ကျွန်တော်တို့မှာ ၀င်ငွေမရှိရင်တောင်မှ ထွက်ငွေကတော့ အမြဲထွက်နေမှာဖြစ်ပါတယ်။ အခုလို ခေတ်မီလှပတဲ့ အဆန်းအပြားတွေ နေ့စဉ်နဲ့အမျှ ပေါ်ထွက်နေတဲ့ ခေတ်ကာလကြီးမှာ အိတ်ထဲက ပိုက်ဆံတွေဟာ လမ်းလျှောက်ထွက်နေသလို အလိုလျောက် ကုန်နေတတ်တာ လူတိုင်းကြံကြရပါလိမ့်မယ်။
Images Credit - Original Source
အတောမသတ်နိုင်တဲ့ လိုအင်ဆန္ဒတွေဟာ ပိုက်ဆံမစုမိဘဲ ကုန်ပေါက်ဖြစ်ရတဲ့ အဓိကတရားခံတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် "ခြွေတာစုဆောင်းသူဌေးလောင်း" ဆိုတဲ့ စကားအတိုင်း ယိုပေါက်ဖြစ်နေတဲ့ အသုံးစားရိတ်တွေကို စိစစ်လိုက်ခြင်းအားဖြင့် အပိုကုန်နေတာတွေကို ရပ်တန့်နိုင်ပါလိမ့်မယ်။ အပိုအသုံးစားရိတ်တွေကို လျှော့ချနိုင်မယ့်နည်းလမ်းလေးတွေကို အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်။
အဓိကအချက်ကတော့ အသုံးနဲ့အဖြုန်းကို နားလည်ဖို့လိုအပ်ပါတယ်။ လူအများစုဟာ ပိုက်ဆံကို ခြွေတာလိုတဲ့စိတ်ဆန္ဒ ရှိကြပေမယ့်လည်း သုံးတဲ့အချိန်မှာ စိတ်လိုက်မာန်ပါနဲ့ သုံးတတ်ကြလို့ ဘယ်နေရာမှာ ဘယ်လိုပိုက်ဆံတွေကုန်မှန်းမသိဘဲ အချိန်တန်တဲ့အခါ ဟောင်းလောင်းဖြစ်နေတဲ့ ပိုက်ဆံအိတ်လေးကိုသာ တွေတွေကြီးစိုက်ကြည့်ရင်း နောင်တရကြရပါတယ်။ အပိုအသုံးစားရိတ်တွေ လျှော့ချဖို့ အဓိက သတိပြုရမယ့်အချက်တစ်ခုကတော့ မိုးစက်မိုးပေါက်လေးတွေကနေ ရေအိုင်ကြီးတစ်ခု ဖြစ်လာတယ်ဆိုတာပါပဲ။ တစ်ဆယ်ပဲဖြစ်ဖြစ်၊ တစ်ရာပဲဖြစ်ဖြစ် မပြောပလောက်ပါဘူးဆိုပြီး သတိမမူတာမျိုးကို မလုပ်သင့်ပါဘူး။ ဘယ်လောက်ပဲ ဖြစ်ဖြစ် မကုန်သင့်တာကို မကုန်အောင် စိစစ်မှသာ အပိုကုန်နေတဲ့ ပိုက်ဆံယိုပေါက်တွေကို ဖာထေးပိတ်ဆို့နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်အရာတွေအတွက် ပိုက်ဆံတွေ ဘယ်လိုသုံးနေတယ်ဆိုတာနဲ့ ဘယ်နေရာမှာ ယိုပေါက်ဖြစ်နေတယ် ဆိုတာကို ရှာဖွေရပါမယ်။လူအများစု နေ့စဉ်သုံးစွဲနေကြတဲ့ အသုံးစားရိတ်တွေထဲမှာ အမှန်တကယ် မလိုအပ်ဘဲ ပြုန်းတီးနေရတဲ့ ငွေကြေးပမာဏ တစ်ခု ရှိပါတယ်။ အဲ့ဒါတွေကတော့ ဆေးလိပ်၊ ကွမ်းယာအစရှိတဲ့အရာတွေပဲ ဖြစ်ပါတယ်။ သည်လိုအရာတွေဟာ ကိုယ်တိုင်သတိမပြုမိဘဲ ကုန်နေတဲ့ ငွေယိုပေါက်တွေဖြစ်ပြီး တစ်စုံတစ်ယောက်ကိုမျှလည်း အကျိုးမပြုနိုင်တဲ့အပြင် ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်တွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ လုံးဝမဖြတ်နိုင်သေးလို့ သုံးစွဲမယ်ဆိုရင်လည်း