HIV/ AIDS အမေးအဖြေ အပိုင်း ၁၉ HIV/ AIDS (Q&A Part-19)
မေး။ HIVရောဂါ ဖြစ်တေသူတစ်ယောက်ကို ဂျင်ဆင်းပါသောဆေးတွေနဲ့ ထိန်းပြီး ဝေဒနာရှင်ရဲ့ သက်တမ်းကို ပိုမိုရှည်စေတယ် ဆိုတာဟုတ်ပါသလား။ HIVရောဂါ ဖြစ်သူတစ်ယောက်ဟာ သာမန်အားဖြင့် သက်တမ်းဘယ်လောက် နေနိုင်ပါသလဲ။
ဖြေ။ ဂျင်ဆင်းလို့ခေါ်တဲ့ သူယောင်ပင်ရဲ့ အမြစ်ဟာ အားကိုတိုးစေပြီး၊ ဆေးဖက်ဝင်တယ်လို့ တရုတ်တိုင်းရင်းဆေးပညာက ယူဆပါတယ်။ သူရဲ့အာနိသင်က စိတ်ငြိမ်အိပ်ပျော်စေပြီး၊ ဗဟိုအာရုံကြောစနစ်ကို နှိုးဆွပေးတယ်လို့ဆိုပါတယ်။ ဂျင်ဆင်းကို အဓိကအသုံးပြုတာကတော့ ဖျားနာပြီးစ နလန်ထမြန်အောင်နဲ့ အဆုတ်သန့်ရှင်းအောင် လုပ်ဖို့ဖြစ်တယ်လို့ တရုတ်ဆေးကျမ်းတွေက ဆိုပါတယ်။ ရှေးနှစ်ပေါင်းများစွာထဲက ပေါ်ပေါက်လညတဲ့ တရုတ်တိုင်းရင်းဆေးပညာကို အခုခေတ်မှာ ကျယ်ကျယ်ပြန့် ပြန့်  လက်ခံသုံးစွဲလာနေကြတာ တွေ့ရပါတယ်။ ရောဂါဘယတွေ အမျိုးမျိုးအတွက် အမြဲအဓိကထားအားကိုးကြတဲ့ ခေတ်ပေါ် အနောက်တိုင်းဆေးပညာက တချို့ရောဂါတွေကို သူတိ့မကုနိုင်တော့ပါဘူးလို့ လက်မြှောက်လိုက်ရင် (ဥပမာ ကင်ဆာရောဂါ၊ AIDSရောဂါ) လူတွေဟာ အခြားဆေးပညာတွေ၊ တိုင်းရင်းဆေးတွေကို ပျောက်လိုပျောက်ငြား၊ ကောင်းလိုကောင်းငြား အားကိုးတကြီးဖမ်းဆွဲလာကြတာ သဘာဝကျပါတယ်။
ပရဆေး၊ အစဉ်အလာသုံးတဲ့ဆေး၊ ရှေးရိုးမိရိုဖလာဆေးတွေမှာရှိတတ်တဲ့ အားနည်းချက်တစ်ခုက ခိုင်လုံတဲ့ သက်သေပြချက် မလုံလောက်တာဖြစ်ပါတယ်။ ဆေးဝါးတစ်ခုကို လူတွေအပေါ်မှာ ကောင်းကျိုးအာနိသင် အမှန်တကယ်ရှိကြောင်း၊ အန္တရာယ်မရှိဘဲ အသုံးချနိုင်ကြောင်း လူပေါင်းများစွာမှာ အကြိမ်ကြိမ်အဆင့်ဆင့် စမ်းသပ်ကြည့်ပြီး၊ ဆေးပေးသူနဲ့ ဆေးမပေးသူတွေကို ယှဉ်ကြည့်ပြီး တကယ့်အာနိသင် ရှိမရှိသုံးသပ်ရပါတယ်။ ဘယ်သူ ဘယ်လိုပဲ လာစစ်ဆေးမှတ်ကျောက်တင်ကြည့်ကြည့်၊ အာနိသင်ရှိကြောင့း အသေအချာပြနိုင်မှ အန္တရာယ်နည်းပါးစွာနဲ့ အသုံးပြုနိုင်ကြောင်း သက်သေပြနိုင်မှသာ ကမ္ဘာသုံးဆေးအဖြစ် သုံးစွဲသတ်မှတ်ကြပါတယ်။ ဂျင်ဆင်းအပါအဝင် တခြားပရဆေးတွေဟာ သောက်သုံးသူကို အသက်ရှည်စေတယ်လို့၊ ကိုယ်ခံအားတက်စေတယ်လို့ သက်သေခိုင်ခိုင်လုံလုံပြထားတာ မရှိပါဘူး။ လူတွေဟာ မသေဆေးကို လိုချင်လို့ရှာဖွေကြပေမယ့် အသက်ရှည်ဆေးရယ်လို့တောင် တွေ့ရှိမလာခဲ့သေးပါဘူး။
HIVပိုးကို နှိပ်ကွပ်ထိန်းချုပ်နိုင်တဲ့ အာနိသင်မရှိတဲ့ဆေးတစ်မျိုးကို သောက်သုံးသွားရုံနဲ့ HIVပိုးရှိနေသူတစ်ဦးရဲ့ သက်တမ်းကို ပိုရှည်အောင်ဆွဲနိုင်မယ်ဆိုတာ မဟုတ်ပါဘူး။ ဂျင်ဆင်းကို မူလတရုတ်ဆေးကျမ်းတွေမှာ ဒီသဘောသုံးခဲ့၊ ပြဠာန်းခဲ့တာမျိုးလဲ မဟုတ်ပါဘူး။ ခုခေတ်မှာမှ အတင်းဆက်စပ် လာကြတာပါ။ အခုအခါမှာ HIVကူးစက်ခံထားရတာကို အမြစ်ပြတ်မရှင်းနိုင်ပေမယ့် HIVပိုးတွေ ပွားများထကြွမလာအောင် ထိန်းသိမ်းထားနိုင်တဲ့ ARTဆေးဝါးတွေပေါ်လာပြီး၊ အခမဲ့ပေးလာလို့ လူတွေတော်တော်များများ ဆေးရလာကြပါပြီ။ လူတစ်ယောက်မှာ HIVပိုးကူးစက်ခံထားရရင် ခန္ဓာကိုယ်ထဲက ခုခံအားကလာပ်စည်း CD4တွေကို HIVပိုးတွေက ဖျက်ဆီးပစ်၊ ဒီတော့ ခုခံအားကျသွားပြီး ပြင်ပကရောဂါပိုးတွေဝင်လာ၊ ကိုယ်ထဲမှာရှိတဲ့ပိုးတွေက ထကြွသောင်းကျန်းပြီး၊ ခန္ဓာကိုယ်တစ်ခုလုံးကို ရောဂါမျိုးစုံဖြစ်စေပြီး နောက်ဆုံးအသက်ပါ ထိခိုက်ရတာပါ။ ဒီတော့ HIVပိုးကူးစက်ခံထားသူတစ်ယောက်ကို ARTဆေးပြည့်ပြည့်စုံစုံ ထိထိရောက်ရောက် မပြတ်တမ်းပေးထာရင် HIVပိုးတွေကို ARTဆေးက နှိပ်ကွပ်ထားတော့ ခန္ဓာကိုယ်ထဲမှာ HIVပိုးတွေမတွေ့ရသလောက်နည်းသွားပြီး၊ HIVကဖျက်ဆီးပစ်တဲ့ CD4တွေလည်း မပျက်စီးတော့ဘဲ၊ ခုခံအားပြန်တက်လာလို့ တခြားရောဂါတွေ ဝငိမလာ၊ ထကြွမလာတော့ဘဲ အသက်ရှည်လာမှဖြစ်ပါတယ်။ တိတိကျကျပြောရရင် ARV ဆေးစနစ်တကျပေးတာကသာ HIVပိုးကူးစက်ခံထားသူအတွက် အနာနဲ့ဆေး တည့်တည့်တိုးပါတယ်။
တခြားကုထုံးတွေက အနာတခြား၊ ဆေးတခြားဖြစ်နေမှာပါပဲ။ AIDSရောဂါအတွက် ARTမဟုတ်တဲ့ဆေးတွေ၊ ဂျင်ဆင်းအပါအဝင် တခြားဆေးတွေကို သုံးမယ်ဆိုရင် သတိထားဖို့က.....
