ခေတ္တရန်ကုန်
Credit image source
မင်္ဂလာပါ မိတ်ဆွေများခင်ဗျား။ပြီးခဲ့တဲ့ ၁၈ရက်နေ့က ရန်ကုန်ကိုတာဝန်တစ်ခုနဲ့သွားရောက်ရပါတယ်။တောင်ငူ-ရန်ကုန် သိပ်မဝေးလှပါဘူး။အမြန်လမ်းကနေသွားရင် ၁၅၄မိုင် ပဲရှိပါတယ်။သို့သော်လည်း အစိုးရဝန်ထမ်း ဆိုတော့ ရန်ကုန်မှာရှိတဲ့ မိဘအိမ်ကိုတစ်နှစ်နေလို့တစ်ခေါက် ရောက်ဖို့ဆိုတာ မလွယ်လှပါဘူး။အခုလို ယာယီတာဝန်နဲ့သွားလာခွင့်ရတာကိုပဲ ကျေနပ်နေရတာပေါ့။ဒါကြောင့်လည်း ခရီးစရိတ် မိမိဘာသာအကုန်ခံပြီး သွားပါရစေဆိုကာ ခွင့်ပန်၍ ရန်ကုန်ကို ထွက်လာခဲ့ပါတယ်။
တောင်ငူမှာရှိတဲ့ မငယ်လေး ကားလက်မှတ်ဂိတ်မှာ စုံစမ်းတော့ မနက် ၈,၉,၁၀ နာရီ ရန်ကုန်သွားမယ့်ကားတွေရှိကြောင်းနဲ့ အမြန်လမ်းကား ၉နာရီ ဖြစ်ကြောင်းပြောတဲ့အတွက် ၉နာရီကား လက်မှတ်တစ်စောင် ဖြတ်လိုက်ပါတယ်။ပစ္စည်းကတော့ ကျောပိုးအိတ်တစ်လုံးနဲ့ laptopအိတ်တစ်လုံးပါပဲ။ရန်ကုန်ကို ဦးပိုင်အစုရှယ်ယာသွားထည့်မယ့် ငွေသားတွေလည်းပါတာဆိုတော့ ကျောပိုးအိတ်ကို ဥစ္စာချောက်ပြီး တစ်ပိုက်ပိုက်နဲ့ပေါ့။ကားကမှန်လုံ အဲကွန်းကားဆိုပေမယ့် လူအားနဲ့ အဲကွန်းအား မမျှရှာတော့ ချွေးတပြိုက်ပြိုက်ကျအောင်ပူလှပါတယ်။အလယ်ခုံကအစ မလွတ်အောင် တင်နေတော့ အဲကွန်းလည်း ဘယ်နိုင် တော့မလဲ။ဒီလိုနဲ့ပဲ ချွေးတစ်လုံးလုံး အနံ့တစ်လုံးလုံးနဲ့ ရန်ကုန်ကို ညနေ ၃နာရီ လောက်ရောက်ပါတယ်။
Credit image source
သာမန်ယခုလို ပစ္စည်းပေါ့ပေါ့ပါးပါးနဲ့ ရန်ကုန်လာ ရတယ်ဆို taxi ငှါးစီးလေ့မရှိပဲ YBSနဲ့သာ သွားလေ့ရှိပါတယ်။YBSတစ်ဆင့်ထဲစီးတာနဲ့ မိမိတို့လမ်းထိပ်ထိ ရောက်တာကိုး။အခုကတော့ ပိုက်ဆံတွေ ကားပေါ်မှာ ခါးပိုက်နိုက်ခံရမှာစိုးပြီး တက်စီသာငှါးစီးလိုက်ပါတယ်။ကိုယ့်ပိုက်ဆံတွေမဟုတ်တာကတစ်ကြောင်း၊ပျောက်ရှသွားရင် လစာကိုမသုံးဘဲ ၄နှစ်လောက်စုပြီးပြန်ရှာရမယ့် ငွေအမောက်ဆိုတော့ ဥစ္စာချောက် ရတာပေါ့။တက်စီငှါးတော့ အောင်မင်္ဂလာ ကားဝင်းကနေ မြောက်ဒဂုံကို ၅ထောင်ပဲပေးပါတဲ့။ကိုကပဲ တန်လိုက်တာ ဆိုပြီးသူ့ကျေးဇူးတင်ရမယ့် ပုံစံဖြစ် နေတယ်။ဒါနဲ့ ကျနော်သွားနေကျပါ ဒီလမ်းကို အများဆုံး ၃ထောင်ပဲ ပေးရပါတယ် ဘာညာပြောမှ ၃ထောင်နဲ့ဈေးတည့်သွားပါတော့တယ်။ဒီလိုနဲ့ အမေ့အိမ်ရောက်တော့ အမေက ဝမ်းသာအားရကြိုဆိုပါတယ်။ငါ့သားလေးလာမယ်ဆိုလို့ ဟင်းကောင်းချက်ထားကြောင်း၊အရင်တစ်ခေါက်ကထက်ပိန်သွားကြောင်း၊ထမင်းလမ်းမှာစားခဲ့သလား အစရှိသဖြင့် ပြောဆိုကာ ကျနော်လက်မောင်းကိုဆွဲ၍ အိမ်ထဲသို့ခေါ်သွားပါတော့တယ်။ကျနော်ကလည်း အိမ်ရောက်မှ အမေချက်တဲ့ လက်ရာနဲ့အမုန်းဆွဲမယ်ဆိုပြီး လမ်းမှာ အအေးပဲသောက်ပြီး ဘာမှမစားဘဲ တမင်အဆာခံလာတာဆိုတော့ ရောက်တာနဲ့အဝတ်အစားလဲပြီး ထမင်း တန်းစားတော့တာပဲ ။အမေကလည်း ကျနော်အားရပါးရစားနေတာကြည့်ပြီးဘေးကနေတပြုံးပြုံးနဲ့ ၊သားထည့်စားနော်၊ဒါလေးကဘာလေး၊ဘယ်လိုချက်ထား တာဘာညာနဲ့ ဘေးကရပ်နေတာနဲ့ အမေသွားနားပါ၊သားဘာသာထည့်စားပါမယ်လို့ ပြောယူရတဲ့ အထိပါပဲ။
ကျနော်ရန်ကုန်ကိုသွားရမယ်သိကတည်းက မန္တလေးမှာရှိနေတဲ့ ချစ်ဇနီးလေးကိုလည်း အလုပ်တွေပစ်ထားပြီး ရန်ကုန်ကိုလာခဲ့ဖို့မှာ ထားပါတယ်။ကိုယ့်ကိုချစ်ရင်လာ၊မချစ်ရင်မလာနဲ့ ဘာညာ တော်ကီတော့ ချုပ်ရတာပေါ့။သူလည်း ရန်ကုန်အိမ်မရောက်တာကြာပြီဆိုတော့ ကျနော်လည်းရှိတုန်း လာဖြစ်သွားအောင်နဲ့ အလုပ်တာဝန်တွေ ပါးတုန်း ချစ်ဇနီးလေးနဲ့အေးအေးဆေးဆေး တွေ့ရအောင်လို့ပါ။ဒီလိုနဲ့ ညနေ၆နာရီလောက် မန္တလေးကနေ ချစ်ဇနီးလေးလိုက်လာတဲ့ကားက ဆိုက်မှာဆိုတော့ တစ်ခေါက်ပြန်ပြီး အောင်မင်္ဂလာကားဝင်းကို သွားကြို ရပါတယ်။ကျနော်ကားဝင်းရောက်တော့ ကားကဆိုက်တောင်နေပါပြီ။ကားဂိတ်ထဲမှာထိုင်ပြီး ဖုန်းနိပ်နေတဲ့ သူ့ကိုလှမ်းတွေ့နေရပါတယ်။ထိုစဉ်ကျနော်ဆီဖုန်းဝင်လာတော့ ကြည့်လိုက်တော့ ချစ်ဇနီးတဲ့။ဖုန်းကိုင်လိုက်တော့ ကိုလာမကြိုသေးဘူးလား၊နှင်းကရောက်နေပြီ တဲ့။ကျနော်လည်းမအားလို့လာမကြိုတော့ပါဘူးကွာ၊ကိုယ့်ဘာသာ တက်စီငှါးပြီး လာလိုက်တော့လို့စလိုက်တော့ စိတ်ပျက်သွားတဲ့သူ့မျက်နှာ လေးကိုကြည့်ပြီး ပြုံးလိုက်မိတယ်။ကျနော်ကသာသူ့ကိုမြင်ပြီး သူက ကျနော့်ကိုမှ မမြင်တာကိုး။ကျနော်လည်း သူ့အနောက်နားကနေ အသာကပ်သွား အမကားငှါးအုန်းမလားလို့ မေးလိုက်တော့ ကျနော်အသံကိုမှတ်မိနေတဲ့ သူက ပြုံးဖြီးဖြီးမျက်နှာနဲ့ လှည့်လာပြီး လက်သီးပေါက်စလေးတွေနဲ့ ကျနော်ပုခုံးကိုထုပါတော့တယ်...။
ဆက်ရန်.....။
Msc.126