ဘ၀မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အဓိပ္ပါယ်ရှိရှိနေထိုင်သွားနိုင်ဖို့ ကိုယ်ဘာကိုဦးစားပေးသင့်တယ်၊ ဘာကိုအချိန်ရွှေ့ဆိုင်းလို့ရတယ်ဆိုတာ ကိုယ်အသိဆုံးပါ။ ကြိုတင်ပြင်ဆင်စရာလိုတာတွေ မလိုတာတွေကိုလည်း သေချာစီစဉ်ဆောင်ရွက်ထားဖို့လိုပါတယ်။
Images Credit - Original Source
အဓိကက "ငါလုပ်ရမှာပါပဲ" "ငါလုပ်ရင်ကောင်းမလား" ဆိုပြီးတော့ မတွေဝေပါနဲ့။ ဘေးလူတွေရဲ့ စကားအတိုင်းလည်း လိုက်ပြီးမစဉ်းစား မဆုံးဖြတ်ပါနဲ့။ ကိုယ့်လိုအပ်ချက်၊ စိတ်ခံစားချက်တွေကို ကိုယ်ကသာအသိဆုံးပါ။ အဲ့တော့ ကိုယ်ဘယ်လိုလုပ်ရင် ဘယ်လိုစီစဉ်ရင်ကိုယ့်အတွက် အကောင်းဆုံးလဲဆိုတာ ကိုယ်ဘာသာပဲ ဆုံးဖြတ်ရှာဖွေပါ။ စိတ်လှုပ်ရှား တက်ကြွမှုကိုလည်းသတိထားပါ။ အလုပ်မှာ တက်တက်ကြွကြွရှိတာ ကောင်းပါတယ်။ တက်ကြွတဲ့စိတ်က ကိုယ့်ကိုခွန်အားတွေ၊ စွမ်းဆောင်ရည်တွေ တိုးမြှင့်ပေးနိုင်တယ်လို့ ထင်ရပေမယ့် အပြည့်တော့ မမှန်ပါဘူး။ ဘာလို့လဲဆိုတော့ တက်တက်ကြွကြွဖြစ်နေရာကနေ အချိန်ကြာလာတာနဲ့အမျှ လူရောစိတ်ရောစပင်ပန်းလာပါတယ်။ ပြီးရင် ကိုယ်ကတက်ကြွစိတ်အား ထက်သန်လွန်းတော့ ကိုယ်ပင်ပန်းစပြုလာတဲ့အခါမှာ စိတ်ဖိစီးမှုပါစ၀င်လာပါတယ်။ တက်ကြွလွန်းတဲ့ သူတစ်ယောက်ဖြစ်တော့ စိတ်ဖိစီးမှု မရှိလာရင်တောင်မှ ကိုယ်ကဘယ်လိုမျိုးထပ်ဖြစ်တာ၊ ဘာတွေထပ်လုပ်ချင်တာ စသဖြင့်အတွေးတွေ ပိုများလာပါတယ်။ တကယ်လို့ စိတ်အားတက်ကြွလွန်းတာကိုက သင့်ပင်ကိုယ်စရိုက်ဖြစ်နေရင်တော့ သင်ရေရှည်အဆင်ပြေပြေ ရပ်တည်နိုင်ဖို့အတွက် စိတ်ကို ခဏအနားပေး ငြိမ်နေတာမျိုးလုပ်ဖို့ လိုအပ်ပါတယ်။ ပင်ပန်းပြီး တက်တက်ကြွကြွမရှိတော့မှာကို မကြောက်ပါနဲ့။ ပင်ပန်းစရာရှိရင် ပင်ပန်းလိုက်ပါ။ လေးလံ ထိုင်းမှိုင်းသလိုဖြစ်နေရင်လည်း ဖြစ်ပါစေ။ ဒါမှ အနားရသွားပြီးရင် ပြန်တက်ကြွလန်းဆန်းလာနိုင်မှာပါ။ လူတတ်ကြီးသိပ်လုပ်ပြီး အပြောသိပ်မကြီးပါနဲ့။ အလုပ်ခွင်မှာ "ငါလုပ်စရာတွေအများကြီးရှိသေးတယ်" "ငါပဲဒီကိစ္စတွေအကုန်လုံးကိုလုပ်နိုင်မှာ" ဆိုတာမျိုးတွေပြောဖူးလား ??? ကိုယ်က သိပ်လုပ်ပြချင်တော့ တကယ်ကို ကိုယ့်အတွက် အလုပ်တွေများလာပါပြီ။ အဲ့တော့တဖြည်းဖြည်းနဲ့ လူရော စိတ်ပါ ပင်ပန်းလာရပါတယ်။ ပိုဆိုးတာက အဲ့လိုတွေပြောနေ လုပ်နေတာက ကိုယ့်ကိုလူတော်ကြီးလို့ ထင်မယ်လို့မတွက်ပါနဲ့။ သင့်လုပ်ရပ်တွေက သင့်လုပ်ဖော်ကိုင်ဖက်တွေကို ပိုပြီးစိတ်ရှုပ် အမြင်ကပ်စေပါတယ်။ နောက်ပြီး သင်ကလုပ်နိုင်တယ်လို့ ကြွေးကြော်ထားတော့ တာဝန်တွေက သင့်ဆီပိုပုံကျလာတော့မှာပါ။
