ငယ်စဉ်က ညအိပ်ရာဝင် ဘုရားကန်တော့သည်အခါတိုင်း အနန္တငါးပါးရှိခိုးပါ၏။ ထိုအနန္တငါးပါးတွင် မာတာအမလညပါဝင်သည်။ မာတာပိတုဏော အနန္တောဟုရွတ်ဆိုပြီး အိပ်ယာဝင်သောဓလေ့ မြန်မာတို့၏ယဉ်ကျေးမှုဂါရဝပြသရုပ်ဖြစ်သည်။ မြန်မာလူမျိုးတို့သည် မြတ်ဗုဒ္ဓ၏အဆုံးအမဖြစ်သော (၃၈)ဖြာမင်္ဂလာ တရားတော်များထဲတွင် 'မာတာပိတု ဥပဋ္ဌာနံ' မိဘတို့ကို ပြုစုလုပ်ကျွေးရမည်ဟု မြတ်ဗုဒ္ဓဘုရားရှင်က ဟောကြားထားသည်။
မေတ္တာအရင်းခံပြီး ရရှိလာသော ရင်းသွေးကလေးများအပေါ် ထားရှိခဲ့သော ရင်တွင်းဖြစ်မေတ္တာတရားသည် မည်သို့မျှ စာညွှန်း၍မရနိုင်အောင်ထုထည်ကြီးမားလှသည်။ မာတာမိခင်အားလုံးတို့သည် ရင်သွေးမမွေးဖွားမီကပင် လောကကြီးအတွင်း ရောက်ရှိလာမည့် ရင်သွေးလေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ကြသည်။ အကောင်းဆုံးကိုလည်း မျှော်လင့်ထားကြသည်။ မိခင်အားလုံးတို့သည် ဖခင်များထက် အာဝေဏီကဒုက္ခ ပိုသည်။ သန္ဓေတည်စမှ မမွေးဖွားမီ ကိုးလကျော် ဆယ်လအထိ လေးလှံလှသော ရင်သွေးကလေးငယ်လေးအား အချိန် နာရီ မီနစ် စက္ကန့် မလပ်အောင် လွယ်ထားရင်းဖြင့် မိခင်တို့ကိုးကွယ်ရာ ဘာသာအလျောက် ခြေလက်အင်္ဂါစုံပါစေ တင့်တယ်ရှုမောဖွယ်ကလေးဖြစ်ပါစေဟု ဆုမွန်ခြွေရင်းဖြင့် အမေအားလုံးတို့သည် ကလေးမီးဖွားသည့် အာဝေဏိက ဆင်းရဲကို ပြင်းထန်စွာခံစားရသည်။ သန္ဓေတည်စမှ ရင်သွေးကလေးကိုယ်ဝန်လွယ်ထားရစဉ် ကာလအတွင်းပင်ကို စားသောက်မြိန်ရှက်စွာ သုံးဆောက်လာခဲ့သော အပူ အငံ အစပ် အခါးများ ရှောင်ကြဉ်၍ ရင်သွေးကျန်းမာရေးအတွက် အစာဆိမ့်အေးသင့်လျော်စွာ စားသုံးပြီးနေထိုင်ခဲ့ရသည်။
ထို့ကြောင့် မြတ်ဗုဒ္ဓဘုရားရှင်က မိခင်မေတ္တာသည် ' မြင်းမိုရ်တောင်ထက်ကြီးသည်' 'မာယာပင်လယ် သမုဒ္ဒရာထက် နက်ရှိုင်းသည်' ဟု ဟောကြားခဲ့သည်။ ထို့အပြင် မေတ္တာသုတ် ပရိတော်များထဲတွင် 'မာတာ ယထာ နိယံပုတ္တ မာယုသာ ဧကပုတ္တ မနုရက္ခေ' ဟု ပါရှိသည်နှင့်အညီ မိခင်အားလုံးတို့သည် ရင်၌ဖြစ်သော သားကိုကြင်နာစွာစောင့်ရှောက်၏ဟု ညွှန်ပြထားသည်။
MSU-007