နဂိုကမှ အကြောက်ကြီးကြောက်နေသော စန္ဒာနှင့် ရီမြင့်က ထိုအကြောင်းကြားရ၍ ငိုပါငိုတော့သည်။ သူတို့ယောက်ျားတွေက ဖျောင်းဖျရသည်။ မီးငယ်ကတော့ ပို၍ပင်သိချင်လာသည်။ ဘာလဲ ။ ဘယ်သူလဲ။ ကိုယ်တိုင်လည်းမြင်လိုက်ရသည်။ ယခုလည်း ကိုအောင်တို့က အသံကြားရသည်ဟုဆိုသည်။ ဒီအိမ်မှာနေလာခဲ့တာ နှစ်ပေါင်းကြာပြီဖြစ်သော်လည်း ယခုကဲ့သို့သော အဖြစ်မျိုး တခါမျှမဖြစ်ဖူးခဲ့ပေ။ မီးငယ်ရော ကိုအောင်ပါ သရဲတစ္ဆေမကြောက်တတ်ကြ။ သို့သော် ဒီတခါကတော့ဖြင့် ထူးဆန်းသည်။ ဘာအကြောင်းကြောင့်ဖြစ်မလဲ သိချင်လာသည်။ ဒီနေ့မနက်မိုးစင်စင်လင်းတာနှင့် ဘုန်းကြီးပင့်၍ ပရိတ်ရွတ်လို့ရပါလျှက်နှင့် ကိုအောင်တို့ကလည်း မနက်ဖြန်ကိုရွေးသည်။ မီးငယ်ကိုအောင့်အကြောင်းသိသည်။ ဒီနေ့တရက် သူတအိမ်လုံးကို ပိုက်စိတ်တိုက်တော့မည်။ စန္ဒာနှင့်ရီမြင့်ကတော့ ငိုလို့
ကောင်းဆဲ။ အိမ်ပြန်မယ်ချည်းပြောနေသည်။ သူတို့ယောက်ျားများကလည်း ဒီနေ့တရက်တော့ စူးစမ်းချင်ကြသေးသည်ထင်သည်။ အမျိုးမျိုး ချော့မော့ပြောဆိုပြီး မနက်ဖြန် ပရိတ်ရွတ်ပြီးမှ ပြန်ကြဖို့ ပြောနေသည်။ ထိုသို့ဖြင့် မိုးလင်းခဲ့လေပြီ။ ကိုအောင်က မနက်စာသွားဝယ်သည်။ တနေကုန်စားဖို့အတွက်ပါ စားစရာတွေအများကြီးဝယ်ခဲ့သည်။ မိန်းကလေးတွေအကြောက်လွန်ပြီး မီးဖိုချောင်မဝင်ရဲမှာကိုသူသိသည်။ ကိုအောင်ပြန်လာတော့ မီးငယ်က ကော်ဖီဖျော်ကာ စောင့်နေသည်။ ကျန်လူများကတော့ အိမ်ရှေ့မှာ ခွေခွေလေးတွေထိုင်နေကြသည်။ အားလုံးစုပြီး မုန့်စားကြသည်။ ကိုအောင်က အားလုံးကိုရယ်စရာများပြောသည်။ မကြောက်ကြဖို့နဲ့ တခုခုဖြစ်ရင် သူဖြေရှင်းပေးမယ်ဟုပြောသည်။ ထိုစဉ် ' ဒေါက် ဒေါက် ဒေါက် ဒေါက် ' အသံသည် ပို၍ပီပြင်လာသည်။ အသံလာရာဘက်ကို အားလုံးစောင်းငဲ့ကြည့်လိုက်ကြသည်။ ဘယ်နေရာက မြည်နေတာလဲ။ လိုက်ရှာကြသည်။ မိန်းကလေးတွေက ထိုင်ရာမထ ငြိမ်ပြီး ကြည့်နေပေမယ့် ယောက်ျားလေးများကတော့ ထပြီး ရှာကြသည်။ အသံက ရပ်သွားသည်။ သူတို့ခြေလှမ်းတွေလည်း ရပ်လိုက်သည်။ တအောင့်အကြာတွင် ထပ်ကြားရပြန်သည်။ ဒေါက် ဒေါက် ဒေါက် ဒေါက် ။ ဒီတခါတော့ မိန်းကလေးများပါထိုင်ရာကထသည်။ ကြောက်စိတ်နှင့်အတူ စူးစမ်းချင်စိတ်များပါ ပါလာသည်။ ဘယ်ကမြည်နေတာလဲ။ ထိုစဉ် မီးငယ်မျက်လုံးသည် လှုပ်ရှားမှုတခုစီသို့ရောက်သွားသည်။ သော့ဂလောက်။ နံရံတွင် ချိတ်ထားသော သော့ဂလောက်။ သော့ဂလောက်က ဘယ်ညာရမ်းနေသည်။ အရှိန်ပြင်းသောကြောင့် ဘေးကနံရံကပ်အကျီ င်္ချိတ်ကိုပါသွားရိုက်မိနေသည်။ ထို့ကြောင့်တဒေါက်ဒေါက်အသံပေါ်ထွက်လာရခြင်းဖြစ်သည်။ မီးငယ်ကြည့်သောနေရာသို့ အားလုံးစုပုံကြည့်ကြသည်။ သော့ဂလောက်မှာ လူတယောက်ကကိုင်ပြီး လှုပ်ရမ်းနေသလိုကို ဘယ်ညာယိမ်းနေသည်။ ထူးဆန်းလွန်းလှသည်။ အားလုံးခေတ္တခန ငြိမ်သက်သွားကြသည် ။ အသက်ရှူသံများ တရှူးရှူးဖြင့်ထွက်ပေါ်လာသည်။ ခနကြာတော့ ကိုအောင်က သော့ဂလောက်အနားသို့တိုးသွားသည်။ ကိုအောင့်နောက်မှ ဇော်ဇော်နှင့် ထူးမော်တို့လိုက်သွားကြသည်။ ' ကိုအောင် ' ။ မီးငယ်က စိုးရိမ်တကြီးလှမ်းခေါ်တော့ ကိုအောင်က လှည့်ကြည့်ပြီး ပြုံးပြသည်။ သရဲသတ်လို့ မသေပါဘူးကွာတဲ့။ သော့ဂလောက်အနားသို့ ကိုအောင်တို့ရောက်သွားချိန်အထိ လှုပ်တာမရပ်သေး။ ခနစောင့်ကြည့်ကြသည်။ ထိုစဉ် ဒုတ်ကနဲအသံမြည်သွားသည်။ ကြည့်လိုက်တော့ ဘေးက အကျီ င်္ချိတ်ကလေးကျိုးကျသွားခြင်းဖြစ်သည်။ သော့ဂလောက်နှင့်တိုက်ပါများတော့ ကျိုးသွားခြင်းဖြစ်သည်။ ထို့နောက်သော့ဂလောက်လှုပ်တာ ရပ်သွားသည်။ တဖြည်းဖြည်းချင်းရပ်တာမျိုးမဟုတ်ပါဘဲ တုန့်ကနဲရပ်သွားခြင်းဖြစ်သည်။ ကိုအောင်က သော့ဂလောက်ကိုတဖြည်းဖြည်းလက်နဲ့ထိကြည့်သည်။ ဘာမှမထူးခြား။ တခုခုအလေးချိန်ကြောင့် ဒါမှမဟုတ် တခုခုဆွဲအားကြောင့် လှုပ်ရမ်းတာဆိုလျှင် နောက်တခါထပ်လှုပ်နိုင်သေးသည်။ထို့ကြောင့် ကိုအောင်က သော့ဂလောက်ကို လက်ဖြင့် ယမ်းလိုက်သည်။ အားလုံးမျက်တောင်မခတ်စူးစိုက်ကြည့်နေသည်။ ခနကလို အကြာကြီးလှုပ်ရမ်းခြင်းဖြစ်မဖြစ် သေချာကြည့်နေကြသည်။ ထိုစဉ် ဝုန်းဆိုသောအသံနှင့်အတူ အားလုံးရုန်းရင်းဆန်ခတ်ဖြစ်သွားတော့သည်။ မီးငယ်လွင့်ထွက်သွားခြင်းဖြစ်သည်။ ရပ်နေသောနေရာမှ ဆယ်ပေခန့်အကွာအဝေးအထိ မီးငယ်လွင့်ထွက်သွားသည်။ အော်ကြဟစ်ကြဖြင့် ပတ်ဝန်းကျင်ကလူများပါရောက်လာကြသည်။ ဘာဖြစ်တာလဲ ဘာတွေလဲ ဆိုတဲ့အမေးတွေကို နေမကောင်းတာပါ။ ချော်လဲသွားတာပါ။ စသဖြင့် ကိုအောင်က ဒိုင်ခံဖြေပေးနေသည်။ စန္ဒာနှင့် ရီမြင့်က