သူများကိုထိုးဖို့ဆိုတာ
ကိုယ့်မှာမေးရိုးရှိရတယ်။
မောင်ချောနွယ်
တစ်ခါတစ်ရံမှာ တစ်စုံတစ်ခုအတွက် တစ်စုံတစ်ရာကို ပေးလိုက်ချင်ပေမယ့် ငါ့မှာမေးရိုး မရှိတာခက်တယ်။ ရယူချင်းမှာမှမဟုတ်။ ပေးဆပ်ခြင်းမှာလည်း မေးရိုးရှိတယ်ဆိုတာ သိခဲ့ပြီးနောက် တကယ်ဆိုမှော်ဝင်တဲ့ အလွမ်းတွေနဲ့ ဘဝလေးကို ချစ်မြတ်နိုးနေတယ်ဆိုတဲ့ စိတ်ဟာလည်းမေးရိုးပဲ။ ပျော်ရွင်ဖွယ်နေ့တွေအတွက်မေးရိုးဟာ လိုအပ်ခဲ့သလို နာကျင်ဖွယ်နေ့တွေအတွက်လည်း မေးရိုးဟာလိုအပ်နေဦးမှာအမှန်။
ဂျက်လန်ဒန်မှာ မေးရိုးရှိလား။ ချေဂွေဗားရားမှာ မေးရိုးရှိလား။ စစ်ပွဲတွေမှာ မေးရိုးရှိလား။ ချာလီချက်ပလင်းမှာ မေးရိုးရှိလား။ ဟစ်တလာမှာ မေးရိုးရှိလား။ မိုက်တိုင်ဆန်မှာ မေးရိုးရှိလား။ ကွန်မြူနစ်ဝါဒမှာ မေးရိုးရှိလား။ ဒီမိုကရေစီမှာ မေးရိုးရှိလား။ မေးရိုးဟာဘယ်မှာလဲ။ အရှေ့အလယ်ပိုင်းဒေသရဲ့ ဗုံးခိုကျင်းတစ်ခုထဲမှာလား။ ပုံတောင်ပုံညာဒေသမှာလား။ ဒါမှမဟုတ် ယမ်းငွေ့တွေဝေနေတဲ့ လေထုထဲမှာလား။ သေခြင်းတရားဆီမှာလား။ မေးရိုးဟာ ဂျစ်ပစီတစ်ယောက်လား။ ကျီးကန်းတစ်ကောင်လား။ ဘာမဆိုအကုန်ကြိတ်ဝါးတတ်တဲ့ စက်ခလုတ်တစ်ခုလား။ ဘုရားသခင်ရဲ့ တယ်လီဖုန်းလား။
နာကျင်မှုဟာ မေးရိုးလား။ ဆဲရေးသံ၊ ငိုကျွေးသံ၊ တောက်ခေါက်သံများရဲ့ ဂီတဟာ မေးရိုးလား။ ဘာသာတရားဟာ မေးရိုးလား။ ကဗျာတစ်ပုဒ်ဟာ မေးရိုးလား။ ငွေကြေးဟာ မေးရိုးလား။ ငတ်မွတ်ခြင်းဟာ မေးရိုးလား။ မေးရိုးနဲ့မပတ်သက်သမျှဟာ မေးရိုးလား။ မေးရိုးဟာ ဘယ်ကလာခဲ့သလဲ။ မေးရိုးဟာ ရော့ကီးတောင်တန်းတွေဆီကလား။ ဆိုက်ဘေးရီးယားမြက်ခင်းတွေဆီကလား။ ဆာဟာရသဲကန္တာရထဲကလား။ ဂင်္ဂါမြစ်ထဲကလား။ ဧရာဝတီမြစ်ထဲကလား။ ပျောက်ဆုံးနေတဲ့ပရိုင်းမိတ်တွေဆီကလား။
မေးရိုးဟာ ဘယ်ကိုသွားမှာလဲ။ ကောင်းကင်နဲ့ငရဲဆီကိုလား။ လောင်ကျွမ်းနေတဲ့ ဂြိုလ်ကမ္ဘာဆီကိုလား။ တစ်ညလုံးမအိပ်တဲ့ ပါရီမြို့ ကြီးဆီကိုလား။ မေးရိုးဟာပြတိုက်တွေထဲဝင်ထွက်လို့ မေးရိုးဟာဝိုင်အရက်ကိုသောက်လို့။ မေးရိုးဟာဂိုတွန်ကဖီးမှာထိုင်လို့။ မိုဒီကလျာနီနဲံ စကားပြောလို့။ ပီကာဆိုဟာ မေးရိုးကို ပုံတူဆွဲလို့။ မေးရိုးဟာ အီလျာအာရင်ဘတ်နဲ့အတူ ဆေးတံသောက်လို့။ ၃၃လမ်းမှာထိုင်လို့။
