အလုပ်ကနေအိမ်ပြန်တဲ့အချိန်ဆိုရင် အရင်ဆုံးရှာမိတာ အမေပါ။ တနေ့ကပေါ့ ကိုယ်အိမ်ပြန်ရောက်တဲ့ အချိန် အမေက အိမ်မှာမရှိဘူး။ ကိုယ်လေဘယ်လိုကြီးဖြစ်သွားမှန်းမသိဘူး။ ပင်ပန်းသွားသလိုပဲ။ အိမ်တံခါးနားမှာ အမြဲစီးကြိုနေတက်တဲ့အမေ့ကိုမြင်လိုက်ရတာပုံမှန်အချိန်မှာ ဘာမှမထူးခြားပေမယ့် အဲ့ဒီနေ့ကလို မတွေ့ရတော့မှ သတိထားမိတာ။ အမေဟာကိုယ့်အတွက်တော့ပင်ပန်းသမျှ ဖြေဖြောက်ပေးတဲ့သူ။ ရုပ်ရှင်တွေထဲမှာကြည့်ဖူးတယ်လေ။ အလုပ်ကနေအိမ်ပြန်ရောက်လို့သားသမီးမျက်နှာမြင်လိုက်ရရင် တနေကုန် ပင်ပန်းသမျှ အမောပြေတယ်ဆိုပြီး မိဘတွေပြောကြတာ။ ကိုယ်ဟာ မိဘမဖြစ်ဖူးတော့ မိဘရဲ့ခံစားမှု့ကို မသိပါဘူး။ ဒါပေမယ့် ကိုယ်ဟာသားသမီးတစ်ယောက်ဖြစ်တဲ့အတွက် သားသမီးတစ်ယောက်ရဲ့ မိဘနဲ့ ပတ်သက်တဲ့ စိတ်ခံစားမှု့ဆိုတာလဲ မိဘကသားသမီးနဲ့ပတ်သက်တဲ့ စိတ်ခံစားမှု့မျိုးနဲ့တူနိုင်လိမ့်မယ်လို့ ထင်မိတယ်။ ကိုယ့်တစ်ယောက်ရဲ့အတွေးပေါ့နော်။ ဒါပေမယ့် မိဘဆိုတဲ့နေရာကိုရောက်နေကြတဲ့သူတိုင်းကလဲ တချိန်တုန်းက သားသမီး ဖြစ်ခဲ့ကြဖူးတဲ့သူတွေပဲဆိုတော့ မိဘနဲ့ပတ်သက်တဲ့စိတ်ခံစားမှု့မှာ အားလုံးကအတူတူပဲရှိလိမ့်မယ်လို့ထင်တယ်။ လူတိုင်းလူတိုင်းက မိဘ ဆိုတဲ့နေရာကိုဝင်မခံစား နိုင်ကြပေမယ့် သားသမီးဆိုတဲ့နေရာကတော့လူသားတိုင်းရောက်ဖူးတဲ့နေရာတစ်ခုမို့ လူတိုင်းဝင်ခံစားနိုင်ကြပါတယ်။ ကျွန်တော်တို့တွေက အမြဲတမ်းနီးပါး အမေကို အမေကလဲ ဆိုတာလောက်တော့လက်သုံးစကားလို ပြန်ခံပြော တက်မိကြတယ်။ အဲ့ဒါက ကိုယ့်အမေကိုမချစ်လို့မဟုတ်ဘူးဆိုတာလူတိုင်းသိကြတယ်။ တခါတလေအော်မိတာလဲရှိမယ်။ ဒါပေမယ့် မိဘနဲ့သားသမီးဆိုတာ ဘယ်တော့မှ ဖြတ်လို့မရတဲ့ ကြိုးနဲ့ ချည်နှောင်ထားသလိုပဲ။ မမြင်ရတဲ့ကြိုးရဲ့ခိုင်မာမှု့ကို ကျွန်တော်တို့တွေဒီနေ့ထိသက်သေပြဖို့ မရနိုင်သေးပေမယ့် ဒီကြိုးဟာဘယ်လောက်ထိခိုင်မာတယ် တည်မြဲတယ် ဖြတ်ဖို့ရာပစ္စည်းမရှိသေးဘူးဆိုတာကို ကျွန်တော်တို့တွေ မျက်လုံးနဲ့မမြင်ဘဲလက်ခံနေကြရတယ်။ မိဘကလဲသားသမီး ဘယ်လောက်ဆိုးဆိုး မစွန့်ပစ်နိုင်သလို သားသမီးကလဲ မိဘ ဘယ်လောက်ဆိုးဆိုး မစွန့်ပစ်နိုင်ပါဘူး။ ကျွန်တော်အဲ့လိုပြောတော့ သိပ်လက်ခံချင်ကြမယ်မထင်ဘူး။ မိဘကသားသမီးဘယ်လောက်ဆိုးဆိုး ပစ်ရိုးထုံးစံမရှိဘူးဆိုတာကို ကျေကျေနပ်နပ်လက်ခံကြပေမယ့် သားသမီးက မိဘကိုမစွန့်နိုင်ဘူးဆိုတာကိုတော့ လက်ခံချင်ကြမှာမဟုတ်ဘူး လက်မခံချင်လဲလက်ခံရမယ့်အမှန်တရားပါ။ ကျွန်တော်တချိန် လူမှု့ရေးအလုပ် တွေလုပ်တုန်းကတွေ့ခဲ့ဖူးပါတယ် ဆိုးသွမ်းပြီးလူမှု့ရေးဖောက်ပြန်မှု့တွေနဲ့ နိုင့်ထက်စီးနင်း နှိပ်ဆက်ကလူပြုနေတဲ့ မိဘတွေကို မစွန့်ပစ်ရက်ဘဲ အရိုက်ခံပြီး ရှာကျွေးနေတဲ့ကလေးတွေကိုလေ. သူတို့ဘ၀လေးတွေ သိပ်သနားဖို့ကောင်းတယ်။ အဲ့လိုပဲ မူးရူးရိုင်းစိုင်းနေတဲ့ သားဆိုးသမီးဆိုးတွေကို မပစ်နိုင်တဲ့ အမေ အဖေတွေကိုလဲတွေ့ဖူးပါတယ်။ အဲ့လိုပဲ မိဘမဲ့ကလေးငယ်လေးတွေအများကြီးကို တွေ့ဖူးသလို သားသမီးမဲ့မိဘတွေတော်တော်များများကိုလဲဆုံတွေ့ဖူးပါတယ်။ မိဘတချို့ရဲ့တာဝန်မကျေမှု့ တစ်ခုကိုကြည့်ပြီး မိဘတွေမကောင်းဘူးလို့သိမ်းကျုံးမပြောရသလို သားသမီးတချို့ရဲ့တာဝန်မကျေမှု့ကိုကြည့် ပြီးတော့လဲ သားသမီးတွေမကောင်းပါဘူးလို့သိမ်းကျုံးမပြောရဘူး။ တအားကောင်းပါတယ်ဆိုတဲ့မိဘတွေလဲ ရှိသလို တအားကောင်းပါတယ်ဆိုတဲ့ သားသမီးတွေလဲရှိနေပါတယ်။ မိဘတိုင်းအတွက်သားသမီးတိုင်းက တန်ဖိုးဖြတ်မရသလို သားသမီးတိုင်းအတွက်လဲ မိဘတိုင်းက တန်ဖိုးဖြတ်မရပါဘူး။
ပုံတွေမနက်ဖြန်မှတင်တော့မယ်ဗျို့ ဟီး မရိုက်ရသေးလို့