရခြင်းများကိုလည်း ပိုမိုခံစားရနိုင်ပါတယ်။
👉 အဂါင်္နေ့ကို ဘယ်သန်များအတွက် ကံကောင်းသောနေ့အဖြစ် သတ်မှတ်ကြပါတယ်။
👉 လူဦးရေ၏ တစ်ဆယ်ရာခိုင်နှုန်းခန့်သာ ဘယ်သန်များ ဖြစ်ကြသည်။
👉 ၁၆၀၀ ပြည့်နှစ်များ အတောအတွင်းက ဘယ်သန်တဲ့သူတွေကို မကောင်းဆိုးဝါး၊စုန်းကဝေများလို့ ထင်ခဲ့ကြပါတယ်။
👉 ၁၉၇၆ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့မှာ ကမ္ဘာ့ဘယ်သန်များနေ့ကို စတင်ကျင်းပခဲ့ပါတယ်။
👉 ပိုလာဝက်ဝံများ အားလုံးကို ဘယ်သန်များဟု ယုံကြည်ရပါတယ်။
ကမ္ဘာ့ ဘယ်သန်များနေ့ကို ကြိုဆိုလျက်...
အချက်အလက်များကို ဂူးဂယ်လ်မှ ရှာဖွေပါသည်။