မေးရိုးဟာ မေးရိုးကိုပွတ်ရင်း မောင်ချောနွယ်ကို သတိရကြောင်း မောင်ချောနွယ်သူ့ကို ထိုးသွားတဲ့ ကိစ္စကို ခွင့်လွတ်ကြောင်း သူ့ကို မောင်ချောနွယ်ရဲ့ လိပ်စာလေး တစ်ဆိတ်လောက် ပေးစေလိုကြောင်း တစ်ညလုံးမအိပ်တဲ့ မြို့ကြီးမှာ မောင်ချောနွယ်ရောက်နေမှာ သေချာကြောင်း မြည်တွန်တောက်တီးပြီး မေးရိုးဟာ အားလုံးကိုနှုတ်ဆက် သူ့အထာနဲ့သူ ထွက်ခွာသွားလေရဲ့။ မထွက်ခွာသွားခင် မေးရိုး ချန်ထားရစ်ခဲ့တာကတော့ စားလက်စ ခေါက်ဆွဲပန်းကန်ရယ် ရေရောထားတဲ့ အရက်တစ်ခွက်ရယ် အံကပ်တစ်ခုရယ် ဆီဗီယာပလာ့ပ်ရဲ့ ကဗျာစာအုပ်ရယ် ကွမ်းတံတွေးကွက်တွေပါပဲ။ ဒီလိုနဲ့ မေရိုးဟာ လူယဉ်ကျေးတွေဆီ အလည်သွားလိုက်ဦးမယ်ဆိုလား ကျွန်တော်ကိုတော့ မေးရိုးဟာ အရင်လို ခင်ခင်မင်မင် မာမာထန်ထန်ပါပဲ။ မင်းငါ့ကို ထိုးချင်တယ်ဆို အချိန်မရွေးဖုန်းခေါ်လိုက်တဲ့။ ဒီလိုနဲ့ ကျွန်တော်နဲ့မေးရိုး ဆူးလေဘုရားလမ်းမှာ နှုတ်ဆက်လမ်းခွဲခဲ့ကြတယ်။ စပါယ်ယာဟာ မေးရိုးကို လျှပ်တပြက်ခွက်ကနဲ့ ထိုးပြီးကားပေါ်ကိုဆွဲတင်သွားတဲ့ မြင်ကွင်းနဲ့အတူ ကျွန်တော်လည်း ကိုယ့်မေးရိုး ကိုယ်ပွတ်ရင်း မေးရိုးကိုနှုတ်ဆက်လိုက်ရဲ့။
"ကောင်းသောညပါ"
မနေ့ကမေးရိုးဆီကအမြန်ချောနဲ့ စာတစ်စောင်ရောက်လာလေရဲ့။
သူစစ်မြေပြင် တစ်ခုရောက်နေဆိုပဲ။ သူရောက်နေတဲ့ စစ်မြေပြင်မှာ လူတွေဟာ မေးရိုးနှစ်ထပ်နဲ့ဆိုလား။ စစ်ကြီးပြီးရင် သူအိမ်ကိုပြန်တော့မယ့်အကြောင်း သူ့ကိုစောင့်မျော်နေတဲ့ လက်သီတွေဆီ ပြန်လာခဲ့မယ့်အကြောင်းနဲ့ မေးရိုးဟာ ဘန်ကာထဲမှာ မုတ်ဆိတ်ရိတ်ရင်း "စစ်ကြီးပြီးရင်" ဆိုတဲ့သီချင်းကို ဆိုနေလေရဲ့။
ဒီလိုနဲ့သပ်မကြာမီ နောက်နေ့မနက် ကျွန်တော်မျက်နှာသစ်နေတုန်း ဗြုန်းဆိုမေးရိုးဟာ ပေါက်ချလာပါတော့တယ်။ "ကဲ...