ဂျင်းနက်၊ နနွင်းနက်၊ ဂမုန်းတိမ်ပြာ အရှုပ်တော်ပုံ
အငြင်းပွားဖွယ်များကိုအောက်ဖက်မှာရေးပေးးထားပါတယ် အဓိကဆေးနည်းကိုအပေါ်မှာရေးပေးထားပါတယ်
***** ဆေးဖော်စပ်နည်းကတော့ ***
နနွင်းခါးအမှုန့် ၂၅ ကျပ်သား (ပရဆေးဆိုင်မှာ မေးဝယ်ပါ … အိမ်သုံးနနွင်းထက် အရောင်နည်းနည်းဖျော့ပြီး လိမ္မော်ရောင်ဆန်ပါတယ် … ပိုလည်းခါးပါတယ်) … နနွင်းနက်အမှုန့် ၅ ကျပ်သား … မကျည်းမှည့်အနှစ် ၂ ကျပ်ခွဲသား … ရိုးရိုးဆား ၁ ကျပ်သား (အိုင်အိုဒင်းဆားမဟုတ်) … ဆင်တုံးမနွယ်အမှုန့် ၅ ကျပ်သား (ပရဆေးဆိုင်မှာဝယ်ပါ … ဆင်တုံးမနွယ်ပေါရင် ကိုယ်တိုင်အခြောက်ခံ ထောင်းပါ) … အဲဒီအမှုန့်အချိန်အဆအားလုံးကို ပျားရည်စစ်စစ်နဲ့ သမပါ … ပျားရည်က အများကြီးမလိုပါ … နှံ့နှံ့စပ်စပ်မွှေပြီး ဆေးလုံးလို့ရရုံသာထည့်ပါ … ဒီလိုတေထားတဲ့ဆေးကို ညအိပ်ယာဝင်တိုင်း မန်ကျည်းစေ့တစ်စေ့စာလောက်ပဲ ရေအေးနဲ့သောက်ပေးရပါတယ် … အိုမင်းမစွမ်းရှိသော် အားအင်တို့ကိုပြည့်ဖြိုးစေပြီး အသက်ကိုလည်းရှည်စေပါတယ် … ကျားကျားမမ အသက်ငယ်သော် အကုန်လန်းတယ်လို့ အဆိုရှိပါတယ် …
… အမောခံနိုင်ခြင်း၊ နှလုံးအားကောင်းခြင်း၊ ဆီးဝမ်းသွေးလေမှန်ကန်ခြင်း၊ အသားအရည်စိုစွတ်ဝင်းပခြင်း၊ ကိုယ်အလေးချိန်ပုံမှန်ခြင်း၊ အစာအာဟာရ နည်းနည်းစားရုံနဲ့ ခွန်အားပြည့်ခြင်း၊ မျက်စိကြည်လင်ခြင်းနဲ့ အခြားကောင်းကျိုးတွေကို ဆိုလိုခြင်းဖြစ်ပါတယ် … အားလုံးကျန်းမာချမ်းသာကြပါစေ …။
Ctedit ~ https://m.facebook.com/story.php?story_fbid=336659740048749&id=100011141775356
ကိုးကား - ရှေ့နေအောင်ဇော်ဦး
နနွင်းနက်ရဲ့ဆေးဖက်ဝင်ပုံ
စကတည်းက ပြောရဦးမယ် ... ဒီအကြောင်းရေးမလို့လုပ်တော့ အတော်ဦးနှောက်စားတယ် ... အခေါ်အဝေါ်ပိုင်း အငြင်းပွားကြလိမ့်မယ်ဆိုတာ ... စာတစ်ပုဒ်ရေးရတာ အကိုးအကားအထောက်အထားလည်းရှာရ ... မသိရင်လည်းမေးရမြန်းရ ... ဓါတ်ပုံတွေရှာပြီးစုရ ... လှီးရဖြတ်ရ ... ပိုပြီးတိကျအောင်လည်း ပြင်ဆင်ရတာမို့မလွယ်လှဘူး ... ရေးလို့ပြီးလို့ တင်လိုက်တာနဲ့ အောက်က ကွန်မန့်လေးတစ်ကြောင်းလောက်နဲ့ ဝင်ဆော်သွားရင် ခံရသိပ်ခက်တာ ... အမှားကိုမြင်လို့ပြင်ဆင်ဆွေးနွေးပေးတယ်ဆိုရင် ဝမ်းမြောက်ဝမ်းသာလက်ခံပြီး ကျေးဇူးတင်ရပေမယ့် ဘာမှန်းညာမှန်းမသိဘဲ ဆရာလိုလိုသမားလိုလို အူကြောင်ကြားဝင်ရေးသွားတဲ့အခါ အခြားသူတွေလည်း ဝေဝေဝါးဝါးဖြစ်ရသလို အားစိုက်ပြီးရေးချင်စိတ်လည်းကုန်ကုန်သွားတယ် ... ဒါဖြင့် မရေးနဲ့ပေါ့ဆိုတော့ မနေနိုင်လို့လေ ... အဲဒီတော့ ဒါက ဂျင်းနက် ဟိုဟာက နနွင်းနက် ... မတူဘူး ... တူတယ် ... မဟုတ်သေးဘူး ကြိုက်တာပြော ... ဝင်ပြီးဖြေရှင်းလိမ့်မှာမဟုတ်ဘူးလို့ ကြိုတင်မေတ္တာရပ်ခံပါရစေ ... ဒါပေမယ့် Black Ginger လို့ပြောပြော Black Turmeric ပဲဆိုဆို Google မှာရှာကြည့်တယ် ... နိုင်ငံတကာပရဆေးရောင်းဝယ်ရေးဈေးကွက်တွေမှာလေ့လာကြည့်တော့ ဒီနှစ်မျိုးကို အတူတူပဲဖြစ်နေပြန်တယ် ... ကျနော်တို့မြန်မာတွေက ဂျင်းနက်/နနွင်းနက် စသည်ဖြင့် ဒေသအလိုက် အမျိုးမျိုးခေါ်နေကြပြီး သူတို့လည်းအဲဒီလို နာမည်နှစ်မျိုးခေါ်နေတယ် ... အဲဒီတော့ ဘယ်လိုခေါ်ခေါ် အခေါ်အဝေါ်ပိုင်းကို ဝင်မရှင်းတော့ဘူး ... အောက်ပိုင်းကျရင် ကျနော်ပြောတာ နည်းနည်းပိုပြီး သဘောပေါက်လာမယ်ထင်ပါတယ် … အခုရေးမှာ နနွင်းနက်ရဲ့ အသုံးဝင်ပုံအကြောင်းနဲ့ မိတ်ဆက်သဘောရေးချင်လို့ ရေးတာပါ ...
တစ်ခုခုရေးပြီးတဲ့အခါ အရင်ဆုံးအမေးခံရတာက ဈေးကွက် ... ဘယ်မှာရောင်းလို့ရလဲ ... ဘယ်လောက်ဈေးရလဲ ... ဘယ်ကမျိုးရနိုင်သလဲ ... ဘယ်လိုဒေသမျိုးတွေမှာစိုက်လို့ရသလဲ ... အဲဒီတော့ ကျနော်သိသလောက်ပဲကြိုပြောနိုင်တာက နနွင်းနက်/ဂျင်းနက်ကို ရှမ်းပြည်တောင်ပိုင်းနဲ့ ရေနီအရှေ့ပေါင်းလောင်းတကြောမှာ စိုက်ကြပါတယ်တဲ့ ... မနှစ်က ကိုရီးယားဝယ်လက်က တစ်ပိသာ သုံးသောင်းဈေးကနေ ခြောက်သောင်းဈေးအထိပေးကောက်ခဲ့တယ်လို့သတင်းရပေမယ့် လက်တွေ့ဝယ်လက်ကို စုံစမ်းလို့မရပါဘူး ... ဂျာနယ်တစ်စောင်ကအရေးအသားမှာလည်း