သူဒီလမ်းထဲကိုဖြတ်လျှောက်မိသည့်အခါတိုင်း ခံစားရတဲ့ခံစားချက်တို့ကတော့ ဘယ်တော့မှမပြောင်းလဲ။ ဒီလမ်းလေးကိုရှောင်လွဲဖို့ကြိုးစားတိုင်းလဲ သူမသိစိတ်တို့က အလိုလိုလျှောက်လမ်းမိလျက်သားဖြစ်နေတတ်တယ်။ ဒီလမ်းကလေးပေါ်တွင် သူရဲ့အစွဲအလန်းတွေမကျွတ်မလွတ်။ နှစ်ပေါင်းများစွာစွဲကပ်နေသော အလွမ်းတစ်ခုလို တဝဲဝဲလည်။
သူစိတ်ထဲကလမ်းကလေးမှာ နန်းမြို့ရိုးတောင်ဘက် ဆေးတက္ကသိုလ်အနီးရပ်ကွက်ကလေးတစ်ခုတွင် တည်ရှိလေသည်။ သူကိုဒီလမ်းကလေးအနီးက ပြည့်သူဆေးရုံကြီးတွင်ဖွားမြင်ခဲ့ပြီး သူငယ်ဘဝတို့သည်လဲ ဒီလမ်းကလေးပေါ်မှာပဲ တရွေ့ရွေ့ကုန်လွန်ခဲ့ရ၏။
သူ့င်ါဘဝနှင့်လူပျိုပေါက်ဘဝအထိနေထိုင်ခဲ့ရသော ဒီလမ်းထဲရှိ သူတို့ဘိုးဘွားပိုင်အိမ်ကြီးမှာ နှစ်ဆောင်ပြိုင်အိမ်ကြီးတစ်အိမ်ဖြစ်ကာ အိမ့်ရှေ့တွင်အုန်းပင်တစ်ပင်နှင့် အိမ်နောက်တွင် မန်ကျည်းပင်တစ်ပင်ရှိလေသည်။ အိမ်၏နောက်ဖေးအဆုံးသတ်တွင် အုတ်တံတိုင်းဖြင့်ကာရန်ထားသော ဘုန်းကြီးကျောင်းဝင်းတစ်ခုတည်ရှိပြီး ထိုဘုန်းကြီးကျောင်းမှာ သူတို့ငယ်ဘဝရဲ့ ဖြူစင်သောကစားကွင်းတစ်ခုဖြစ်ခဲ့လေသည်။ ဘုန်းကြီးကျောင်းထဲရှိစေတီပေါ်တက်ရင်း တူတူပုန်းတမ်းကစားခဲ့ကြသည်။ စစ်တိုက်တမ်းကစားခဲ့ကြသည်။ ဘုန်းကြီးကျောင်းအဝင်ပေါက်ရှိ စွယ်တော်ပင်နှင့်စွယ်တော်ရွက်များကို အပြိုင်ခူးကာ စာအုပ်ကြားညှပ်ခဲ့ကြသည်။ သူတို့ကြီးကောင်ဝင်စအချိန်တွင် သူတိုအိမ်၏ ရှေ့တည့်တည်တွင် တစ်ချိန်ကကုလားဆရာဝန်ကြီးတစ်ယောက်ပိုင်ခဲ့သော ဝင်းကြီးတစ်ဝင်းရှိသည်။ ထိုဗာဆူလေးဝင်းကြီးသည်လည်း သူတို့ငယ်ဘဝရဲ့စားကျက်တစ်ခုဖြစ်ခဲ့လေသည်။ ထိုဝင်းကြီးထဲတွင် ကြံပင်၊ ဇီးပင်၊ တရုတ်ဆီးသီးပင်များနှင့် ပိုက်ဆံမပေးရသော စားစရာအတော်များများရှိနေခြင်းနှင့် သက်တမ်းရင့် ကုက္ကိုပင်ကြီးများ၏ အေးမြသော အရိပ်အာဝသကလည်း ရပ်ကွက်အတွင်းရှိ ကလေးများအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်နေခဲ့သည်။
အခုတော....ထိုအရာတွေနှင့်ဝေးကွာခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီ။ သို့သော် သူ ဒီလမ်းထဲဖြတ်မိတိုင်း ဝေးကွာခဲ့သော ငယ်ဘဝရဲ့ အရိပ်တွေကသူခန္ဓာကိုယ်ပေါ်တွားတက်လာကြမြဲ။ မန်ကျည်းပင်ကြီးအောက်မှာ ပိုက်ဆံပစ်ကြသည့်မြင်ကွင်းတွေ ဘွားကနဲပေါ်လာမြဲ။ ဗာဆူလေးဝင်ကြီးထဲမှာ ဘောလုံးကန်၊ ခြင်းခတ်ခဲ့ကြသည့်အသံတွေကြားနေရဆဲ။ သူဒီလမ်းထဲဖြတ်လျှောက်တိုင်း ခံစားရသည့်ခံစားချက်တိုကတော့ ဘယ်တော့မှမပြောင်းလဲ။
သူဆယ်တန်းအောင်ပြီးစအချိန်မှာပဲ သူမိဘတွေက ဒီလမ်းထဲမှ သူ့ငယ်ဘဝအိမ်ကို ရောင်းချကာ နန်းမြို့ရိုးနဲ့ဝေးရာထွက်ခွာခဲ့ကြလေ၏။ သူကတော့ဘိုးဘွားအမွေအနှစ်ကို တိုးပွားအောင်မလုပ်ဘဲ ထုခွဲရောင်းချခြင်းအပေါ် ဘယ်လိုမှနားမလည်နိုင်။ ဘာကြောင့် ဘိုးဘွားအမွေအနှစ်တွေကိုထုခွဲရောင်းချပြီး အဝေးကိုပြေးထွက်သွားကြသလဲဆိုသည်ကို စဉ်းစားမရ။ သိုသော်ဒီကိစ္စက သူတို့တစ်အိမ်ထဲကြုံတွေ့ရသည့် ကိစ္စမဟုတ်သဖြင့်လဲ နည်းနည်းတော့ဖြေသာသည်။ ဘိုးဘွားအမွေအနှစ်ကို တိုးပွားအောင်လုပ်ရင်း အခိုင်အမာခုခံကျန်ရစ်ခဲ့သည့်လူတစ်ချို့လည်းရှိလေသည်။ ထိုလူများကိုတော့ သူလေးစား၏။ မိဘဘိုးဘွားအမွေအနှစ်ကိုတမြတ်တနိုး ထိန်းသိမ်းစောင့်ရှောက် ကာကွယ်သူများအဖြစ် သူအားကျသည်။ အတုယူသည်။
အပိုင်နှစ် ဆက်ရေးပါဦးမယ်