သင်ယခုဘာလုပ်နေသလဲ အပိုင်းအစလေးကို ဇာတ်သိမ်းမယ်ဗျာ။ ကျွန်တော်နောက်ဆုံးတွေ့မယ် လူကတော့ ကဗျာဆရာပါ။ ကဗျာဆရာရဲ့နာမည်က ကိုမိုးဇော်။ သူရဲ့ကလောင်အမည်က ဒိုမီလေးပါ။ " ဟဲလို... ကဗျာဆရာကျန်းခန့်သာလို့မာပါစ။ ခင်ဗျားခုဘာတွေလုပ်နေသလဲ။ လုပ်နေတာတွေကတော့ အများကြီး ခင်ဗျားကသာ ဘာလုပ်နေတယ်ဆိုတာကို သိချင်တယ်။ အနုပညာအလုပ်လား၊ မိသားစုအလုပ်လား၊ ရပ်ကွက်အလုပ်လား။ ခင်ဗျားတို့ပြောပြောနေတဲ့ ကမ္ဘာကြီးပူနွေးလာပြီဆိုတဲ့ သစ်ပင်စိုက်တဲ့အလုပ်လား။ ဒီမိုကရေစီအလုပ်လား။ ကျုပ်စိတ်ကိုကျုပ် မြင့်မားယဉ်ကျေးလာအောင်စောင့်ကြ၊ ပြောင်းလဲနေတဲ့ အလုပ်လား... ကျုပ်က ဘယ်လိုပြောရမလဲ... "မဟုတ်ပါဘူး ကဗျာဆရာ ကျွန်တော်မေးနေတာက ခင်ဗျားဘာတွေလုပ်နေသလဲ ဆိုတာကိုမေးတာပါ... ခင်ဗျားလုပ်နေတဲ့ အလုပ်တွေထဲက အကုန်လုံးကို ပြောချင်လဲရတယ်။ ခင်ဗျားတန်ဖိုးထား ဦးစားပေးလုပ်နေတဲ့ အလုပ်တစ်ခုနှစ်ခုလောက်ကိုပဲ ပြောချင်လဲရတယ်"
"အင်း.. ခင်ဗျားတို့ အင်တာဗျူးသမားတွေကလဲ အမေးနွားကျောင်းသား အဖြေဘုရားလောင်းဆိုတဲ့ လူစားတွေပဲ" ရပါတယ်၊ ကျွန်တော်ပြောပါမယ်... (ကဗျာဆရာဆိုတဲ့လူ သူစကားတတ်တိုင်း ပြောပုံကိုက ကျုပ်ကနွားကျောင်းသားဖြစ်ပြီး သူက ဘုရာလောင်းတဲ့ လုပ်ပုံ လုပ်ပုံ တတ်နိုင်ဘူးလေ သူအကြောင်းသိချင်တာပဲ သည်းခံပေါ့) ကျွန်တော်အတွက်ကတော့ ကျွန်တော် လုပ်သမျှအလုပ်တွေဟာ အကုန်အရေးကြီးနေတာပဲ... ကဗျာရေးတဲ့အလုပ်ဗျာ... အဲ့ဒါကတော့ ကျွန်တော်ရဲ့ ခံကတုပ်ပဲ ဒါပေမယ့် တစ်သက်လုံး ခံကတုပ်ထဲမှာပဲ ဝင်တိုက်နေလို့မရဘူး။ လစ်ရင်လစ်သလို စစ်ကြောင်းဖြန့်ပြီး ထွက်တိုက်နေရတဲ့ အလုပ်တွေကလည်းအများကြီး။ ခင်ဗျားတို့ကတော့ လူပိန်းတွေးတွေးမှာပဲ ဒီလိုလုပ်နေတာဟာ အောင်မြင်ချင်လို့လား။ ကျော်ကြားချင်လို့လား... မဟုတ်ပါဘူး... ကျုပ်လုပ်ချင်လို့လုပ်နေတာပါ။ (ပြောပုံကိုကြည့် ကိုယ်ကလူပိန်းဖြစ်သွားပြန်ပြီ) လူသန်းပေါင်းများစွာ အရက်သောက်နေကြသလို သောက်ချင်လို့သောက်တာ... ဘာဖြစ်လဲလို့ပေါ့ဗျာ...(အရက်အကြောင်းပြောလာတော့ ကျွန်တော်ဘော်ဒါနှစ်ယောက်ကိုသတိရသွားသဗျ မောင်သက်ဇော်နဲ့ အောင်ဇော်ထွေး ဒီချိန်ဆို သူတို့ကောင်းနေကြပြီ) ဒါကြောင့်ကျွန်တော်လုပ်နေတာကို ဘာကြောင့် လုပ်နေသလဲဆိုတာကိုတော့ ခင်ဗျားတို့ ရိပ်မိအောင်တော့ ပြောနိုင်ပါတယ်...။ (တွေ့လား သိအောင်လို့ မသုံးဘူး သူပြောတာကို ရိပ်မိယုံပဲရိပ်မိမယ်ပေါ့)
