တရုတ်နိုင်ငံ အခြေစိုက် စမတ်ဖုန်း ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Xiaomi ကတော့ နောင်နှစ်ထဲမှာ အမေရိကန် ကို ခြေချနိုင်ဖို့ ကြံစည်နေပြီ ဖြစ်ပါတယ်။ ဒီကိစ္စကို Xiaomi ရဲ့ Vice President Wang Xiang တစ်ယောက် Reuters မီဒီယာ နဲ့ တွေ့ဆုံမေးမြန်းမှုမှာ အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။
Wang Xiang ကတော့ အမေရိကန် ဈေးကွက် က စိတ်ဝင်စားဖို့ကောင်းကြောင်း၊ ကုမ္ပဏီ အနေနဲ့ အမေရိကန် ဆက်သွယ်ရေး ကွန်ယက် နဲ့ အဆင်ပြေမယ့် ဖုန်းတွေကို ထုတ်လုပ်နေပြီ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံမှာ အသုံးပြုနေတဲ့ ဆက်သွယ်ရေး ကွန်ယက် Carriers တွေ နဲ့ ညှိနှိုင်းနေစဲ ဖြစ်ပေမယ့် အဆင်ပြေဖို့ မျှော်လင့်ကြောင်းလည်း ပြောကြားသွားခဲ့ပါတယ်။
တကယ်လို့သာ Xiaomi အနေနဲ့ အမေရိကန်မြေမှာ ခြေချခွင့် ရခဲ့မယ်ဆိုရင် အခြား တရုတ်နိုင်ငံ အခြေစိုက် ကုမ္ပဏီတွေထက် အကြီးအကျယ် အသာရသွားမှာ အသေအချာပါပဲ။ အမေရိကန်နိုင်ငံ လွှတ်တော် အနေနဲ့ US Carriers တွေကို Huawei နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ဖျက်သိမ်းဖို့ အမိန့်ပေးခဲ့တဲ့ အပြင် ZTE အနေနဲ့ကလည်း အမေရိကန် နိုင်ငံမှာ ထင်သလောက် အောင်မြင်ခြင်း မရှိခဲ့တာကြောင့် အမေရိကန် ဈေးကွက် တစ်ခုလုံးကို Xioami တစ်ခုထဲ လက်ဝါးကြီးအုပ် စိုးမိုးနိုင်မှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ တရုတ်နိုင်ငံနဲ့ အမေရိကန် နှစ်နိုင်ငံကြားမှာ နိုင်ငံရေး၊ စီးပွားရေး အခြေအနေ တင်းမာမှုတွေ ရှိနေပေမယ့် Wang Xiang ကတော့ အမေရိကန် ဈေးကွက် ကို ဝင်ရောက်နိုင်ဖို့ ယုံကြည်ကြောင်း ပြောကြား သွားခဲ့ပါတယ်။ Xiaomi အနေနဲ့ အမေရိကန် အခြေစိုက် Processor ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Qualcomm၊ Google ရဲ့ မိခင် ကုမ္ပဏီ ဖြစ်တဲ့ Alphabet တို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေတာကြောင့် သူတို့အနေနဲ့ အမေရိကန် ဈေးကွက်ကို ဝင်ရောက်နိုင်မှာ ဖြစ်တယ်လို့ ယုံကြည်နေတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် Wang Xiang ဟာ Xiaomi မှာ လက်ရှိ ရာထူးနဲ့ မလုပ်ကိုင်မီ အချိန်တုန်းက Qualcomm ရဲ့ တရုတ်နိုင်ငံ လုပ်ငန်းစဉ်တွေကို ဦးစီးရတဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Xiaomi အနေနဲ့ အိန္ဒိယဈေးကွက်မှာ Samsung ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပြီ ဖြစ်သလို ဥရောပနိုင်ငံတွေ ဖြစ်တဲ့ ပြင်သစ်၊အီတလီ ဈေးကွက်တွေမှာလည်း ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်နေပြီ ဖြစ်တာကြောင့် အမေရိကန် ဈေးကွက်ကိုပါ ထပ်မံ ဝင်ရောက်နိုင်ခဲ့ရင် ဈေးကွက် အုပ်စိုးမှုမှာ Xiaomi ကို ယှဉ်နိုင်တဲ့ Android စမတ်ဖုန်း ကုမ္ပဏီဆိုလို့ ရှိတော့မလားလို့ပါ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါပြီ။
Source
Photo - Google