ကိုယ့်မျက်နှာကိုယ် မှန်ထဲမှာ အနီးကပ် အကြာကြီးကြည့်မိသည်။ အံ့သြတွေဝေ တုန်လှုပ်မှုပေါင်းများစွာဖြင့် နှလုံးခုံနှုန်းမြန်ရသည်။ မျက်လုံးအောက်နှင့် မျက်လုံးဘေးပတ်ပတ်လည်တွင် အစင်းကြောင်းများထင်နေသည်မှာ ရေးရေးလေးမဟုတ်တော့။ ထင်းထင်းကြီးဖြစ်နေသည်။ နဖူးပြင်ကျယ်ကျယ်တလျှောက်လုံးက ကွန်ကရစ်လမ်းမလို မညီမညာလမ်းကြောင်းပေါင်းများစွာဖြင့် နေရာယူထားသည်။ အရင်က သိပ်ကိုတောက်ပ( ကိုယ့်အထင် သိပ်လှပ) ခဲ့တဲ့မျက်လုံးတစုံက ခုတော့ အားပျော့ဝေဝါးလွန်းလှသည်။ ဖြူလွှခဲ့တဲ့မျက်သားအိမ်က ခုတော့ သွေးကြောမျှင်လေးတွေဖြာလို့ အရဲဘက်ကိုသန်းနေပြီ။ ဒီမျက်ဝန်းတစုံကို လူတော်တော်များများ ကိုယ့်အတွက်အဓိပ္ပါယ်တွေဖွင့်ပေးခဲ့ဖူးသည်။ ခုတော့ ကိုယ်ကိုယ်တိုင်ပဲ အဓိပ္ပါယ်ဖွင့်ရတော့မည်။ ပုလဲလေးတွေ ဘာညာနဲ့ အတိတ်သရတွေဖော်ကျူးခံခဲ့ရဖူးတဲ့ သွားလေးတွေဟာလည်း အသက်အရွယ်ကိုလိုက်၍သစ္စာရှိစွာ ဝါကျင်ပြနေပြီ။ အုံထူထူဖြင့် ရှည်လျှားခဲ့ဖူးသော ကိုယ့်ဆံချည်မျှင်တွေဟာ အကျွတ်ဖက်အားသာ၍ ပါးလျားပြားကပ်လွန်းနေပြီ။
ကိုယ့်အသက်အရွယ်က Day cream and Night cream တွေနဲ့ နုပျိုအောင် ဟန်မဆောင်နိုင်တော့ဘူးဆိုတာ ကိုယ့်အရှေ့က ကိုယ်ကြည့်နေတဲ့မှန်က သက်သေထူနေသည်။ နောက်မကြာခင်ဆို ကိုယ်မျက်မှန်တပ်ရတော့မည်။ ခန္ဓာကိုယ်တခုလုံးက အရေပြားတွေထဲမှာ ဆဲလ်အသစ်ထုတ်လုပ်နိုင်စွမ်းတွေ တနေ့ထက်တနေ့ လျော့နည်းလာသည်ကိုသိသည်။ ဇရာသည် ကိုယ့်ကိုပြုံးပြီးကြည့်နေသည်။ ကိုယ်သိပ်ဆူလွန်းတဲ့ အသံတွေဆို မုန်းတတ်လာသည်။ ရှုပ်ထွေးလွန်းတဲ့နေရာတွေဆို ရှောင်တတ်လာသည်။ ဟန်ဆောင်ရမယ့်လူတွေနဲ့ ဝေးဝေးနေတတ်လာသည်။ စိတ်တိုလွယ်လာသည်။ အရာရာကို စိတ်တိုင်းမကျတတ်တာများလာသည်။ ခြောက်ကပ်လာတဲ့အသားအရေနဲ့ စူထွက်တဲ့ဗိုက်ခေါက်ကိုကြည့်ပြီး နေ့စဉ်နဲ့အမျှ စိတ်ဓါတ်ကျတတ်လာသည်။
ကိုယ်စီးလာတဲ့ရထား ဇရာဘူတာရောက်တော့မည်။ ရောက်ခါနီးပြီ။ ရထားဥသြဆွဲသံကြားလိုက်ရပြီ။ ကိုယ့်နာရီက စက္ကန့်တိုင်း အလန်းမြည်နေသည်။
ဟုတ်ကဲ့။ ကိုယ့်အသက် ၃၀ ကျော်ပြီ။ နောက်မကြာတော့သောကာလတွင် ၄၀ ပြည့်မည်။ အဲ့လိုနဲ့ပဲ ....
ကိုယ်အေးချမ်းပါစေ။ ကိုယ်အေးချမ်းပါစေတော့။
စုမွန်သွယ်
msu 057