HIV/ AIDS အမေးအဖြေ အပိုင်း ၁၃ HIV/ AIDS (Q&A Part-13)
ဒီနေ့တင်ပြမယ့်အကြောင်းအရာကတော့ AIDSရောဂါနဲ့ အလုပ်အကိုင် ဆက်စပ်မှုအကြောင်းလေးပါ။ လုပ်ငန်းခွင်နဲ့ AIDSဟာ အရေးတကြီး ဆက်စပ်နေပါတယ်။ ဒါကြောင့် HIV/AIDS in the Workplace ဆိုတဲ့ လုပ်ငန်းခွင်အတွင်း AIDSရောဂါနဲ့ ပတ်သက်လို့ ဘယ်လိုပြုမူ လုပ်ကိုင်ရမယ်ဆိုတာတွေကို နိုင်င့တကာက နားလည်လက်ခံ ဆောင်ရွက်နေပါတယ်။ ဒီလုပ်ငန်းတွေမှာ ဝန်ထမ်းတွေ၊ အလုပ်သမားတွေကို အလုပ်ရှင်က တာဝန်ယူပြီး AIDS အသိပညာပေးလုပ်ငန်းတွေလုပ်တာ၊ လိုအပ်တဲ့ အကာအကွယ်ပစ္စည်းတွေ ပံ့ပိုးပေးတာပါသလို အလုပ်ခန့်မယ့်သူ၊ အလုပ်ခန့်ထားပြီးသူတွေမှာ HIVပိုးတွေ့ရှိလာရင် ဘယ်လိုပြုမူ ဆောင်ရွက်ရမယ်ဆိုတာတွေလည်းပါပါတယ်။
လူတစ်ယောက်မှာ HIVပိုးရှိတယ်ဆိုတာ သိရုံနဲ့ အလုပ်လုပ်နိုင်သေးတဲ့သူ၊ သက်ဆိုင်ရာအလုပ်ကို လုပ်နိုင်လောက်အောင် ကျန်းမာနေတဲ့သူကို အလုပ်ထုန်ပစ်ပယ်တာ၊ အငြိမ်းစားပေးတာတွေ လုံးဝမလုပ်သင့်ပါဘူး။ ကာယကံရှင်များအတွက် အလွန်နစ်နာပါတယ်။ အလုပ်ခွင်တစ်ခုမှာ အလုပ်အတူတူလုပ်ရင်းနဲ့ AIDSရောဂါ ဘယ်လိုမှ မကူးစက်နိုင်လို့ တခြားလုပ်ဖော်ကိုင်ဖက်တွေကို မကူးအောင် ကာကွယ်ချင်လို့ ထုတ်ပစ်ပါတယ်လို့ ပြောရင်လည်း လုံးဝ အဓိပ္ပါယ် မရှိပါဘူး။ HIVပိုးရှိနေသူတွေကို ဒီလိုနည်းနဲ့ ဒုက္ခပေးလိုက်ခြင်းအားဖြင့် ကာယကံရှင်တွေအနေနဲ့ လေလွင့်အတိဒုက္ခရောက်ပြီး ရောဂါပိုးပိုမိုကူးစက် ပျံ့ပွားအောင် အားပေးရာရောက်ပါတယ်။ HIVပိုးကူးစက်ခံထားရသူ၊ အသည်းရောင်အသာဝါဘီပိုး၊ စီပိုးရှိသူများကို ခွဲစိတ်ဆရာဝန်လို အလုပ်တွေအလုပ်ဖို့ တချို့နိုင်ငံတွေမှာ တားမြစ်ထားပါတယ်။ တကယ်တော့ ခွဲစိတ်ပေးသူ ဆရာဝန်တွေဆီက အခွဲခံရတဲ့လူနာဆီကို HIVပိုးကူးစက်ဖို့ထက် ခွဲစိတ်ခံရတဲ့ လူနာဆီက ဆရာဝန်ဆီကူးစက်ဖို့တောင် အခွင့်အလန်းပိုးများတာမို့ ဒီလိုတားမြစ်တာလည်း သိပ်တော့ အဓိပ္ပါယ် မရှိလှပါဘူး။
လက်နက်ကိုင်တပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်တာကို ဘယ်လိုလုပ်သင့်တယ်ဆိုတာကတော့ ခုထိအငြင်းပွားဆဲ ကိစ္စရပ်တစ်ခုပါ။ HIVပိုးရှိတယ်လို့ သိရသူတွေကို အလုပ်မခန့်တာ အလုပ်ထုတ်ပစ်တာ အငြိမ်းစားပေးတာတွေ လေ့လာကြည့်ရင်တော့ ဆေးပညာဗဟုသုတနည်းပါးတဲ့အတွက် အခြားဝန်ထမ်းတွေဆီ ရောဂါကူးစက်မှစိုးလို့ တကယ်ကြောက်လန့်ပြီးမခန့်တာ ထုတ်ပစ်တာတွေရှိနိုင်သလို ဒီရောဂါလွယ်လွယ်နဲ့မကူးမှန်း သိသိကြီးနဲ့ ကိုယ့်လုပ်ငန်း ကိုယ့်ရုံး ကိုယ့်အဖွဲ ကိုယ်ကုမ္ပဏီနာမည်ပျက်ရချည်ရဲ့ဆိုပြီး မခန့်တာတွေ ထုတ်ပစ်တာတွေလည်းရှိပါတယ်။ တချို့လုပ်ငန်းတွေ ကုမ္ပဏီတွေကတော့ တစ်ချိန်မှာ နေမကောင်းဖြစ်လာခဲ့ရင့ ကိုယ်ဝန်ထမ်းဆိုပြီး တာဝန်ယူရမှာစိုးလို့ မခန့်တာ ထုတ်ပစ်တာတွေလည်း ဖြစ်တတ်ပါတယ်။ HIVပိုးရှိနေပေမယ့် အခုခေတ်ပေါ်ပေါက်လာတဲ့ အလွယ်တကူရရှိလာနိုင်နဲ့ ARV(HIVပိုးထိန်းဆေး)တွေရှိလာ၊ စနစ်တကျ သုံးလာကြတဲ့ခေတ်မှာ HIVပိုးရှိသူတွေဟာ အသက်ရှည်ရုံသာမက HIVပိုးမရှိတဲ့သူတွေလိုပါ ကျန်းကျန်းမာမာနဲ့ အလုပ်လုပ်နိုင်မယ့် အခွင့်အလမ်းတွေ ပိုရှိလာပါပြီ။