မီးငယ်ကို အိပ်ယာထဲလိုက်ပို့ရင်းငိုသည်။ မီးငယ်သည်ပင် သူ့ကိုယ်သူဘာဖြစ်လို့ဘာဖြစ်လိုက်မှန်းမသိဖြစ်နေသည်။ ပြုတ်ကျထားသောအရှိန်ကြောင့် ခါးကနာနေသည်။ အခြေအနေမကောင်းသည်ကိုရိပ်မိသော ကိုအောင်က နောက်နေ့ထိမစောင့်တော့ဘဲ ဘုန်းကြီးငါးပါးပင့်ကာပရိတ်ရွတ်လိုက်သည်။ ဒီညတော့ မီးငယ်အိပ်လို့ရပြီထင်ပါရဲ့။
သူငယ်ချင်းများပြန်သွားတော့မှ မီးငယ်က ကြောက်စိတ်ဝင်ချင်သလိုဖြစ်နေသည်။ သူငယ်ချင်းများကတော့ တခုခုဆိုဖုန်းဆက်ဖို့အတန်တန်မှာသည်။ တကယ်ဆို ထူးမော်နှင့် ဇော်ဇော်ကမပြန်ချင်သေး။ စန္ဒာနှင့်ရီမြင့်ကြောင့်သာပြန်သွားရခြင်းဖြစ်သည်။ ဒီညတော့ ကိုအောင်နှင့်မီးငယ်နှစ်ယောက်တည်း။ ခါတိုင်းလည်း နှစ်ယောက်တည်းနေနေကျပေမယ့် ဒီနေ့ကျမှ ခြောက်ခြားသလိုဖြစ်နေသည်။ ပရိတ်လည်းရွတ်ပြီးပြီ။ ရေမန်းတွေလည်းဖြန်းပြီးပြီ။ ဘာကြောက်စရာလိုသေးလဲဟု ကိုအောင်ကပြောသည်။ သို့သော် မမြင်ရသောအရာတခုအတွက်စိတ်လှုပ်ရှားနေတာတော့ အမှန်ဖြစ်သည်။ ညဦးကတည်းက ညစာစားသောက်သောက်ပြီး အိပ်ယာထဲဝင်လိုက်ကြသည်။ စောစောအိပ်တော့ အကြောက်သက်သာတာပေါ့ဟူသောကြောင့်ဖြစ်သည်။ ကိုအောင်က ဘာမီတွန်တလုံးမီးငယ်ကိုတိုက်သည်။ တကယ်ပဲ ဒီညတော့ ဆေးသောက်အိပ်ဖို့လိုသည်။ မီးငယ်တို့အိပ်လိုက်ကြသည်။ အိပ်ပျော်သွားကြသည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေစဉ် မီးငယ်ခြေထောက်တဖက်နွေးကနဲခံစားလိုက်ရသည်။ ခြေထောက်ကိုကွေးလိုက်သည်။ နောက်လက်ဖဝါးကနွေးသွားသည်။ လက်ကိုခေါင်းအုံးအောက်ထည့်လိုက်သည်။ မီးငယ်ကျောပြင်တွင်တစုံတခုကပ်နေသလိုခံစားရပြန်သည်။ ကိုအောင်ပဲဖြစ်မည်ဟုထင်ပြီး မျက်လုံးဖွင့်ကြည့်တော့ ကိုအောင်က မီးငယ်နဲ့မျက်နှာချင်းဆိုင်ပြီးအိပ်နေသည်။ ဟင် မီးငယ်အနောက်ကိုအလှည့်ရဲတော့ပေ။ အနောက်မှာဘာလဲ။ သေချာတာကတခုခုအမှန်ပင်ကပ်နေသလိုဖြစ်နေသည်။ အထိအတွေ့ကိုလည်းသိနေသည်။ အသံလည်းမထွက်ရဲ။ လှုပ်လည်းမလှုပ်ရဲ။ အသက်ရှူသံများမြန်လာသည်။ နှလုံးခုန်နှုန်းက တဒိတ်ဒိတ်ဖြစ်လာသည်။ ထိုစဉ် နောက်ကျောမှတစုံတရာက မီးငယ်ခေါင်းပေါ်ရောက်လာသည်။ ဆံပင်တွေကိုပွတ်သပ်နေသလိုခံစားရသည်။ ထိုမှတဆင့် လက်တဖက်ဖြင့်မီးငယ်ကိုအတင်းဖက်လိုက်သလိုအသက်ရှူကျပ်သွားတော့သည်။ ကိုအောင်ကတော့ ဘာမှမသိ အိပ်ကောင်းဆဲ။ ကိုအောင် ကိုအောင် ကိုအောင် ။ မီးငယ်အော်ခေါ်သည်။ သို့သော် အသံကထွက်မလာ။ အသံထွက်လို့မရ။ လည်ပင်းထဲတစ်ဆို့နေသလိုဖြစ်နေသည်။ ကိုအောင့်ကိုလက်နဲ့လှုပ်နှိုးကြည့်သည်။ လက်ကကိုအောင့်ကိုမထိနိုင်လောက်အောင်ကို အားနည်းနေသလိုဖြစ်နေသည်။ မီးငယ်ကို ဘယ်သူက အနောက်ကနေဖက်ထားသလဲ။ ဘာကြီးလဲ။ လက်တဖက်ဆိုတာတော့သေချာသည်။ ဒါဆို လူလား။ မီးငယ်လှည့်ကြည့်မှဖြစ်မည်။ လှည့်ကြည့်ရမည်။ ရင်ထဲမှာမွန်းကျပ်ပြီး ချွေးစေးများပြန်လာသည်။ အားကုန်သုံးပြီး အနောက်ဖက်ကိုလှည့်လိုက်သည့်အချိန်တွင်တော့ …………… ။ အမလေးးးးး ။
' မီးငယ် မီးငယ် ဘာဖြစ်လဲ ဘာဖြစ်တာလဲဟင် အိပ်မက်မက်တာလား ဟုတ်လား ' ။ ဘေးနားတွင်စိုးရိမ်တကြီး မေးနေသောကိုအောင့်ကိုပြန်မဖြေနိုင်ဘဲ ဖက်ပြီးငိုလိုက်မိသည်။ မီးငယ်အိပ်မက်မက်ခြင်းလား။တကယ်ဖြစ်ပျက်ခြင်းလား။ မသဲကွဲ။ သေချာသည်ကတော့ အထိအတွေ့တခုကိုသိလိုက်ရသည်။ မျက်နှာတခုကိုမြင်လိုက်ရသည်။ ကိုအောင့်ကိုပြောပြရသည်။ မျက်နှာတခုကိုသေချာမြင်လိုက်ရသည်ဟု။ ကိုအောင်က စိတ်ထင်တာပါဟု မပြောတော့။ ဘာတွေရှိနေတာလဲကွာ ပရိတ်လည်းရွတ်ပြီးပြီပဲ ဟုသာ ငြီးတွားသည်။ မိုးလည်းလင်းတော့မှာဖြစ်တဲ့အတွက် မီးငယ်တို့နှစ်ယောက်မျက်နှာသစ် ကော်ဖီသောက် မုန့်စားကြသည်။ မီးငယ်တချိန်လုံးစဉ်းစားနေသည်မှာ မြင်ခဲ့ရသောမျက်နှာအကြောင်းဖြစ်သည်။ မီးငယ်မြင်ဖူးသည်။ တရင်းတနှီးမြင်ဖူးသည်။ သို့သော် မရေရာမသေချာ။ ထိုစဉ် ဇော်ဇော်ကဖုန်းဆက်လာသည်။ အခြေအနေကို ကိုအောင်ကရှင်းပြသည်။ အားလုံးခွင့်ယူထားသောကြောင့် ဘယ်သူမှအလုပ်ပြန်မဝင်သေး။ ထို့ကြောင့် မီးငယ်တို့ဆီ လာခဲ့မယ်ဟုပြောပြီးဖုန်းချသွားသည်။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းများရှိတော့ အားတက်ရသည်မဟုတ်ပါလား။မီးငယ် စိတ်မလုံခြုံသလိုခံစားရသည်။အိမ်ထဲတွင် တစုံတယောက်ထပ်ရှိနေသလိုခံစားနေရသည်။ ကိုအောင်လည်း ထိုသို့ပင်ဖြစ်နေသည်။ ဒီနေ့တော့ ဇော်ဇော်တို့လာမည်ဆိုသောကြောင့် အိမ်သန့်ရှင်းရေးလုပ်မည်ဟုစိတ်ကူးသည်။ ချောင်တွေ ထောင့်တွေကို သေချာသန့်ရှင်းရမည်။ ပြုပြင်သင့်တာ့ပြုပြင်ရမည်။ ဇော်ဇော်တို့လေးယောက်ချိန်းပြီးရောက်လာကြသည်။ စန္ဒာနှင့်ရီမြင့်က မနေ့ကလောက်တော့ မကြောက်တော့။ ပရိတ်ရွတ်ပြီးသွားလို့ စိတ်အေးသွားတာလည်းပါမည်။ မီးငယ်ကိုလည်းအားပေးကြသည်။ စားစရာများလည်းချက်ပြုတ်ပြီး ယူလာကြသည်။ ထိုသို့ဖြင့် အိမ်သန့်ရှင်းရေးလုပ်ငန်းစကြတော့သည်။ တံမြက်စည်း ကြက်မွှေး ကြမ်းတိုက်ဝတ်အစုံဖြင့် တအိမ်လုံးကိုနံရံတွေပါမကျန် ပွတ်တိုက်သန့်ရှင်းရေးလုပ်ကြသည်။ နံရံမှာကပ်ထားသောဓါတ်ပုံများကို ဖြုတ်ပြီး ဖုန်သုတ်သည်။ ကြက်ခိုးများကိုရှင်းသည်။ အယောက်စေ့အလုပ်စေ့ဖြင့် အလုပ်ရှုပ်နေကြသည်။ ထိုစဉ် ဒုတ်ကနဲအသံနှင့်အတူ မီးငယ်လဲကျသွားသည်။ မီးဖိုချောင်ဘက်မှလည်း ဝရုန်းသုန်းကားအသံများ ပြိုင်တူကြားလိုက်ရသည်။ အားလုံးရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။ လဲကျသွားသောမီးငယ်ကို ရီမြင့်က ပွေ့ထူသည်။ ကိုအောင်ကပါ မီးငယ်နားရောက်လာသည်။ ဘာဖြစ်တာလဲဟုမေးသည်။ဘာဖြစ်မှန်း မီးငယ်မသိပေ။ ခေါင်းတခုလုံးပူထူမူးနောက်သွားတာတော့ သိလိုက်သည်။ ဘေးဘီကိုကြည့်လိုက်တော့ ရေမွှေးပုလင်းတပုလင်းတွေ့သည်။ ဒီရေမွှေးက မီးငယ်တို့အိပ်ခန်းထဲကရေမွှေးဖြစ်သည်။ ပုလင်းပုံစံက လေးထောင့်ဖြစ်သည်။ ရေမွှေးပုလင်းထုံးစံအတိုင်း အောက်ခြေအနားထူသည်။ အိပ်ခန်းထဲကရေမွှေးပုလင်းသည် အဘယ်သို့သော အကြောင်းကြောင့် အိမ်ရှေ့ဧည့်ခန်းထဲရောက်ရှိလာရသနည်း။ နောက်ပြီး မီးငယ်ခေါင်းကို နောက်ကနေ ပစ်လိုက်သည်ဆိုတော့ တယောက်ယောက်ကများ မီးငယ်ကိုမကျေနပ်လို့ပစ်လိုက်လေသလား။ တယောက်ယောက်လုပ်တယ်ပြောရအောင်ကလည်း အိမ်ရှေ့တွင် သုံးယောက် မီးဖိုချောင်တွင်သုံးယောက် အလုပ်အတူလုပ်နေကြခြင်းဖြစ်သည်။ အိပ်ခန်းထဲဘယ်သူကမှမဝင်။ ကိုအောင်ကမီးဖိုချောင်ဘက်ပြေးသွားသည်။မီးဖိုချောင်ထဲတွင် ပန်းကန်များတိုက်ချွတ်ဆေးကြောနေသော စန္ဒာ့တကိုယ်လုံး ရေတွေရွှဲနေသည်။ ခေါင်းမှစ၍ခြေဖျားအထိ ရွှဲရွှဲစိုနေသည်။ မီးငယ်နဲ့ရီမြင့်ပါမီးဖိုထဲဝင်လာကြသည်။ ဘာဖြစ်တာလဲဟုမေးသည်။ ဒီရက်အတွင်း ဘာဖြစ်တာလဲဟူသောအမေးသည် တယောက်ကိုတယောက်အများဆုံးမေးဖြစ်သောမေးခွန်းဖြစ်သည်။ စန္ဒာကပန်းကန်ဆေးနေစဉ် ထူးမော်နှင့် ဇော်ဇော်က