လူတွေပျော်ရင် သီချင်းဆိုကြသလား။ ဒါမှမဟုတ် ကခုန်ကြသလား။ လူတွေဝမ်းနည်းရင်ရော ငိုကြသလား ။ ကဗျာတွေရေးကြသလား။ ပန်းချီတွေဆွဲကြသလား။ ကျနော်ကတော့ ဝမ်းနည်းရင် ငရုပ်သီးစပ်စပ်တွေ စားပစ်လိုက်တာပါပဲ။ စပ်လွန်းလို့ မျက်ရည်ကျလာရင် လူတွေရယ်ကြမယ် မဟုတ်လား။ ကျနော်ငိုတာ လူမသိစေချင်ရင် ကျနော်အစားတွေ အများကြီး စားလိုက်တော့တာပါပဲ။ ရင်ဘတ်ထဲက တစ်ဆို့ဆို့ ခံစားချက်ပြင်းပြင်းတွေကို မျက်ရည်နဲ့မျှောမချနိုင်ဘူး မဟုတ်လား။ လူတွေအတွက် ဟာသတခုဟာ ကျနော့်အတွက်တော့ အာခေါင်ခြစ် အော်ဟစ်ငိုယိုမှုပါပဲ။ လူတွေဟာ ကိုယ်ကိုယ့်ကိုယ် သိပ်ဖြူစင်လွန်းတယ်လို့ ထင်တတ်ကြသတဲ့လား။ ကျနော်က ခါးပါတယ်။ ကျနော်က ချဉ်ပါတယ်။ ကျနော်က ငံလွန်းပါတယ်။ ဒါပေမယ့် ကျနော့်မှာ အရသာမှန်တွေရှိတယ်။ ကျနော့်မှာ အရောင်တွေ မရှိဘူး။ ကျနော့်မှာ ပုံဆောင်မှုတွေ မရှိဘူး။ ဒါနဲ့များဗျာ …………
ကျနော်ချစ်ခဲ့ဖူးတဲ့ပတ်ဝန်းကျင်ဟာ ကျနော့်ကိုတွန်းထုတ်ဖို့ အင်အားတွေအများကြီး သုံးခဲ့သတဲ့လား။ ကျနော်ရှင်သန်ကြီးပြင်းခဲ့ဖူးတဲ့ အရပ်ဒေသလေး ကျနော့်ကို တူးတူးခြစ်ခြစ် မုန်းတီးမိနေတယ်တဲ့လား။ မနာလိုမှု ………… ကျနော့်မှာလေ ဟိုးးးးငယ်ငယ်ကလေးတည်းက တိုက်ခိုက်ခံရမှု အများဆုံးဟာ ဒီစကားလုံးပဲဖြစ်တယ်။ မနာလိုမှု။ မနာလိုမှုတဲ့လေ။ ကျနော့်ကိုစွပ်စွဲခဲ့သူတွေဟာ ကျနော့်ပုံသဏ္ဍာန်တွေနဲ့ ရှင်သန်နေတာကို မြင်ရတိုင်း ငါမနာလိုခဲ့တာလား သူတို့မနာလိုခဲ့တာလားလို့ အကြိမ်ကြိမ် ဒွိဟဖြစ်ရတယ်။ ရင်ထဲမှာ ခံပြင်းမှုတွေ သိပ်များတယ်။ ကျနော်လေ ငိုချင်လာတဲ့အခါ ငရုပ်သီးစပ်စပ်တွေသာ ဝါးစားမိနေတော့တယ်။ အေးချမ်းချင်တယ်လို့ ပြောပြောနေရတာ တကယ်ပင်ပန်းတယ်။
တခါတခါကျတော့လေ အဝေးဆုံးမှာပဲ နေထိုင်အခြေချချင်တော့တယ်။ ဟင့်အင်း…… ကျွတ်ဆတ်ခြောက်ကပ်နေတဲ့ ပတ်ဝန်းကျင်ဟာ ကျနော့်ကို ပိုအထီးကျန်စေတယ်။ တယောက်နဲ့တယောက် တသက်လုံးမတွေ့တော့အောင် ရှောင်နေကြရအောင်။ မကြာခင် ကျနော်တို့ သွားကြတော့မယ်။ ဒီပတ်ဝန်းကျင်နဲ့အဝေးဆုံးကို ကျနော်တို့ထွက်သွားရင်တော့ မငိုကြနဲ့ပေါ့ကွယ်။ မနာလိုမှုတွေနဲ့သာ ဖြေဖျောက်နိုင်ဖို့ ကြိုးစားကြပေါ့။
စုမွန်သွယ်
MSU No. 57