တချို့က ဖင်ထောင်ဦးချ
ဘာတွေရကြပါသလဲ
တချို့ကျတော့ လက်ဝါးချင်းကပ်
ရင်ညွန့်ထက်သို့
ဘာကိုမျှော်မှန်းကြသလဲ။
သစ္စာသည် ပရမတ်
ပရမတ်သည် သုည
ဖြစ်စဉ်တွေကြားမှာ
ဘုရားတွေ အလီလီပွင့်ပြီး
ကမ္ဘာတွေ တချီပြီးတချီသုဉ်းကုန်တယ်။
ကြိုးစားရင်ဘုရားတောင်ဖြစ်တယ်လို့ပြောပြီး
ငါဘုရားဖြစ်ပြီ လို့ဆိုတော့
သူတော်စဉ်မာနတ်ကြီးတွေက
အင်္ကျီကိုဖြဲ ဓါးကိုဆွဲပြီး
အတင်းအမဲလိုက်တော့တယ်။
ငါလည်းကြိုးစားခဲ့တာပဲ။
အော်..
သစ္စာတရားရှာပုံတော်မှာ
တရားတဖက် ဓါးတလက်နဲ့
စစ်ခင်းထွက်တဲ့ တဖက်လပ်ငရမန်က
သူရဲကောင်းဖြစ်သွားသတဲ့လား။
ဟေ့-ဒီမှာ
မင်းတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်မှာ
နိဗ္ဗာန်ရှိမနေဘူး။
ပန်းတိုင်တွေဝေေ၀၀ါးနဲ့
ကိုယ်ထင်ရာဘုရားဖြစ်နေတာကိုက
မင်းတို့ရဲ့ပန်းတိုင်ကွဲ့။
မင်းဦးချတဲ့အရပ်
ငါ့ကျောဘက်မှာ
လူသားဖြစ်တည်မှုသမိုင်းမှန်ရှိတယ်။
မင်းမသိပေမယ့်
မင်းဝိဥာဏ်ကလှည့်စားတတ်တယ်။
အပြုံးတွေရက်ရောပြီး
ရုန်းလေနှစ်လေလုပ်လိမ့်မယ်။
အမှားကို အမှန်ထင်ယောင်
ကျမ်းကိုးများနဲ့ကျားကန်လိမ့်မယ်။
သတိမထားမိပေမယ့်
သိထားသင့်တဲ့အမှန်တရားတခုဟာ
မင်းကိုယ်ထဲမှာနေရှိတဲ့အကြောင်း
နှစ်ပေါင်းကဋေကဋာကတည်းက
ပြောပြခဲ့ပြီးပြီပဲ။
စုမွန်သွယ် MSU 057
၂၅.၂.၁၂
၁၀း၅၂ ည