ကိုယ်လူတစ်ခုခုသွားဝါးရအောင်သွားကြစို့" ဆိုပြီး မေးရိုးနဲ့ ကျွန်တော်ဟာ နောက်ဆုံးအကြိမ်အဖြစ် လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ကြတယ်။ မေးရိုးဟာ ပလာတာ တစ်ချပ်ကိုဝါးရင်း တစ်ခြားမေးရိုးတွေဟာသူ့လောက် ကွာလတီ မကောင်းကြောင်း မေးရိုးနဲ့လုပ်ထားတဲ့ သူ့ရဲ့ကဗျာတစ်ပုဒ် ဒဏ်ရာရသူများစာရင်းကို ထုတ်ပြလေသည်။ နောက်မေးရိုးဟာ သူလည်းတစ်ချိန်ချိန်မှာတော့ တစ်ခြားမေးရိုးတစ်ခုကို နေရာဖယ်ပေးမယ်ဆိုတဲ့ အကြောင်းလွမ်းလောက်အောင် ပြောပြန်တယ်။ ထိုနောက်သူ့ကို ပါရီမြို့က ပြတိုက်တစ်ခုက အလိုရှိနေတဲ့အကြောင်း သူလည်း သင်္ကြန်တစ်တွင်းလုံး ပြတိုက်ထဲ သွားခွေနေမယ်ဆိုတဲ့အကြောင်းနဲ့ ကျွန်တော့်ကိုလည်းရောက်ရင်ဝင်ခဲ့ဖို့ တတွတ်တွတ်မှာနေလေရဲ့။ ပြီးတော့ မေးရိုးဟာ သူ့ကိုကျောက်ပတ်တီးတစ်ခု လက်ဆောင်ပေးဖို့ နောက်ရယ်သံပေါင်းဆုံထည့်ထားတဲ့ ဖိုင်တစ်ခုလည်းလိုချင်ကြောင်းနဲ့ နောက်ဆုံးသူကျွန်တော့်ကို ပြောသွားခဲ့တဲ့ စကားတစ်ခွန်းကတော့ "တကယ်တော့မင်းတို့ထင်နေသလို ငါဟာမေးရိုးတစ်ခုမဟုတ်ပါဘူးကွာ... မေးရိုး ဟန်ဆောင်ထားတဲ့ ကမ္ဘာကြီးပါ" တဲ့။ ဒီလိုနဲ့ပဲ မေးရိုးနဲ့ ကျွန်တော်ဝေးကွာသွားခဲ့ကြတယ်။ မေးရိုးဟာဟိုတယ်ပေါ်မှာလား။ ပြည့်တန်ဆာအိမ်မှာလား။ စတိတ်ရှိုးပွဲတွေမှာလား။ မေးရိုးဟာသေသည်အထိ သူ့ယုံကြည်ချက်ကို စွန့်လွတ်မသွားဘူးလား။ လူ့ဘဝကြီးကို ပြစ်ပြစ်နှစ်နှစ် ပျက်လုံးတွေ ထုတ်နေတုန်းပဲလား။ မနက်တစ်ခွက် ညတစ်ခွက်နဲ့အမှန်တရားကို ပလုပ်ကျင်းအိပ်သေးလား။ သူ့အိပ်မက်တွေထဲမှာ သူ့ဘဝကိုအမြှုပ်ထွက်အောင် မြှုပ်နှံထားကြောင်း တဖွဖွပြောတုန်းလား။ သို့သော် မေးရိုးဟာ သူ့အလုပ်ကိုတော့ ဆက်လက်လုပ်ဆောင်နေလိမ့်မယ်ဆိုတာတော့ သေခြာပါတယ်။ မေးရိုးနဲ့မတွေ့တော့တဲ့နောက် ကျွန်တော်လည်း မေးရိုးအကြောင်းသိပ်မတွေးဖြစ်တော့ တစ်ခါတလေ ညကြီးသန်းခေါင်မေးရိုးကို သတိရတဲ့ အခါရပေါ့... မေးရိုးဟာ လူတွေနဲ့အဆင်မှပြေပါ့မလား။