ကြောင်အိမ်အတွင်းအပြင်ကိုအဝတ်ဖြင့် တိုက်နေသည်။ ထိုစဉ် ဝုန်းကနဲအသံနှင့်အတူ စန္ဒာ့တကိုယ်လုံးရေရွှဲနေတာမြင်လိုက်ကြရသည်။ စန္ဒာကတော့ ကြောက်၍ ဒူးများပင်တုန်နေသည်။ အားလုံးခနနားကြသည်။ စန္ဒာ့ကိုမီးငယ်အဝတ်များပေးဝတ်လိုက်သည်။ ခနနားပြီး ထမင်းစားဖို့ပြင်သည်။ သို့သော် ဘယ်သူမှ ထမင်းစားချင်စိတ်မရှိပေ။ ဇော်ဇော်ကတော့ ဆဲနေသည်။ သတ္တိရှိရင် အပြင်မှာထွက်ခဲ့ဟုထူးမော်ကအော်ပြောသည်။ စိတ်ရှုပ်သည်က မီးငယ်ဖြစ်သည်။ မီးငယ်ဘယ်သွားသွား လူတယောက်က ဘေးနားကနေတကောက်ကောက်လိုက်နေသလိုခံစားနေရသည် ။ လုပ်လက်စတွေ လက်စသတ်၍ အားလုံးနားလိုက်ကြသည်။ အထွေအထူးတော့ ဘာစကားမှမပြောဖြစ်ကြတော့ပေ။ ထိုညမှစ၍ မီးငယ်စိတ်တွေ ခြောက်ခြားတော့သည်။
ညတိုင်းထိုမျက်နှာကိုမြင်ရသည်။ သေသေချာချာမြင်ရသည်တော့မဟုတ်။ မီးငယ်ကိုစိုက်ကြည့်နေသော ထိုမျက်လုံးများကို မီးငယ်ရင်းနှီးနေသည်။ သူဘယ်သူလဲ။ ညဘက်တွေဆိုလျှင် မီးငယ်အိပ်ယာဘေးသို့ရောက်လာသည်ကိုမီးငယ်သိသည်။ကိုအောင့်ကို အားကုန်ဖက်ထားသော်လည်း ထိုလူရှိနေသည့်အသိကိုဖျောက်မရ။ နေ့ရက်တွေဆက်လာတော့ အိပ်ရေးတွေပျက်လာသည်။ အလုပ်ထဲတွင် အိပ်ငိုက်သည်။ အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ပေ။ အိပ်မပျော်တဲ့ညများရှိသလို အိပ်ပျော်တဲ့ညများဆိုလျှင်လည်း ထိုမျက်ဝန်းကိုမြင်ပြီးလန့်နိုးသည်။ ထိုမျက်ဝန်းသည် မီးငယ်ကို စကားပြောချင်နေတယ်လို့ ခံစားမိသည်။ ဘာတွေပြောမည်လဲ။ ထိုသို့ပင် မီးငယ်စိတ်ခြောက်ခြားပြီး အိပ်ရေးပျက်တဲ့ရက်များလာခဲ့တော့သည်။ ကိုအောင်ကတော့ မီးငယ်ကိုအလုပ်ကနားခိုင်းလိုက်သည်။ အိမ်မှာ နယ်ကကိုအောင့်အဒေါ်တယောက်ကို ခေါ်ထားသည်။ မီးငယ်အဖော်ရအောင်ဖြစ်သည်။ နေ့ခင်းဘက်များတွင်လည်း မီးငယ်အိပ်မပျော်တော့ပေ။ ကြာတော့ မီးငယ်ပုံစံက မူမှန်ဖြစ်လာသည်။ အစားမမှန်ဖြစ်လာသည်။ မျက်တွင်းဟောက်ပက်နှင့် ပိန်ချုံးကျလာသည်။ အဲ့တော့လည်း ဆေးခန်းသို့သာပြေးရတော့သည်။ မီးငယ်ပြနေကျ အထူးကုဆရာဝန်ကြီးကမှတဆင့် စိတ်ရောဂါအထူးကုဆရာဝန်ဆီကို လွှဲပေးသည်။ စိတ်ရောဂါကုဆရာဝန်ကြီးနှင့်မီးငယ်ဆက်ပြရသည်။
ဆက်ရန်ရှိသေးသည်။
စုမွန်သွယ်
MSU - 57
Photo credit - https://www.theatlantic.com