ဒေါ်ကြည်အေးတို့ မိသားစုအတွက် အကွက်ချထားသော မြေနေရသည် ၁၀ပေလမ်းသွယ်ထဲသို့ ချိုးကွေ့ကာ ဝင်ရပြီး လမ်းမတန်းမှ ရေတွက်လျှင် လေးလိုင်းမြှောက် ထောင့်ဆုံးအကွက်ဖြစ်လေသည်။ မိမိတို့ ခြံဘေးတွင် ချိုင့်ဝှမ်းကြီးရှိကာ မိုးရာသီဖြစ်သဖြင့် ရေများပြည့်လျှံနေသည်။ ပစ္စည်းများကို အခေါက်ပေါင်းများစွာ သယ်ကျရပြီး မြေကွက်လေးတွင် စုပုံထားရလေသည်။ သားဖြစ်သူမှ တစ်ညတာ အိပ်စက်ရန် ရွက်ဖျင်တဲစထိုးသောအခါ ခြံနားနီးခြင်းများမှ တစ်ယောက်စ နှစ်ယောက် ထွက်ကာ လာကူလေသည်။ ချွေးမဖြစ်သူက ပါလာသော အုတ်ခဲသုံးလုံးကို ဖိုခနောက်ဆိုင်ကာ ဘေးနားပတ်ဝန်းကျင်ရှိ ဝါးခြမ်းပြားများ သစ်ကိုင်းခြောက်များဖြင့် ထမင်းချက်ရန် ပြင်ဆင်လေသည်။ ရေမရှိသေးသောကြောင့် မေးမြန်းရာ ကားလမ်းမ ဟိုဘက်ကူးလျှင် ဘုန်းကြီးကျောင်းတစ်ကျောင်းရှိကြောင်းနှင့် ထိုကျောင်းရှိရေတွင်းရေကိုသာ သောက်သုံးကျကြောင်းသိရသောကြောင့် ဒေါ်ကြည်အေးနှင့် မြေးအကြီးမလေးသည် ရေခပ်ထွက်ခဲ့ကျလေသည်။
သစ်ရိပ်ဝါးရိပ်များဖြင့် အေးချမ်းလှသော ဘုန်းကြီးကျောင်းဝင်းအတွင်း ဝင်လိုက်သည်နှင့် ဒေါ်ကြည်အေးအဖို့ ဘဝအမောများကို ခဏပြေပျောက်သွားသလို ခံစားရလေသည်။ ရေတွင်းမှ ရေကို ခပ်ပြီးသည်နှင့် မြေးအဘွားနှစ်ယောက် ရေအဝသောက်ကျလေသည်။ အေးချမ်းသော ထိုနေရာလေးတွင် ကြာကြာနေချင်သေးသော်လည်း ထမင်းချက်ရန် ရေလိုသေးသဖြင့် ခပ်သုတ်သုတ်ပြန်လာခဲ့လေတော့သည်။ ထိုနောက် ထမင်းချက်ရာတွင် ဝိုင်းကူရင်း ဗိုက်ဆာဆာနှင့် စားသောက်ကျလေသည်။ ဟင်းဟူသည်ကတော့ မယ်မယ်ရရမပါဘဲ ငပိထောင်းနှင့် ချဉ်ပေါင်ဟင်းသာဖြစ်လေသည်။ ဒေါ်ကြည်အေးသည် ဆာလောင်လွန်းလှသဖြင့် ထမင်း နှစ်ပန်းကန် ကုန်သွားသော်လည်း ထပ်၍ မထည့်ဝံ့ပေး။ ချွေးမဖြစ်သူ၏ အကြည့်ဒဏ်ကို မခံလို၍ ဖြစ်ပေသည်။
စားသောက်ကျပြီးသော် ပစ္စည်းများကို ယာယီမိုးကာတဲလေးထဲသို့
ပြောင်းရွှေ့ထားကျလေသည်။ မြေကြီးပေါ်တွင် ပါလာသော သစ်သားပြားများကို ခင်းက တာလပတ်ပြားခင်းသည်။ ထိုပေါ်တွင်မှ စောင်ပါးလေးခင်းကာ မိသားစုတန်းစီ အိပ်ကျရလေသည်။ ထိုညက မိုးမရွာ၍ တော်သေးသည်။ မနက် ၄နာရီကျော်မှ မိုးက ဖွဲဖွဲသာကျသည်။ တစ်မိသားစုလုံး အိပ်ယာမှ ထကာ မိုးကျနိုင်သည့်နေရာများကို ဖာတေးကျသည်။ သို့နှင့် ပြန်အိပ်မပျော်တော့ဘဲ မိုးစင်စင်လင်းခဲ့ရလေသည်။ မနက်မိုးလင်းတော့ ချွေးမက ရှိတာလေးကို ချက်ပြုတ်သည်။ သားဖြစ်သူက တဲအိမ်ဆောက်သည်။ ဘေးအိမ်များမှ ဝိုင်းဝန်းကူညီကသောကြောင့်နေ့တစ်ဝက်နှင့်ပင် ပြီးစီးသွားခဲ့သည်။ ထို့နောက် အထုတ်အပိုးများသယ်ကာ ဝါးကြမ်းခင်း ဝါးကပ်မိုး ထရံကာ အိမ်လေးထဲသို့ ထည့်လိုက်ကျသည်။ အခန်းတစ်ခန်းကန့်ရန် သားဖြစ်သူက အချောသတ်နေသည်။ ဒီနေ့မပြီးလို့ကလည်း မဖြစ်ပေ။ နောက်ရက်တွင် လင်မယား ၂ယောက်လုံး အလုပ်ဆင်းရမည်ဖြစ်သည်။
ဆက်ရန်...