"ဒါဆိုလဲပြောဗျာ ကျွန်တော်နားထောင်ချင်ပြီ"
"ဒါဆိုကဗျာအကြောင်း ကျွန်တော်စပြောမယ်ဗျာ၊ ကျွန်တော်ဘာကြောင့် ကဗျာရေးသလဲဆိုတော့ စာမျက်နှာတွေမှာပါချင်လို့ ကျော်ကြားချင်လို့ဗျာ။ အဲ့ဒီလိုစိတ်နဲ့ ကဗျာရေးခဲ့တာ ၁၀နှစ်လောက်ပေါ့ အခုတော့အဲဒီလိုစိတ်တွေနဲ့ မဟုတ်တော့ဘူး။ ယုံကြည်ချက်နဲ့ပဲ ရေးတော့တယ်။ ဝမ်ချက်စတာသေနတ်လိုပဲ တစ်တောင့်ထိုး တစ်ချက်ပဲ ပစ်မယ်။ ပစ်မှတ်ကို ထိရမယ်။ ခင်ဗျားတို့ ရေးခိုင်းတိုင်းလည်း ရေးချင်မှရေးမယ်။ ကျုပ်ရေးချင်းမှ ရေးမယ်။ ခင်ဗျားတို့မကြိုက်လဲ ကျုပ်ကဗျာကို ကျုပ်အသိအမှတ်ပြု သိမ်းထားမယ်။ ဒီလိုပြောလို့ ကျုပ်ကို ကဗျာဆရာလို့ မထင်လိုက်ပါနဲ့။ ကျုပ် ကဗျာဆရာမဖြစ်သေးပါဘူး။ ကဗျာဆရာဖြစ်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ပါ။ ကဗျာဆိုတာ မှော်ရုံတောကြီးပါ။ ကျုပ်က မှော်ရုံတောအစပ်ကိုပဲ ရောက်နေတဲ့ ကဗျာရေးသူတစ်ယောက်ပါ"။ "ကျုပ်ပြောတာကို ခင်ဗျားရိပ်မိလား" ဥပမာ... ကျွန်တော်ပြောမယ်၊ စကားလုံးတွေရဲ့. စွမ်းအားနဲ့ စကားလုံးတွေက လျို့ဝှက်နက်နဲပြင်းထန်ပုံဗျာ.... မာယာကော့ဖ်စကီးရဲ့ ဘောင်းဘီဝတ်မိုးတိမ် ကဗျာတစ်ပုဒ်နဲ့ ပီကာဆိုရဲ့ ပန်းချီကားတစ်ချပ်၊ တန်ဖိုးချင်းယှဉ်ကြည့်ရင် ဘယ်ဟာက သာလိမ့်မယ်ထင်သလဲ... ဒီနေရာမှာတော့ တန်ဖိုးဆိုတာကို ခင်ဗျား နားလည်ဖို့လိုလိမ့်မယ်။ ပီကာဆိုရဲ့ ပန်းချီကားက သန်း တစ်ရာရလို့ ပီကာဆိုရဲ့ ပန်းချီကားဟာသာတယ်လို့ထင်မယ်... တကယ်တော့... မဟုတ်ဘူးဗျာ... မာယာကော့ဖ်စကီးကဗျာနဲ့ ပီကာဆိုရဲ့ ပန်းချီကား တန်းဖိုးအတူတူပဲဗျ... အနုပညာတန်ဖိုးအရည်အချင်း အတူတူပဲဗျ... မာယာကော့ဖ်စကီးက စကားလုံးနဲ့ ပြုလုပ်တယ်။ ပီကာဆိုက အရောင်နဲ့ပြုလုပ်တယ်။ ဒါပဲကွာတယ် ကျန်တာအတူတူပဲ။ ကမ္ဘာကျော်ကဗျာနဲ့ ကမ္ဘာကျော်ပန်းချီကား အတူတူပဲပေါ့... ရှုပ်သွားမလား... မရှုပ်ပါနဲ့ ခင်ဗျားဘာသာ ခင်ဗျားစဉ်းစားပါ။ ဒီတစ်ဘဝနဲ့တင် အချိန်ရပါတယ်။ အဲ့ဒီတော့ ကျုပ်ဘာကြောင့် ကဗျာရေးလဲဆိုတာကို ခင်ဗျားစဉ်းစားလို့ရပါပြီ...။