သုံးစွဲနေကျ ပမာဏထက် လျှော့ချသင့်ပါတယ်။ ဒါဟာ ငွေယိုပေါက်ကိုလည်း သက်သာစေသလို ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။ အဓိကတွက်ချက်သင့်တာကတော့ ရေရှည်ကုန်ကျစားရိတ်ပါပဲ။ တစ်နေ့ကို ကွမ်းယာ ငါးရာဖိုးစားသူဟာ၊ ခန့်မှန်းချေ တစ်လလျှင် တစ်သောင်းခွဲကုန်ကျပြီး တစ်နှစ်လျှင် တစ်သိန်းရှစ်သောင်းခန့် ကုန်ကျမှာကို သတိပြုသင့်ပါတယ်။ ဒါဟာ နည်းနည်းစီကနေ အလဟဿကုန်ဆုံးသွားတဲ့ ပိုက်ဆံဖြစ်ပါတယ်။ ထိုနည်းနည်းလေးချင်းစီကို စုထားမယ်ဆိုရင် တစ်နှစ်ပြည့်တဲ့အခါ ခရီးသွားတာဖြစ်ဖြစ်၊ အလှူတစ်ခုလုပ်တာဖြစ်ဖြစ်၊ လိုအပ်တဲ့အရာတစ်ခုခု ၀ယ်တာဖြစ်ဖြစ် ပြုလုပ်လို့ရတာကို တွေးကြည့်သင့်ပါတယ်။
Images Credit - Original Source
အများအားဖြင့် ရန်ကုန်လို မြို့ကြီးတွေမှာ နေထိုင်သူတွေဟာ နေ့စဉ်သွားလာရေးအတွက် အသုံးစားရိတ်တွေ လိုတာထက်ပိုပြီး ကုန်နေကြရတာကို တွေ့ရပါတယ်။ သွားချင်တဲ့နေရာကို အချိန်မှီရောက်ရှိဖို့အတွက် တက်စီငှားရတာမျိုးတွေ ကြိမ်ဖန်များစွာ ရှိပါလိမ့်မယ်။ လမ်းတွေကြပ်တာမှန်သော်ငြားလည်း ၀ီရိယရှိရှိနဲ့ စောစောထွက်တာမျိုး၊ ဒါမှမဟုတ် စက်ဘီးစီးတာမျိုးက လိုရာခရီးကို အချိန်မှီရောက်စေပြီး အကုန်အကျ သက်သာစေမယ့် နည်းလမ်းဖြစ်ပါတယ်။ ကိုယ်ပိုင်ကားစီးသူတွေအနေနဲ့လည်း မလိုအပ်ဘဲ ကားစက်နှိုးပြီး အဲကွန်းဖွင့်ထားတာမျိုးတွေကို လျှော့ချခြင်းအားဖြင့် ဆီဖိုးအကုန်သက်သာပါလိမ့်မယ်။
လူတိုင်း မိသားစုတိုင်းမှာ ထိုထက်မကသော ယိုပေါက်တွေရှိပါလိမ့်မယ်။ မလိုအပ်ဘဲကုန်နေတဲ့ ယိုပေါက်တွေကို သိပြီဆိုရင်တော့ ဘယ်လိုနေရာတွေမှာ စနစ်တကျ အကျိုးရှိရှိ အသုံးချမယ်ဆိုတာ ဆုံးဖြတ်ထားသင့်ပါတယ်။ နေ့စဉ်စားစရိတ်၊ အတိုအထွာစားရိတ်တွေကို တိတိကျကျ ကန့်သတ်သုံးစွဲသင့်ပြီး ယနေ့ခေတ်ရဲ့ တောင်းဆိုမှုအရ လူတိုင်းသုံးစွဲနေကြတဲ့ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Facebook နဲ့ Bee Talk ၊ Viber တို့လို application တွေအတွက် အသုံးစားရိတ်ကိုလည်း စိစစ်သုံးစွဲသင့်ပါတယ်။ ဈေးကွက်ထဲမှာ အပြိုင်အဆိုင်တွေရှိနေတဲ့ အင်တာနက် package တွေထဲက လိုင်းဆွဲအား အကောင်းဆုံးနဲ့ ဈေးအသက်သာဆုံး၊ အတန်ဆုံးဖြစ်မယ့် package ကို ရွေးချယ်သုံးစွဲခြင်းအားဖြင့် တစ်နေ့တစ်နေ့ Facebook ကြည့်လိုက်၊ Bee Talk တွေ Viber တွေပြောလိုက်နဲ့ ဖုန်းဘေလ်တွေ အများကြီးကုန်နေတာကို လျှော့ချနိုင်ပါလိမ့်မယ်။
Images Credit - Original Source