ဒါကြောင့်မိမိလုပ်ငန်းခွင်မှာ၊ ကုမ္ပဏီမှာ၊ ရုံးမှာ HIVပိုးရှိတဲ့လူတွေကို HIVပိုးရှိတာ သိပါတယ်ဆိုရုံနဲ ကြောက်လို့၊ ရွံမုန်းလို့၊ တာဝန်ယူရမှာစိုးလို့မခန့်တာ၊ ထုတ်ပစ်တာတွေ လုံးဝမလုပ်ဖို့ စည်းရုံးတိုက်တွန်းလာတာတွေ နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့် ပြန့်  လုပ်လာကြပြီး၊ အလုပ်သမားတွေကို လူတစ်ဦးချင်းရဲ့ အရည်အချင်ူအလိုက် သူကျွမ်းကျင် လိမ္မာတာကို ကောင်းကောင်းလုပ်နိုင်တဲ့ ကျန်းမာရေးအခြေအနေရှိနေရင် အလုပ်ခန့်အောင် မတရားထုတ်ပယ် အငြိမ်းစားပေးတာတွေ မရှိရအောင် ကာကွယ်တဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ နိုင်ငံတကာမှာ လုပ်လာကြပါပြီ။ ကျွန်တော်တို့ဆီမှာလည်း ဒါတွေကိုစဉ်းစား ဆွေးနွေးပြီး အစီအစဉ်တွေ ချမှတ်ပြင်ဆင်လာကြပါပြီ။
အလုပ်လုပ်နေတဲ့လူတွေဟာ အရွယ်ရောက်သူတွေဖြစ်ပါတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို့ အလုပ်လုပ်နေကြတယ်။ မိသားစုကို ပံ့ပိုးကျွေးမွေးစောင့်ရှောက်ဖို့ အလုပ်လုပ်ကြတယ်။ ကိုယ့်အမျိုးဘာသာ၊ သာသနာ၊ အဖွဲအစည်း၊ လူ့ဘောင်၊ နိုင်ငံအတွက် အလုပ်လုပ်နေကြတာပါ။ အရွယ်ရောက်သူတွေဖြစ်ပါတဲ့အတွက် လိင်ကိစ္စနဲ့လည်းမကင်းကြလို့ HIVပိုးကူစက်မယ့် အန္တရာယ်ဟာ အသက်ကြီးငယ်၊ ကျားမမရွေး၊ ဆင်းရဲချမ်းသာမဟူ ရှိနေပါတယ်။ ကိုယ့်ဝန်ထမ်းတွေ၊ ကိုယ်လုပ်သားတွေ၊ ကိုယ်အဖွဲဝင်တွေ HIVပိုးကူးစက်မခံရဖို့ အလုပ်ရှင်တွေမှာ တာဝန်ရှိပါတယ်။ တကယ်လို HIVပိုးကူးစက်ခံရရင်လည်း ပြီးစလွယ် အလုပ်ထုတ်ပစ်တာ မတရား အငြိမ်းစားပေးတာတွေ မလုပ်ဘဲ ကာယကံရှင် ကျန်းမာအောင်၊ အသက်ရှည်အောင် ကိုယ်အတွက်၊ မိသားစုအတွက်၊ ကိုယ့်အဖွဲ့အစည်း လူ့ဘောင်အတွက် အကျိုးပြုလုပ်ကိုင်နေထိုင်သွားနိုင်အောင် ပံ့ပိုးပေးပြီး၊ အလုပ်သမားတစ်ယောက် လုပ်ကိုင်နိုင်စွမ်းရှိသလောက် အလုပ်လုပ်ကိုင်ခွင့်ပေးရမှာဖြစ်ပါတယ်။
ကျွန်တော်အလုပ်လုပ်တဲ့ INGO မှာ HIVပိုးရှိတဲ့လူတွေကို အလုပ်ခန့်ထားပါတယ်။ သူတို့နဲ့တူတူ ထမင်းစားပါတယ်၊ လက်ဖက်ရည် သောက်ပါတယ်။ HIVပိုးရှိတဲ့လူတွေကို ခွဲခြားဆက်ဆံခံရရင် ခွဲခြားဆက်ဆံတဲ့သူကို အလုပ်ထုတ်ပစ်တဲ့ထိ အရေးယူပါတယ်။
နောက်တစ်ပိုင်းတွင် မြန်မာနိုင်ငံမှာ ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်နဲ့ ဘယ်လိုဆောင်ရွက်နေလဲဆိုတာကို ဗဟုသုတရစေရန် တင်ပြပေးပါမယ်။ စောင့်မျော်အားပေးကြပါဦး။