Crd ပို့စ် နှင့် Plagiarism အကြောင်းတွေးမိသမျှ
Facebook မှာ share ဆိုတဲ့ ခလုတ်ပါပါတယ်ဆိုတာကို အရင်ပြောပါရစေ။
Onlineပေါ်မှာ
လူတစ်ဦးတစ်ယောက်ကသူ့ရဲ့ကိုယ်ပိုင်ဟန်နဲ့သုတ၊ရသ စာပေ၊ကာတွန်း၊ပန်းချီ စသည်ဖြင့် တစ်ခုခုကို ဖန်တီးလိုက်တယ်။
ဒါပေမယ့် သူ့ရဲ့ပို့စ်က လူသိပ်ပြီး မသိလိုက်ဘူး။
အဲဒီပို့စ်ကိုပဲ အခြားတယောက်ကတွေ့ပြီးတော့ သဘောကျသွားတယ်။
စာတွေကို တစ်လုံးမကျန် copy ယူလိုက်တယ်။
ပြီးတော့ သူ့ရဲ့ wall မှာ paste ချပြီး ပြန်တင်တယ်။
မူရင်းပို့စ်မှာ ပုံပါရင် ပုံပါ ပြန်တင်တယ်။
ပုံမပါရင် အစားထိုးပုံတစ်ခု ထည့်ပြီးတင်တယ်။
အောက်ဆုံး စာပိုဒ်ပြီးမှ crd-ဦးဘယ်သူ ဆိုပြီးလုပ်ပစ်လိုက်တယ်။
အဲလို crd ဆိုပြီး သုံးလုံးလေးထပ်ဖြည့်ပြီး ရေးလိုက်တဲ့ ပို့စ်က မူရင်း author ထက်ပိုပြီးနာမည်ကြီးသွားတယ်။
လာပြီးတော့ဖတ်ရှုတဲ့သူတွေကကောင်းလိုက်တာဆရာရယ်၊ဆရာမရယ်၊ဆရာ့စာတွေဖတ်ရတာကျွန်တော်တို့အတွက်အားဆေးတစ်ပုဒ်ပါပဲဘာညာနဲ့ comment တွေလာပေး၊နောက်လည်းတင်ပေးပါအုံးနော်ဆိုတော့ သူများwall ကနေကူးလာတဲ့ အဆိုပါပုဂ္ဂိုလ်ကလည်း အကျေနပ်ကြီးကျေနပ်နေတဲ့ ပုံစံနဲ့ ဟုတ်ကဲ့ ကြိုးစားပြီးတင်ပေးပါ့မယ်တဲ့။
အမှန်က ကြိုးစားလိုက်ရှာပြီး ပြန်ကူးတင်ပေးပါ့မယ်လို့ ဖြေရမယ် ထင်ပါတယ်။
အဲလိုလူနောက်တစ်ယောက်ကcopyယူပြီးပြန်တင်တယ်။တင်ရင်းတင်ရင်းနဲ့နောက်ဆုံးမှာoriginal writer ကဘယ်သူလည်းဆိုတာမသိတော့ဘူး။
ဒီနေရာမှာ plagiarism ဆိုတဲ့စကားတစ်လုံးကို ပြောချင်ပါတယ်။
လူတစ်ဦးတစ်ယောက်ကကိုယ်ပိုင်စိတ်ကူး၊စိတ်သန်းနဲ့ပုံဖော်ထားတဲ့ဝေါဟာရတစ်ခု၊ကိုယ်ပိုင်ဖန်တီးထားတဲ့စာပေအနုပညာတစ်ခုခု၊ကိုယ်ပိုင်အားထုတ်မှုတစ်ခုခုကို
မူလပိုင်ရှင်မသိဘဲ မိမိဖန်တီးထားသယောင် ခိုးယူအသုံးချခြင်းကိုဆိုလိုတာပါ။
Social media တွေထဲမှာ facebook ဟာ မြန်မာပြည်အနေအထားနဲ့ဆိုရင်အသုံးအများဆုံးတစ်ခုပါ။
အသုံးအများဆုံးဖြစ်သလို plagiarism အဖြစ်ဆုံး media တစ်ခုပါ။
လူတစ်ဦးတစ်ယောက်ရေးသားထားတဲ့စာ၊ကဗျာ၊ပန်းချီ၊ကာတွန်းစသည်ဖြင့်အနုပညာတွေကို တန်ဖိုးထားသင့်ပါတယ်။
ဖန်တီးသူကိုအလေးထားသင့်ပါတယ်။
ကိုယ်ကသူဖန်တီးထားတဲ့ အရာကို ကြိုက်တယ်ဆိုလျှင် မိမိရဲ့ wall မှာ share ထားလို့ရပါတယ်။
Copy ယူပြီး paste ချနေစရာမလိုပါဘူး။
Original writer ကို အသိအမှတ်ပြုလေးစားရာရောက်ပါတယ်။
Copy ယူပြီးသိမ်းထားချင်တယ်ဆိုလျှင်တော့ ခွင့်ပြုချက်တောင်းပြီး ခွင့်ပြုချက်ရမှ သိမ်းထားမယ်ဆိုလျှင်တော့ တစ်မျိုးပေါ့။
ဒါပေမယ့် လူတစ်ချို့ကျတော့ facebook မှာ cele ဖြစ်ချင်ကြတယ်။
ကိုယ်တိုင်လည်းမဖန်တီးနိုင်တော့ သူများဖန်တီးထားတဲ့အထဲကကောင်းနိုးရာရာတွေကိုလိုက်ရှာ၊copy ယူ ပြီးရင် မိမိရဲ့wall မှာ ပြန်တင်ကြတယ်။
Like တွေ comment တွေ share တွေ အများကြီးရကြတယ်။
အကြောင်းအမျိုးမျိုးတော့ရှိမှာပေါ့လေ။
ခုတစ်လော မြန်မာဇာတ်ကားတွေ၊video ကားတွေတင်မကဘဲ ရုပ်ရှင်ကားတွေပါ အဲ့လိုမျိုးအဖြစ်အပျက်တွေကြုံနေပါတယ်။
ရုံမတင်ရသေးတဲ့ကားတောင်ပျံ့သွားတယ်ဆိုတော့ crd ပို့စ်ဆိုတာ မပြောပလောက်တော့ပါဘူး။
ဒါပေမယ့်အဲလိုမျိုး copy paste ကတော့ မလုပ်သင့်တဲ့အရာတစ်ခုပါ။
အဓိကကတော့ တစ်ဦးချင်းစီရဲ့ စိတ်ဓာတ်တွေကို ပြုပြင်ဖို့ လိုနေတယ်ဆိုတာပါပဲ။