ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်မည်ဆိုပါက တစ်ဦးတစ်ယောက်တည်းပြုလုပ်၍ရသော စက်ဘီးစီးခြင်း ရေကူးခြင်း ကြိုးခုန်ခြင်း စသည့်အားကစားနည်းများရှိသကဲ့သို့ အပေါင်းအသင်းများဖြင့်စုဖွဲ့ပြုလုပ်ရသော ဘောလုံး ဘော်လီဘော ခြင်းခတ်ကစားခြင်းနည်းများအပြင် ကိုယ်ခံပညာရပ်များဖြစ်သော တိုက်ကွမ်ဒို ကရာတေး ဂျူ ဒို လက်ဝှေ့အစရှိသည့် အားကစားနည်းများထဲမှ မိမိဝါသနာပါရာ မိမိနှင့်သင့်လျော်ရာ အားကစားနည်းတစ်ခုခုကိုရွေးချယ်၍ နေ့စဉ်ပုံမှန်ပြုလုပ်ပေးနိုင်သည်။ သို့သော်အကြောင်းအမျိုးမျိုးကြောင့် အားကစားလုပ်ရန်အခက်အခဲရှိသူ သို့မဟုတ် မလုပ်လိုပါက လမ်းလျှောက်ခြင်းကိုမဖြစ်မနေပြုလုပ်သင့်သည်။
လမ်းလျှောက်ခြင်းသည်ကား အချိန်နေရာမရွေး ငွေကုန်ကြေးကျမရှိ အားကစားရုံ အားကစားကွင်း အထောက်အကူပစ္စည်းနှင့်အပေါင်းအဖော်မလို အမျိုးသား အမျိုးသမီးမရွေး မွေးကင်းစနှင့် အိပ်ရာထဲလဲနေသူမှလွဲ၍ လူတိုင်းပြုလုပ်နိုင်သော ကျန်းမာစေသည့် နည်းလမ်းကောင်းပင်ဖြစ်သည်။ အသက်အရွယ်နှင့်ခံနိုင်ရည်စံနှုန်းအပေါ်မူတည်ပြီး ဝေးဝေးလံလံလမ်းလျှောက်လှမ်းနိုင်သကဲ့သို့ ကိုယ့်နေထိုင်ရာပတ်ဝန်းကျင်တွင်ပင် အခေါက်ရေများများလှည့်ပတ်၍လည်းလမ်းလျှောက်နိုင်သည်။
လမ်းလျှောက်သည့်အခါ လေကိုပို၍ရှူ ရှိုက်ရသဖြင့် အသက်ရှူ အင်္ဂါများအလုပ်ပိုလုပ်လာသည်။ နှလုံးမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့သို့ သွေးပို့လွှတ်အားမြန်ဆန်ကောင်းမွန်ကာ နှလုံးခုန်နှုန်းကိုထိန်းညှိပေးပြီး သွေးကိုကျဲစေသဖြင့် လေသင်တုန်းဖြတ်ခြင်းနှင့် သွေးခဲပိတ်ဆို့ခြင်းများ မဖြစ်ပေါ်နိုင်ပေ။ ထို့ပြင် ခန္ဓာကိုယ်နှင့် စိတ်ဓာတ်ကျန်းမာကြံ့ခိုင်စေခြင်း သာမန်သူများထက် သက်လုံကောင်းကာအမောခံနိုင်ခြင်း အဆီလျော့ကာ အဝမလွန်အောင်ထိန်းပေးခြင်း ဦးနှောက်နှင့် အာရုံကြောအားကောင်းကာဥာဏ်ရည်ထက်မြက်စေခြင်း ကိုယ်ခံစွမ်းအားမြင့်မားစေပြီးရောဂါများကိုကာကွယ်ပေးခြင်း အကြောအခြင်များကို ပျော့ပျောင်းစေ၍ ခန္ဓာကိုယ်ပေါ့ပါးသွက်လက်ဖွံ့ဖြိုးစေခြင်းနှင့် စိတ်ရွှင်လန်းကာနုပျိုသက်ရှည်စေခြင်း အကျိုးတရားများရရှိစေသည်။