ဈေးကောင်းပေးဝယ်တယ်လို့ပြောထားပေမယ့် ဝယ်လက်က ဘယ်မှာလဲဆိုတာ ညွှန်ပြမထားပါဘူး ... တစ်ပိသာကို ရှစ်သိန်းလို့လည်း ကောလာဟလ ထွက်သေးတယ် ... တန်ဖိုးရှိလွန်းလို့ ကြိတ်ရောင်းကြိတ်ဝယ်လုပ်ကြသလားတော့ မပြောတတ်ဘူး ... အိန္ဒိယ The Hindu သတင်းမှာတော့ (ကိုကားနေရာမှာ မူလသတင်းလင့်ကိုဖော်ပြပေးထားပါတယ်) နနွင်းနက် Black Turmeric တစ်ကီလိုပေါက်ဈေး ရူပီးဆယ့်ငါးသိန်းနဲ့အထက် ဒေါ်လာ နှစ်သောင်းကျော်ပေါက်ဈေးရှိပြီး အဲဒီကုန်သည်နှစ်ယောက်ကိုဖမ်းမိလို့ ရဲကသတင်းထုတ်ပြန်တာတဲ့ ... အဲဒီကုန်သည်တွေက ၁၀ ကီလိုဝယ်ပြီးတိုင်းမှာ ဒေသအာဏာပိုင်တွေကို ရူပီး ငါးသိန်းလာဘ်ထိုးရတယ်လို့လည်း သတင်းကဆိုပါတယ် ... အဖမ်းခံရလို့ မဟုတ်တဲ့ဈေးတွေပြောပြီး လာဘ်စားတဲ့ကောင်တွေကိုပါ တခါတည်းအပြီးတွယ်သွားတာလည်းဖြစ်နိုင်တယ် ... ပေါက်ဈေးက အဲဒီလောက် ဟုတ်မဟုတ်အတိအကျမသိရပါဘူး ... အိန္ဒိယကတော့ နနွင်းနက်ကို သစ်တောထွက်အဖိုးတန်ပစ္စည်းအဖြစ် တရားဝင်တားမြစ်ထားတယ် ... နံ့သာနီစစ်စစ်လိုပေါ့ ... မြန်မာစီးပွားကူးသန်းဝန်ကြီးဌာနရဲ့ သတင်းတစ်ခုမှာတော့ “
ပြည်ပဈေးကွက်သို့ ၀င်ရောက်တော့မည့် မြန်မာ့ချင်းနက် (တိမ်ပြာနနွင်းခြောက်)” ဆိုတဲ့ခေါင်းစဉ်နဲ့ နနွင်းနက်/ဂျင်းနက် တစ်ကီလို ရှစ်ဒေါ်လာနဲ့အရောင်းအဝယ်ဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ် ... ကိုကားတွေထဲမှာ သတင်းလင့်တွေဖတ်ကြည့်ပါ ... အချုပ်အားဖြင့်ပြောရရင် ဈေးကွက်ဘယ်နေမှန်းမသိရပါ ... ပေါက်ဈေးလည်းအမျိုးမျိုးပါ ... အများဆုံးစိုက်လို့ရတဲ့နေရာတွေကတော့ အပေါ်မှာပြောခဲ့သလို ရှမ်းအရှေ့၊ ပဲခူးတိုင်းအရှေ့ အခြားဒေသတွေမှာလည်း စနစ်တကျစိုက်ရင်ဖြစ်နိုင်ပါတယ် ... စိုက်နည်းကတော့ ဥဥတဲ့အမျိုးမို့ မြေဘောင်တင်ပြီးစိုက်ကြပါတယ် ... ရေမတင်တဲ့တောင်ဆင်ခြေလျှော ကုန်းစောင်းတွေမှာ မြေကိုမွအောင်ပြုပြင်ပြီး စိုက်လေ့ရှိပါတယ် ... တချို့လည်းမျိုးရလို့ ပန်းအိုးထဲထည့်စိုက်ကြတယ် ...
