ဒီနေ့ မီးငယ်အသက် ၂၆နှစ်ပြည့်ပြီ။ ပြီးခဲ့သည့်နှစ်ကတည်းက ဒီနှစ်မွေးနေ့ပွဲလေး လုပ်ပေးဖို့ ကိုအောင့်ကိုပြောထားခဲ့တဲ့အတိုင်း ကိုအောင်က မွေးနေ့ပွဲလေးလုပ်ပေးသည်။ သူငယ်ချင်း ၁၈ယောက်နှင့် မီးငယ်တို့လင်မယားနှစ်ယောက်အပါအဝင် အယောက်နှစ်ဆယ်စာ ပျော်စရာစားပွဲသောက်ပွဲလေးတခုကျင်းပပေးသည်။ မီးငယ်ဘဝတလျှောက် ပင်ပန်းခဲ့ရတာတွေများလွန်းသောကြောင့် မိမိ မွေးနေ့ဆိုသည်ကိုပင်မေ့လျော့နေတတ်သည်။ ကိုအောင်နှင့်အိမ်ထောင်ကျပြီးသည်အထိ မွေးနေ့ပွဲကျင်းပဖို့ စိတ်ကူးလုံးဝမရှိ။ အခြေအနေမပေးတာလည်းပါသည်။ ကိုအောင်ရော မီးငယ်ရော အလုပ်ကိုယ်စီရှိကြသည်မို့ ခွင့်မရသည်ကတကြောင်း ပွဲလုပ်ဖို့ စိတ်မပါသည်ကတကြောင်းကြောင့် မွေးနေ့ပွဲများ မလုပ်ခဲ့ပေ။ နောက်ဆုံး နှစ်ယောက်အတူ မွေးနေ့အထိမ်းအမှတ်အဖြစ် ညစာလေးတောင်မစားဖြစ်ကြ။ ထို့အတွက်လည်း တခါမျှ စိတ်မကောင်းမဖြစ်ခဲ့ပေ။ ကိုအောင့်မွေးနေ့သော်လည်းကောင်း မီးငယ်မွေးနေ့သော်လည်းကောင်း တခါမျှ ပွဲတခုအဖြစ်မကျင်းပခဲ့ဖူးပေ။ ဒီနှစ်တော့ ပွဲလေးတပွဲကျင်းပမှဖြစ်တော့မည်။ သူငယ်ချင်း၏မွေးနေ့ပွဲများသို့သွားတိုင်း မီးငယ်တို့လင်မယားကို ဘယ်တော့မွေးနေ့လုပ်မလဲပဲ အမြဲမေးကြသည်။ သူငယ်ချင်းများကပါတီလုပ်ရတာ ဝါသနာပါသောကြောင့် အကြောင်းမရှိအကြောင်းရှာ ပါတီလုပ်တတ်ကြသည်။ မီးငယ်ကိုလည်း ပါတီတခုပေးဖို့ပြောထားတာကြာပြီ။ ကိုအောင့်မွေးနေ့က ရောက်ဖို့လိုသေးသည်။ ထို့ကြောင့် မီးငယ်ကအရင်မွေးနေ့ပွဲလုပ်ဖြစ်သည်။ အလုပ်မှ ခွင့်သုံးရက်ယူထားသည်။ စနေတနင်္ဂနွေခံ၍ခွင့်ယူသောကြောင့် ပိတ်ရက်ငါးရက်ဖြစ်သွားသည်။ မွေးနေ့ပွဲပြီးပါက သူငယ်ချင်းတချို့နှင့်အတူ ခရီးတခုထွက်မည်ဟု စီစဉ်ထားကြသည်။ မီးငယ်မွေးနေ့ကို သူငယ်ချင်းများရော ကိုအောင်ပါ တက်တက်ကြွကြွဖြင့် လှလှပပ ပြင်ဆင်ပြုလုပ်ပေးကြသည်။ မီးပန်းဆွဲလေးတွေ နံရံကပ်ဖောင်းကြွစက္ကူပန်းလေးတွေ အသဲပုံဘောလုံးရောင်စုံလေးတွေဖြင့် တအိမ်လုံးက စိတ်ကူးယဉ်ဆန်ဆန်လှနေတော့သည်။ ကိုအောင်က မီးငယ်အတွက် ကိတ်မုန့်ကိုလည်း အကြီးကြီးမှာပေးသည်။ ကိတ်မုန့်အပေါ်မှာ ဖယောင်းတိုင် ၂၆တိုင်ကို လှလှပပစိုက်သည်။ ဖယောင်းတိုင် ၂၆တိုင်လုံး မီးထွန်းညှိပြီးချိန်မှာတော့ ဟက်ပီဘတ်ဒေးသီချင်းကို သံပြိုင်သီဆိုပြီး မီးငယ်က ဖယောင်းတိုင်တွေကို ခေါင်းယမ်းပြီး လိုက်မှုတ်သည်။ ထိုအချိန်တွင် မီးငယ်ဘေးကပ်ရပ်နေရာမှ မီးငယ်နှင့်အတူ လူတယောက်ကပါ ဖယောင်းတိုင်တွေလိုက်မှုတ်ပေးသလိုခံစားလိုက်ရသည်။ ကြက်သီးဖြန်းကနဲထသွားပေမယ့် သူငယ်ချင်းတယောက်ယောက်ဝင်မှုတ်ပေးခြင်းပင်ဟု နားလည်လိုက်သည်။သို့သော် သူငယ်ချင်းများအားလုံး မီးငယ်အနောက်ဖက်တွင်ရပ်လျှက် လက်ခုပ်တီးပေးနေကြသည်။
ကိတ်မုန့်ကိုလှီးသည်။ အဆင်သင့်ချထားသော ပန်းကန်ပြားသေးသေးလေး အချပ်၂၀ပေါ်သို့ ကိတ်မုန့်တွေလှီးထည့်ပေးလိုက်သည်။ တယောက်ချင်းစီကို ဝေငှပေးလိုက်သည်။
ထိုအချိန်တွင်
' မီးငယ် စန္ဒာ့ကိုကိတ်မပေးရသေးဘူးလေ '
ကိုအောင်က အဲ့လိုလှမ်းပြောတော့ မီးငယ်က ကိတ်မုန့်စားပွဲပေါ်ကိုပြန်ကြည့်လိုက်သည်။ ပွဲမစခင်ကတည်းက အယောက် ၂၀အတွက် ပန်ကန်အချပ်၂၀ အအေးခွက် ၂၀ ချထားခဲ့ပြီးခဲ့တာကို စန္ဒာက တပန်းကန်မရသေးဘူးဆို၍ မီးငယ်စိတ်ရှုပ်သွားသည်။ စားပွဲပေါ်တွင် ပန်းကန်လည်းတချပ်မှမရှိတော့။ လူတွေအများကြီးကြားမှာ တပန်းကန်လိုတဲ့ အတွက်ကြောင့်တော့ မီးငယ်စိတ်ရှုပ်၍မဖြစ် ။ မီးဖိုချောင်ထဲက တပန်းကန်သွားယူပေးပြီး စန္ဒာ့ကို ကိတ်မုန့်ထည့်ပေးလိုက်သည်။ မီးငယ်စိတ်ထဲတွင်မတော့ မကျေမလည်ဖြစ်နေသည်။ ထို့ကြောင့် ကိတ်မုန့်စားနေတဲ့သူငယ်ချင်းတွေကို လိုက်ရေကြည့်သည်။ တစ် နှစ် သုံး လေး ……… တဆယ့်ကိုး နှစ်ဆယ်။ ကွက်တိ။ မီးငယ်စဉ်းစားရတော့သည် အအေးခွက်တွေကိုလိုက်ရေကြည့်သည်။ ခွက်နှစ်ဆယ်ကွက်တိ။ ပွဲမစခင်က မီးငယ်များပန်းကန်ရေတာမှားသလား။ ဒါတော့မဖြစ်နိုင်။ အအေးခွက်နှင့်ပန်းကန်ပြားတွေကို တွဲထားသောကြောင့် ပန်းကန်တချပ်ပဲကွက် လိုနေတာ ဘယ်လိုမှမဖြစ်နိုင်။ လိုပါက အအေးခွက်ပါ လိုနေရမည်။ အခုတော့ ပန်းကန်တချပ်သာ လိုနေသည်။ ဘာပဲဖြစ်ဖြစ် မီးငယ်မွေးနေ့လေး ပျော်ပျော်ရွှင်ရွှင်ဖြင့် ကျင်းပနိုင်သည်ကိုတော့ မီးငယ်ဝမ်းသာမိသည်။သူငယ်ချင်းများလည်းပျော်ကြသည်။ သီချင်းဆိုသူဆို ကသူကနှင့် တပျော်တပါးစားသောက်နေကြတော့ ခုနက ပန်းကန်တချပ်လိုသည့်ကိစ္စကိုပင် မီးငယ်အာရုံမထားနိုင်တော့။ ကိုအောင်ကလည်း မီးငယ်ကိုလိုလေသေးမရှိ ဂရုစိုက်အလိုလိုက်တော့ မီးငယ်အပျော်လွန်နေသည်။ တသက်နှင့်တကိုယ်မွေးနေ့ပွဲကို ပထမဦးဆုံးလုပ်ရသည်မဟုတ်ပါလား။ သီဆိုကခုန်ပြီးနောက် ထမင်းစားကြသည်။
ထိုသို့ပျော်ပါးစားသောက်ကြပြီးနောက် သူငယ်ချင်းတချို့ပြန်ကြသည်။ တချို့တလေကျန်ခဲ့သည်။ ထိုကျန်ခဲ့သောတချို့ဆိုသည်မှာ မနက်ဖြန်ခရီးထွက်သည့်အထဲ ပါသည့်သူများပင်ဖြစ်သည်။ အားလုံးက ကလေးမရသေးသော အိမ်ထောင်သည်စုံတွဲများဖြစ်သောကြောင့် ပို၍လွတ်လပ်ကြသည်။ ကျန်ခဲ့သည့်အထဲမှ မိန်းကလေးများက မီးငယ်နှင့် ပန်းကန်ခွက်ယောက်များဝိုင်းသိမ်းပေးကြသည်။ ယောက်ျားလေးများက အိမ်သန့်ရှင်းရေးလုပ်ကြသည်။
မီးငယ်တို့မိန်းကလေးတစု မီးဖိုချောင်ထဲတွင် ပန်းကန်တွေဆေးနေရင်း ကိတ်မုန့်ပန်းကန်လေးတွေကို ရေဖို့ မီးငယ်သတိရသွားသည်။ ထမင်းစားပန်ကန်တွေကတော့ ဘယ်နှစ်ချပ်မှန်းမရေထားသောကြောင့် အတိအကျမသိ။ သို့သော် ကိတ်မုန့်ပန်းကန်ကတော့ မီးငယ်သေချာရေထားသည့်ကြားမှ တချပ်လိုသည်မှာ တစုံတယောက်ကြောင့်များကွဲသွားလို့လား။ မဖြစ်နိုင်။ မီးငယ်ပန်းကန်တွေကို အဝတ်ဖြင့်သုတ်ရင်းရေသည်။ တချပ် နှစ်ချပ် သုံးချပ်……… တဆယ့်ကိုး နှစ်ဆယ် ။ နှစ်ဆယ့်တစ်။ ဟင် နှစ်ဆယ့်တချပ်။ ကိတ်မုန့်ပန်းကန်အသေးလေး စုစုပေါင်း နှစ်ဆယ့်တချပ်။ အခါခါအထပ်ထပ် ရေကြည့်သည်။ နှစ်ဆယ့်တစ်ချပ်။ မွေးနေ့ပွဲစစချင်းက ပန်းကန်အချပ်နှစ်ဆယ်ထားခဲ့သည်။ တကယ်ကိတ်စားခါနီးအချိန်တွင် တချပ်လို၍ မီးငယ်က တချပ်ထပ်ယူပေးရသည်။ အဲ့ဒီ့တုန်းက လူအယောက်နှစ်ဆယ်အတွက် တချပ်လိုပါက ယခုပြန်ရေသည့်အခါတွင် နှစ်ဆယ့်တချပ် ဖြစ်စရာအကြောင်းမရှိ။ အခုတော့ လူအယောက်နှစ်ဆယ်စားခဲ့သော ကိတ်မုန့် ပန်းကန်မှာ နှစ်ဆယ့်တချပ်ဖြစ်နေသည်။ ဝေခွဲမရသောစိတ်ရှုပ်ထွေးမှုများဖြင့် အိပ်ယာဝင်ခဲ့ကြတော့သည်။
ဆက်ရန်ရှိသေးသည်။
စုမွန်သွယ်
MSU - 57
Photo credit , air-tan.com