မိသားစုအရေး၊ ရပ်ကွက်အရေး၊ ကျုပ်အသက်၃၀ထိ ဘာမှမလုပ်ပေးခဲ့ဘူး။ ထိုင်စား၊ ရန်ဖြစ်၊ သောင်းကျန်း ဒါတွေပဲလုပ်ခဲ့တယ်။ ဆင်ခြေကတော့ အမှန်တရားကို ရှာနေတယ်ပေါ့။ အခုတော့ အရင်လို မဟုတ်တော့ပါဘူး။ မိသားစု ရပ်ကွက်ကို ဒုက္ခမပေး ကိုယ့်ထမင်းကိုယ်စားနိုင်အောင် ကိုယ့်ဘဝကိုယ် ရပ်တည်နိုင်အောင် ကြိုးစားနေပါတယ်။ မိသားစုကိုအကျိုးပြု၊ ရပ်ကွက်ကို သန့်ရှင်းအောင် ကြိုးစားနေပါတယ်။ သစ်ပင်လည်း စိုက်နေပါတယ်။ ကမ္ဘာကြီးကိုချစ်လို့တော့ မဟုတ်ပါဘူး။ ကျုပ်မိသားစုရပ်ကွက် အရိပ်ရအောင်လို့ပါ။ ဆိုးတာက ကျုပ်သစ်ပင်စိုက်တယ်။ မယ်ဇယ်ပင် အနှုတ်ခံရတယ်။ ကျုပ်တို့လမ်းလေး တံတားပြင်လို့ ၁၀နှစ်သက်တမ်းကျော် ကသစ်ပင်လေး အခုတ်ခံရတယ်။ ဒါတွေကို ကျုပ်ဘယ်သူ့ကို သွားတိုင်ရမလဲ။ ဒီကောင်တွေလိုပဲ ကျုပ်ထွက်ရိုက်ရမလား။ ဒါပေမယ့် ကျုပ်အားမလျော့ပါဘူး။ သပြေပင်ထပ်စိုက်ပါတယ်။ အိမ်ရှေ့မှာတံတားပြင်ဖို့ ကျောက်တုံးတွေချတယ်။ သပြေပင်လေးပိသွားတယ်။ ဒါပေမယ့် သပြေပင်လေး မသေပါဘူး။ နောက်ထပ်သစ်ပင်သုံးပင်လောက်ပဲ ထပ်စိုက်မှာပါ။ စိမ်းရောင်စိုး သစ်ပင်စိုက်ပျိုးရေးအဖွဲဆီက သစ်ပင်တွေသွားတောင်းပြီး ထပ်စိုက်ဦးမှာပါ။ ဒီမိုကရေစီဆိုတာတော့ ကျွန်တော်သိပ်မသိပါဘူး။ ကျုပ်ကွမ်းယာထုပ် ပလပ်စတစ်အိတ်ခွံလေးကို စည်းကမ်းတကျစွန့်ပစ်ပါတယ်။ ကွမ်းတံတွေးကိုလဲ သန့်ရှင်းနေတဲ့ ကတ္တရာလမ်းပေါ်တွေမှာ မထွေးပါဘူး။ မီးပွိုင့်ရဲ့ စည်းကမ်းကိုလဲ လိုက်နာတယ်။ ဒီလောက်ပါပဲ။ ဖူကူးယားမားရဲ့ သမိုင်းနိဂုံးလိုပဲလိုချင်တာ အကုန်ရနိုင်တဲ့ လစ်ဘရယ်ဒီမိုကရေစီ... ကမ္ဘာကြီးကလဲ အားလုံးရသွားတာကို မကျေနပ်နိုင်သေးဘဲ သမိုင်းတကျော့ ပြန်လည်လာဦးမယ် ဆိုသလိုပေါ့။ အရေးကြီးတာက ဗိုလ်ချုပ်အောင်ဆန်းပြောသလို ကျွန်တော်တို့ သောက်ကျင့်တွေကို ပြင်ရပါမယ်။ ဒါဟာကမ္ဘာမှာ အခက်ဆုံးအလုပ်ပါ။ ကျုပ်ကတော့ ကျုပ်စိတ်တွေကို ပြောင်းလဲအောင် စောင့်ကြည့်နေပါတယ်။ အခု... ကျုပ်အသက် ၃၆နှစ်အတွင်းမှာ ချိုးကွေ့သွားတဲ့ ကျုပ်စိတ်အပြောင်းအလဲကိုလဲ တွေ့နေရပါတယ်။ မလိုတာတွေကို ပယ်ပြီး လိုတာတွေပဲ အားစိုက်နေရတဲ့ လမ်းပေါ်ကို ရောက်လုနီးပါပြီ။ ကျုပ်အခုလုပ်နေတာတွေကတော့ ဒါပဲဗျာ....။
ကျွန်တော်လည်းကျွန်တော်၏ သင်ယခုဘာတွေလုပ်နေသလဲဆိုတဲ့ IQ မှတ်တမ်းကို အဆုံးသတ်ရင်း ကျွန်တော်အိမ်ကလေး၏ ဝရံတာပေါ်မှာပဲ ကျွန်တော်အိပ်ပျော်သွားပါတော့တယ်....။