နည်းနည်းတော့ ပိုရှုပ်လာပြီထင်တာပဲဗျာ ... တိမ်ပြာနနွင်းခြောက်ဆိုပြီး နာမည်တစ်မျိုးရပြန်ပြီ ... ကျနော်က နနွင်းနက်နဲ့ ဂျင်းနဲ့တူတယ်လို့ယူဆထားပေမယ့် အိန္ဒိယကတော့ ကွဲကွဲပြားပြားခွဲခြားထားပါတယ် ... Black ginger (ဂျင်းနက်) ကို ကုလားအခေါ် Kali Ada လို့ခေါ်ပြီး အဲဒါ မြန်မာလို ဂမုန်းတိမ်ပြာ (တိမ်ပြာနနွင်း) နဲ့တူနေပါတယ် ... နောက် Black Turmeric (နနွင်းနက်) ကိုတော့ ကုလားလို Kali Haldi ခေါ်ပါတယ်တဲ့ … ဒါဆို စီးပွားကူးသန်းရဲ့သတင်းအရ ဂမုန်းတိမ်ပြာဥအခြောက် တစ်ကီလိုကို ၈ ဒေါ်လာပေါက်ဈေးရခဲ့တယ်လို့ဆိုရမလိုပါပဲ … ဘာကိုဘယ်လို တိတိကျကျပြောရမှန်းကို မသိတဲ့အခြေအနေပါ … ဒီကနေ့ မြန်မာပြည်က ဖေ့ဘုတ်မှာရော အင်တာနက်မှာပါ နနွင်းနက်က ဂျင်းနက်ဖြစ်လိုက် … ဂျင်းနက်က နနွင်းနက်ဖြစ်လိုက် … ဂမုန်းတိမ်ပြာနဲ့ နနွင်းနက်တို့ ဂျင်းနက်တို့နဲ့ မှားပြီးဖော်ပြလိုဖော်ပြနဲ့ တော်တော်ကို ရှုပ်ယှက်ခတ်နေတာပါ … အဲဒီတော့ ဆန်စင်ရာကျည်ပွေ့လိုက်နေရမှာမို့ ကျနော်လည်းမရှင်းတော့ဘူးလို့ စကားပလ္လင်ခံထားခဲ့တာပါ … ဒါက ရုက္ခဗေဒပညာရှင်တွေ ဈေးကွက်ဖော်ဆောင်စီးပွားရေးပညာရှင်တွေက နည်းပေးလမ်းပြ အမျိုးအစားခွဲခြားပေးရမယ့်ကိစ္စဖြစ်လာပါပြီ … ဈေးကွက်က အမှန်တကယ်ကောင်းနေရင် ရှိနေရင်လည်း သတင်းအချက်အလက်ထိန်းချုပ်ပြီး လုပ်ပိုင်ခွင့်ကိုအခွင့်ကောင်းယူ လက်ဝါးကြီးအုပ်လူလည်မကျဘဲ ပွင့်ပွင့်လင်းလင်း ရောင်းဝယ်ဖောက်ကားသင့်ပါတယ် …
ရှုပ်နေတာတွေပိုရှုပ်အောင်ပြောပြီးရင် ပြန်ရှင်းအောင်ပြောရမှာကိုယ့်တာဝန်မို့ ရှင်းရပါတော့မယ် …
Black ginger (ဂျင်းနက်) ကို အိန္ဒိယအခေါ် Kali Ada လို့ခေါ်ပြီး အရွက်နဲ့အပင်က ပုံထဲက အညိုရောင်အရွက်ဖြစ်ပါတယ် …
Black Turmeric (နနွင်းနက်) ကိုတော့ အိန္ဒိယလို Kali Haldi ခေါ်ပြီး Google မှာ Black Turmeric လို့ရှာကြည့်ရင် ဂမုန်းတိမ်ပြာပုံတွေပဲပြနေပါတယ် … အဲဒါ မှားနေပါတယ် …
ဒီတော့ ဂမုန်းတိမ်ပြာကပဲ နနွင်းနက်လိုလို လူတွေအထင်ရောက်နေပါတယ် …
အမှန်က နနွင်းနက်က အရွက်အနားစပ်မှာ နီရောင်သမ်းနေပါတယ် … အပင်ရင့်လာရင်တော့ နီရောင်သမ်းချင်မှလည်းသမ်းပါတယ် …
ပင်စည်အောက်ခြေကလည်း ရဲနေရပါမယ် …
ပုံတွေကို စာထိုးပြီးခွဲခြားပြထားပါတယ် …
ဥတွေလည်းမတူကြပါဘူး …
ဒီလောက်ဆိုရင် ဘယ်ဟာနနွင်းနက်၊ ဘယ်ဟာက ဂျင်းနက်၊ ဘယ်ဟာက ဂမုန်းတိမ်ပြာကွဲလွဲပြီထင်ပါတယ် …
ဘယ်ဟာက ပိုပြီးဈေးကွက်ရှိသလဲ ဘယ်လောက်ရနေသလဲဆိုတာတော့ ကျနော်လည်းမသိပါ …
စိုက်ဖို့လည်း စိတ်မဝင်စားပါ …
Google Search
http://www.commerce.gov.mm
https://en.wikipedia.org/wiki/Curcuma_caesia
http://www.thehindu.com/todays-paper/tp-national/tp-andhrapradesh/black-turmeric-seized-two-held/article1309897.ece
Facebook မှ မိတ်ဆွေများရဲ့ တင်ပြချက်များ/ဓါတ်ပုံများ
![image]