ကိစ္စတစ်ခုခုကို ပြီးမြောက်အောင်လုပ်ရတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကို ဒီအလုပ်ကပြီးရုံပဲလုပ်လို့ရလား၊ အကုန်လုံး သေသေချာချာ လှလှပပပြီးမြောက်မှ အဆင်ပြေမှာလား၊ ကိုယ်ကိုယ်တိုင်လုပ်မှ ဖြစ်မှာလား၊ လူလွှဲပြီးလုပ်ခိုင်းလို့ရော ရနိုင်လား ဆိုတာကိုသေချာစဉ်းစားပါ။
ဥပမာပြောရရင် Martha က နေ့တိုင်း သူမရဲ့မိသားစုအတွက် အ၀တ်လျှော်ရပါတယ်။ အရင်တုန်းက အဆင်ပြေပေမယ့် သူမအလုပ်ရပြီးတဲ့နောက်ပိုင်းမှာ အ၀တ်လျှော်တဲ့အလုပ်ကို သူမသေချာသီးသန်. အချိန်ပေးလုပ်ဖို့ အခက်အခဲဖြစ်လာပါတယ်။ သူမခင်ပွန်းကို အကူအညီတောင်းပြီး လုပ်ခိုင်းလည်းရပေမယ့် သူမကိုယ်တိုင် လုပ်တာလောက် စိတ်တိုင်းမကျပြန်ပါဘူး။ ဒါပေမယ့်လည်း တကယ်တမ်းမှာတော့ သူမစိတ်တိုင်းမကျဘူး ဘယ်လောက်ပြောပြော အခုတော့ အ၀တ်လျှော်တဲ့အလုပ်ကို သူမအချိန်ပေးနိုင်တဲ့အချိန်သူမ၊ သူမမအားရင် သူမယောင်္ကျားကပဲ ကူနေရပါတယ်။ သူမယောင်္ကျားလျှော်ဖွပ်တဲ့အခါတွေ သူမသဘောမကျပေမယ့် ဒီအလုပ်က ဘယ်သူလုပ်လို့ပြီးပြီး ပြီးမြောက်ဖို့က အဓိကမို့လို့ ဒီလိုဖြေရှင်းလိုက်တော့လည်း အဆင်ပြေသွားတာပါပဲ။
အလုပ်ပိုတစ်ခုကိုကိုယ်လုပ်မယ်လို့ လက်ခံမိသွားတယ်၊ တကယ်တမ်း ကိုယ့်မှာလုပ်စရာအလုပ်တွေကလည်း မပြတ်သေးဘူးဆိုရင် နောက်ထပ်အလုပ်ပိုတွေကို ထပ်တော့လက်မခံပါနဲ.တော့။ အဆင်ပြေမှာ သေချာတဲ့အလုပ်မျိုး ထပ်ဝင်လာရင်တောင် လက်မခံပါနဲ.တော့။ ဘယ်လောက် အဆင်ပြေမယ်ထင်ထင် ပြီးစီးအောင်လုပ်နိုင်ဖို့က အဓိကပါ။
တကယ်လို့ သင်က အိမ်မှာရောအလုပ်မှာရော အလုပ်တွေအရမ်းပိလာပြီ၊ လုပ်စရာတွေတအားများ လာပြီဆိုရင် ဘာဖြစ်လာမလဲ ? ရှင်းပါတယ်။ သင်အလုပ်လုပ်နေတဲ့အချိန်မှာ အိမ်အတွက် နောက်ဆံတင်းနေရပြီး အိမ်ပြန်ရောက်တော့လည်း အလုပ်အတွက် စိတ်တထင့်ထင့်ဖြစ်ရပါတော့မယ်။ အဓိကက သင်အလုပ်မဆင်းခင် (သို့) သင်အိမ်ကမထွက်ခင် သင်ခေါင်းထဲပေါ်လာသမျှကို စာအုပ်ထဲချရေးတာပဲဖြစ်ဖြစ်၊ ကွန်ပျူတာထဲမှာ မှတ်ထားတာပဲဖြစ်ဖြစ်၊ ဖုန်းထဲမှာမှတ်ထားတာပဲဖြစ်ဖြစ် မှတ်ထားပါ။ သင်ပြန်လာရင် လုပ်ရမယ့်အရာတွေပါ မှတ်ထားပြီး ဒီနေ့အလုပ်ကနေ အိမ်ပြန်သွားရင် အလုပ်ကလုပ်စရာတွေကို ခဏမေ့ထား၊ အိမ်ကိုဝင်၊ နောက်နေ့ အိမ်က ထွက်ကာနီးရင် အိမ်ကလုပ်စရာတွေကို ခဏပြန်မေ့ထားပြီး အလုပ်မှာလုပ်ဖို့ ကျန်တယ်လို့ မှတ်ထားတာတွေကို ဆက်လုပ်ပါ။
ဒါတွေဟာ သင့်ဘ၀အတွက် အလုပ်နဲ့ဘ၀ကြားမှာ အခက်အခဲပြသနာတွေ နည်းသွားအောင် ဟန်ချက်ထိန်းဖို. အဓိကနားလည်ထားရမယ့် အချက်တွေဖြစ်ပါတယ်။ ဒီအချက်တွေကို နားလည်ပြီး ဘ၀ကိုဖြတ်သန်းရင် သင့်အတွက် ပျော်ရွှင်မှုတွေရရှိ ပိုင်ဆိုင်လာပါလိမ့်မယ်။