ညကတော့ မတွေ့ရတာကြာပြီဖြစ်တဲ့ မေးရိုးဟာ ကျွန်တော့်ရဲ့ အိပ်မက်ထဲအထိရောက်ရှိလာပြီး သူအလွန်ပဲစိတ်ညစ်နေရတဲ့အကြောင်း ဟစ်ဟော့တစ်ပုဒ်ရွတ်ရင်း ကျွန်တော်ကိုပြေပြနေလေတယ်။ သူ့ရဲ့ဝိဥာဉ်ကိုလည်း ကျွန်တော့်ကို လက်ဆောင်ပေးချင်ကြောင်း အခုကောင်းကင်ဘုံက သူ့ကိုလက်မခံလို့ ပြန်လာရတဲ့အကြောင်း၊ သေခြင်းတရားနဲ့လည်း သူမိတ်ဆွေဖြစ်ခဲ့ပြီဆိုတဲ့အကြောင်း၊ သူ့အပေါ်ကောင်းတာဆိုလို့ ဒုက္ခတရားတစ်ခုပဲရှိကြောင်း၊ မေးရိုးဟာတဆတ်ဆတ် လှုပ်ခါပြောပြရင်း ကျွန်တော်ရဲ့ နှလုံးခုန်သံကို စိတ်ဝင်တစားနားထောင်နေလေရဲ့။ ကျွန်တော်လည်း မျက်လုံးပိတ်ထားရင်း မေးရိုးပြောသမျှနားထောင်၊ ကိုယ့်အသက်ရှူသံကိုအာရုံပြု၊ မေးရိုးကို နှစ်သိမ့်ဖို့စကားတွေစီနေတုန်းမှာပဲ မေးရိုးဟာ ကျွန်တော့်ကိုခွပ်ခနဲထိုးပြီး အိပ်မက်ထဲက ထွက်ခွားသွားလေရဲ့....။
ဒါတွေဟာ အိပ်မက်လား၊ တကယ်လား။ မေးရိုး ရောက်လာတယ်ဆိုတာဟုတ်သလား။ မသဲကွဲတော့ဘူး။ ကျွန်တော့်စိတ်တွေ ဝေဝေဝါးဝါး ထုံထုံထိုင်းထိုင်းနဲ့ အခိုးအငွေ့တစ်ခုလို လွင့်နေလေရဲ့။ ကျွန်တော်နဲ့ မေးရိုး သိကျွမ်းခဲ့ကြတယ်ဆိုတာကကော တကယ်လား။ ပြန်စဉ်းစားလိုက်တိုင်း မေးရိုးအကြောင်းဟာ ကျွန်တော့်ခေါင်းထဲမှာ ဘယ်လိုမှပေါ်မလာတော့တာပါပဲ။
ဒါနဲ့ပဲ မှန်ရှေ့တည့်တည့်မှာရပ်ရင်း ကျွန်တော့်ကိုယ်ကျွန်တော်အကြာကြီးစိုက်ကြည့် နေမိစဉ်ထဲမှာပဲ မှန်ထဲမှာ အခုတွေ့နေရတဲ့ မေးရိုးများဖြစ်နေမလား။ မှန်ထဲမှာ ကျွန်တော်တွေ့နေရတဲ့ မေးရိုးကတော့ ပါရီသားငထွားမေးရိုးနဲ့တော့ချွတ်စွပ်။ မှန်ရှေ့မှာရပ်ရင်းဖြင့် ကျွန်တော့်ခန္ဓာကိုယ်မှာလည်း တဆတ်ဆတ်တုန်ခါလာပါတော့တယ်။ တစ်စုံတစ်ယောက်၏ အမိန့်ပေးစေခိုင်းသံတစ်ခုလိုနားထဲ ပဲ့တင်ထပ်အော်သံများ... "ဟေး" ခနဲအော်သံနှင့်အတူ မှန်ထဲမှကျွန်တော့်ကိုစိုက်ကြည့်နေသော မေးရိုးကိုခုန်အုပ်ရင်း "ခွမ်း" ခနဲထိုးချလိုက်တော့တယ်။ "ခွမ်း" ခနမြည်သံနဲ့အတူ မှန်ထဲကမေးရိုးဟာလည်း ရုတ်ချည်းပျောက်ကွယ်သွားတော့တယ်။
ကျွန်တော်လည်း အစိတ်စိတ်အပိုင်းပိုင်းဖြစ်နေတဲ့ မှန်ကွဲတွေကိုလှဲကျင်းရင်း အံဖွယ်အဖြစ်အပျက်တစ်ခုကို တွေ့လိုက်ရပါတော့တယ်။ မှန်ကွဲစတွေထဲမှာ မေးရိုးဟာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ပေါ်နေကြတာပါပဲ။ တကယ်တော့ ကျွန်တော်မှာလဲ ဘာမေးရိုးမှမရှိပါဘူး..။