Images Credit - Original Source
ဘဝမှာ အရေးကြီးဆုံးအရာ ဘာလဲလို့ လူတိုင်းကို လိုက်မေးကြည့်ပါ။ တစ်ယောက်တစ်ပေါက် ဖြေချင်ဖြေမယ်။ တစ်ခု နားထောင်ကြည့်ပါ။ သူတို့ဖြေတာအကုန်လုံးတော့ ကိုယ့်အမြင်နဲ့ အံဝင်ခွင်ကျတူနေမှာ မဟုတ်ပါဘူး။ ဘဝမှာ အရေးကြီးတဲ့အရာတွေဟာ တစ်ဦးချင်းနဲ့ပဲ သက်ဆိုင်နေတာဖြစ်လို့ အားလုံးနဲ့လိုက်ပြီး တူစရာမလိုတာတော့ အမှန်ပါပဲ။ ဖုန်းတစ်လုံးဟာ လူတိုင်းအတွက် မရှိမဖြစ်လို့ပြောရင် မှားပါတယ်။ တစ်ချို့သူတွေအတွက် တစ်ချို့ အရာတွေကို တကယ်မလိုအပ်ပါဘူး။ တစ်ခါတစ်လေမှာ အရေးပေါ်တို့  မရှိမဖြစ်တို့  ဆိုတာတွေကို ဒီအတိုင်း လက်ပိုက်ကြည့်နေလိုက်တာက မှန်ကန်တဲ့ရွေးချယ်မှုဖြစ်သလို ဘဝမှာ အရေးပါတဲ့ နေထိုင်နည်းတစ်ရပ်လည်း ဖြစ်ပါတယ်။ လက်ထဲမှာ ဖုန်းတစ်လုံးရှိနေဖို့က အရေးကြီးတဲ့အရာလို့ တွေးလိုက်တာနဲ့ ဒီအတွေးဟာ လူတစ်ယောက်ရဲ့ အရေးကြီးဆုံးအရာတွေကို လက်လွတ်စေတတ်ပါတယ်။ ဖုန်းဟာ ကိုယ့်အိတ်ကပ်ထဲကနေ လက်ပေါ်တက်လာတာနဲ့ ပိုက်ဆံအိတ်နားကပ်တဲ့ အမျိုးပါ။ သူ့ကို များများထိလေလေ ပိုက်ဆံအိတ်ကို ကျယ်ကျယ်ဖွင့်လေလေပါပဲ။ ကိုယ်အိမ်မီးဖိုချောင်က လိုအပ်တာလေးတွေ မဝယ်မိရင်သာနေမယ်။ အင်တာနက်ဖွင့်ပြီး Social network တွေပေါ် တက်ဖို့တော့ ဖုန်းဘေလ် ခဏခဏ ဝယ်နေမိတတ်ပါတယ်။ "ဥစ္စာဖြို စားဖိုက" ဆိုတဲ့ စကားပုံဟာ ဒီနေ့ခေတ်မှာဆို "ဥစ္စာဖျက်ဆုံး စမတ်ဖုန်း"လို့ တောင် ပြောင်းသုံးရတော့မယ် ထင်ပါတယ်။ ဒီတော့ ဖုန်းနဲ့ဝေးဝေးနေခြင်းဟာလည်း အကုန်အကျသက်သာစေတဲ့ အကြောင်းပေါင်းများစွာထဲက တစ်ခုပါပဲ။
နောက်ပြီး ပုံမှန်အားဖြင့် တစ်ခုခုသိချင်ရင် စာအုပ်စာတမ်းတွေလိုက်မဖတ်ဘဲ Google ပေါ်မှာပဲ လိုက်ရှာတာဟာ ကိုယ့်ပင်ကိုယ်ဥာဏ်စွမ်းနဲ့ ပြဿနာဖြေရှင်းဖို့ တွေးခေါ်ပုံ လေ့လာပုံကို ထိခိုက်စေပါတယ်။ ဒီလိုမျိုးပြဿနာကို ပင်ကိုယ်စွမ်းရည်လျော့ပါးလာခြင်း လို့ ခေါ်ပြီး အင်တာနက်ကို အကူမှတ်ဥာဏ်တစ်ခုလို အားကိုးပြီးသုံးလာတာမျိုးကို ပြောတာပါ။ တစ်နည်းအားဖြင့် ဖုန်းတွေကနေ ကိုယ်သိချင်တာကို အလွယ်ကလေးသိလာလေလေ နောက်တစ်ခါလည်း အပင်ပန်းမခံဘဲ လွယ်လွယ်လေး ယူသုံးလိုက်လေလေ ဖြစ်လာပါတယ်။
ပြဿနာက ဖုန်းတွေကို အပိုမှတ်ဥာဏ်တစ်ခုလို သုံးတာကြောင့် တစ်ခုခုဆို ကိုယ့်မှတ်ဥာဏ်နဲ့ကိုယ် မှတ်မထားတော့တာကြောင့် သတင်းအချက်အလက်ကို မရဘဲ ဘယ်လို ရယူလို့ ရတာလဲဆိုတာကိုပဲ မှတ်မိနေတော့တာပါ။ နောင်တစ်ချိန်မှာ ကိုယ်ဘာသိဖို့ လိုသလဲဆိုတာကို သိရဖို့  Amazon ရဲ့ Alaxa တို့ Google ရဲ့ Assistant တို့ ကို မေးရမယ့် ကိန်းဆိုက်နိုင်ပါတယ်။ ဖုန်းတွေကို စွဲစွဲလမ်းလမ်း မကိုင်တော့တာနဲ့ ကိုယ့်အတွက် ကောင်းတဲ့အရာတွေ ရောက်လာတာကို တွေ့ရမှာပါ။ အခုပြောခဲ့တဲ့အချက်တွေကို သတိပြုမိတာနဲ့ ကိုယ့်လက်ထဲမှာ စမတ်ဖုန်းတစ်လုံးရှိနေရင်တောင် လိုတာထက်ပို သုံးမိမှာ မဟုတ်ပါဘူး။ ဒါဆိုရင် ကိုယ့်ရဲ့ တစ်နေတာဟာ မလိုအပ်တဲ့ အမှိုက်တွေနဲ့ပိတ်ဆို့ ညစ်ထေးနေတော့မှာ မဟုတ်ပါဘူး။