ဝန်ခံပါတယ်
ကျွန်တော်ဟာ ပေပေတေတေ
စီးဆင်းခဲ့တဲ့ မြစ်တစ်စင်းဖြစ်ကြောင်း
လရောင်ရဲ့ သွေးဆောင်ဖျားယောင်းမှုမှာ
အိပ်ယာအောက် ရေဝင်ခဲရတဲ့
ညတွေရှိကြောင်း
ဂျင်းဘောင်းဘီအစုတ်တစ်ထည်နဲ့
တိမ်တစ်အုပ်ကို ခုန်အုပ်ဖို့
ဆန္ဒရှိခဲ့တဲ့အကြောင်း
ရှင်းရှင်းပြောရရင်
မလုပ်ဖူးတာဆိုလို့
ကောင်းမှုကုသိုလ်တွေပဲရှိမယ်
သေရင်ပြီးပြီပေါ့လို့
ကျွန်တော်မပြောပါဘူး
ငြီးငွေ့ဖွယ် ဒီသံသရာ
ဇာတ်လမ်းတွဲကြီးထဲမှာတော့
သေခြင်းတရားဟာ
အဓိကဇာတ်ကောင်
ကျွန်တော်တို့ဟာ သေခြင်းတရားရဲ့
လက်မှာပတ်ထားတဲ့ နာရီတစ်လုံး
လွမ်းဖွယ် မေတ္တာတရားဆိုတာ
ကျွန်တော်တို သောက်တဲ့
အရက်လောက် စိတ်မချရဘူးလို့
ကျွန်တော်တို့ ပြောခဲ့ဖူးတယ်
လူ့ယန္တရားရဲ့ အဓိကစက်ဆီဟာ
အတ္တဖြစ်ပြီး မေတ္တာတရားဟာ
ကျိန်စာသင့်ပန်းတစ်ပွင့်ဖြစ်တယ်
အချစ်ဆုံးသတ္တဝါဟာ လူဖြစ်ပြီး
အမုန်းဆုံးသတ္တဝါဟာ လူဖြစ်တယ်
ငါးမရရေချိုးပြန်ကြသူတွေထဲတော့
ကျွန်တော်မပါချင်ဘူး ဟူတ်တယ်
ကျွန်တော်ဟာ ကဗျာဆရာ
လောကကြီးကိုနားစွင့်နေသူ ကဗျာဆရာ
လက်အငြိမ်မနေနိုင်လို့
ကဗျာရေးတာမဟုတ်ဘူး
စိတ်အငြိမ်မနေနိုင်လို့
ကဗျာရေးတာ
လက်ရှစ်ချောင်းနဲ့
လောကဓံတရားလောက်တော့
သနားတယ်
မတရားမှုကျူးလွန်နေကြတဲ့
မျက်လုံးတွေ ပါးစပ်တွေအတွက်
ငါ့ဥပေက္ခာတရားဟာ
နေရောင်ခြည်လိုဓားသွားတစ်လက်
သတ္တိရှိရင် နှလုံးရည်ချင်း ယှဉ်ကြမယ်လေ
ငါ့မနက်ဖြန်အတွက် ခန့်မှန်းချက်က
လက်သီးထဲ ကျစ်ကျစ်ပါအောင်
ဆုပ်ထားတဲ့ သီချင်းတစ်ပုဒ်
လူခြေတိတ်ချိန်မှာ ဖွင့်ချပစ်ဖို့ရှိတယ်
ကိုယ်ဖြစ်ကိုယ်ခံ ဆုမပန်ဖို့ရှိတယ်
လူရာဝင်မယ့် ကဗျာဆစ်ပုဒ်
နှလုံးသွေးနဲ့ ရေးထုတ်ဖို့ရှိတယ်
ဘုရားသခင်ကို တရားစွဲဖို့ရှိတယ်
ဝံပုလွေလာဆင်လို သေဖို့ရှိတယ်
ဟုတ်ကဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်...