၁။ ဒီဆေးတွေရဲ့ဒဏ်ကြောင့် အသက်အန္တရာယ်ရှိတာမျိုး၊ မချိမဆန့်ခံရတာမျိုး မဖြစ်စေသင့်ဘူး။
၂။ ရောဂါပျောက်ဖို့မဆိုထားနဲ် ခေတ္တထိန်းထားဖို့တောင် မသေချာတဲ့ ဆေးတွေကို စည်းစိမ်ပြုတ်ဝယ်ယူ သောက်သုံးတာမျိုး မဖြစ်သင့်ပါဘူး။
၃။ တကယ့်အနာနဲ့ဆေး တည့်တည့်ကျတဲ် ARTဆေးတွေကို တစ်နည်းနည်းနဲ့ အနှောက်အယှက်ပေးပြီး ARTအာနိသင်လျော့သွားစေမယ့်ဆေးဝါးမျိုး (ပရဆေးဖြစ်ဖြစ်၊ အနောက်တိုင်းဆေးဖြစ်ဖြစ်) လုံးဝမသောက်သုံးသင့်ပါဘူး။
၎။ တကယ်လို့ ဆေးတစ်မျိုးဟာ (ပရဆေးပဲဖြစ်ဖြစ်၊ အနောက်တိုင်းဆေးဖြစ်ဖြစ်) ခုခံအားစနစ်ကို တကယ်တိုးမြှင်နိုင်တယ်၊ ပြောင်းလဲစေနိုင်တယ်ဆိုရင်တောင် ခုခံအားစနစ်ရဲ့ ကလာပ်စည်းအုပ်စုနှစ်မျိုးအနက် HIVခိုအောင်းနေတဲ့ ကလာပ်စည်းတွေကို တိုပွားအောင်လုပ်မိရင် HIVပိုးတွေ ပိုမိုပွားများလာပြီး ခုခံအားမြန်မြန်ပြုတ်ကျသွားမှာပါ။ ဒါကြောင့်လည်း ခုခံအားကိုတိုးမြင့်စေပါတယ်ဆိုတဲ့ ဆေးတွေကို HIVပိုးကူးစက်ခံထားသူအတွက် သုံးလို့မရတာပါ။ HIVခိုအောင်းမနေတဲ့ ခုခံအားကလာပ်စည်းတွေကိုသာ ရွေးထုတ်ပွားများစေနိုင်တဲ့ ဆေးမျိုးဘယ်မှာမှ လုံးဝမပေါ်သေးပါဘူး။
ဒီတော့ ပိုက်ဆံအကုန်ခံပြီး ဆေးကုတာချင်းအတူတူ၊ ဘယ်လိုဆေးမျိုးမှာမဆိုရှိတတ်တဲ့ ဘေးထွက်အာနိသင်ကို နည်းနည်းပါးပါး သည်းခံပြီး သောက်ရမှာအတူတူဆိုရင်၊ အနာနဲ့ဆေးနဲ့ ကွက်တိတိုးတဲ့ ARTဆေးတွေကိုသာ သေသေချာချာ ပြင်ဆင်ဆုံးဖြတ်ပြီး စနစ်တကျ မမေ့မလျော့ တစ်သက်လုံးသောက်သွားခြင်းအားဖြင့်သာ HIVပိုးကူးစက်ခံထားရသူတွေ သက်ရှည်နေနိုင်ကြမှာဖြစ်ပါတယ်။ HIVပိုးကူးစက်ခံထားရသူ တစ်ယောက်ဟာ တစ်ကမ္ဘာလုံးပျမ်းမျှအားဖြင့် စတင်ကူးစက်ချိန်ကစလို့ ၆နှစ်ခွဲလောက်ကြာရင် AIDSဝေဒနာအဆင့်ကို ရောက်တတ်ပါတယ်။ ARTဆေးတွေမပေးဘဲထားရင်တော့ ၆လကနေ ၂နှစ်သက်တမ်းလောက် ထပ်နေရတာများပါတယ်။ ARTဆေးကိုစနစ်တကျ၊ သေသေချာချာ မပြတ်မလပ် သောက်သုံးသွားနိုင်မယ်ဆိုရင်တော့ AIDSဖြစ်နေတဲ် အဆင့်ကတောင် နာလန်ပြန်ထူပြီး ခုခံအားတက်လာလို့ အကောင်းပကတိနီးပါး အသက်ရှင်၊ အသက်ရှည်နေနိုင်ကြပါတယ်လို့ ဖြေကြားလိုက်ပါတယ်။