တန်ဖိုးဆိုတာကို ဘယ်လိုတိုင်းတာမလဲ ငွေနဲ့တိုင်းမလား၊ ရာထူးတွေနဲ့တိုင်းမလား၊ ပညာနဲ့တိုင်းမလား၊ တကယ်တော့ အရာဝတ္ထုတိုင်းမှာ သူ့နေရာနဲ့သူ တန်ဖိုးရှိပါတယ်။
Images Credit - Original Source
ဟိုးရှေးရှေးတုန်းက ရေထမ်းတဲ့ လူယောင်္ကျား တစ်ယောက်ရှိတယ်။ သူဟာ ပခုံး တစ်ဘက်တစ်ချက်စီမှာ ကြီးမားတဲ့ရေအိုးနှစ်လုံးကို ထမ်းပြီး ရေသယ်လေ့ရှိတယ်။
အိုးတစ်လုံးက နဲနဲ အက်နေတော့ ရေမလုံဘူး၊ ရေတွင်းကနေ သူ့အိမ်ကို ရေသယ်လာတိုင်း စိမ့်တာပေါ့။ ဒီတော့ အိမ်ရောက်တဲ့အခါ ရေတစ်ဝက်ပဲပါလာတယ်။ ကျန်တဲ့အိုးတစ်လုံးကတော့ အပြစ်အနာအဆာ မရှိဘူး။ ဒီတော့ သူ ရေတွင်းကနေ ရေထမ်းပြီး ပြန်လာတိုင်း ရေအပြည့်ပါတာပေါ့။
ဒီလိုနဲ့ အိမ်ရောက်ရင် အိုးတစ်လုံးနဲ့ တစ်ဝက်ပဲ၊ ရေသယ်လာလိုက်တာ နှစ်နှစ်လောက် ကြာ သွားသတဲ့။ ဒီတော့ အိုးအကောင်းလေးက သူ့ကိုယ်သူ သိပ်ဂုဏ်ယူသတဲ့။ ငါက အပြစ်အနာအဆာ မရှိဘူး။ ဒါကြောင့် ငါရေများများ သယ်နိုင်တယ်လို့ အထင်ရှိနေတယ်တဲ့။
အက်နေတဲ့အိုးကလေးက စိတ်ထဲမှာ တော်တော်လေး သိမ်ငယ်နေရှာတယ်။ အော် .. ငါ့မှာ အားနည်းချက်ရှိတယ်၊ သူများလို အပြည့်မသယ်နိုင်ဘူး၊ တစ်ဝက်ပဲ သယ်နိုင်တယ်ပေါ့။ ၀မ်းနည်းလဲ ၀မ်းနည်း အားလဲငယ်နေတယ်တဲ့။
Images Credit - Original Source
ဒီလိုနဲ့ တရက်မှာ အက်နေတဲ့ အိုးကလေးက ရေထမ်းသမားကို ရင်ဖွင့်ရှာတယ်။ သခင်ရယ် ကျွန်တော် သခင့်ကို တောင်းပန်ချင်ပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ရှက်မိပါတယ်။ သခင်ကတော့ သခင့်ဘက်က အပြည့်အ၀ အားစိုက်ပြီး ရေသယ်ရတယ်။ ဒါပေမဲ့ ကျွန်တော့် ဘေးဘက်မှာရှိတဲ့ အက်ကြောင်းလေးကြောင့် သခင်သယ်သမျှရေတွေ အပြည့်မရဘူး … တစ်ဝက်က အလဟဿ ဖြစ်ရတယ်… ကျွန်တော် တောင်းပန်ပါတယ် လို့ ၀မ်းနည်းပက်လက်နဲ့ ပြောမိတယ်။
အဲဒီအခါမှာ ရေထမ်းသမားက ဘယ်လို ပြန်ပြောသလဲ ဆိုတော့ … အိုးကလေး … မင်းကြည့်လိုက်စမ်း …. ရေခပ်လမ်းတလျှောက်မှာ မင်းရှိတဲ့ ဘက်ခြမ်းတစ်လျောက်လုံး ပန်းတွေပွင့်နေတာ မင်း သတိပြုမိရဲ့လား …တဲ့။ ငါက မင်း ရေစိမ့်နေတယ်ဆိုတာ သိတာပေါ့။ ဒါကြောင့် မင်းရှိတဲ့ ဘက်ခြမ်းမှာ ငါ ပန်းမျိုးစေ့တွေ ချထားခဲ့တယ်။
နှစ်နှစ်လုံးလုံး ရေခပ်လမ်းကအပြန်မှာ မင်းက ဒီပန်းပင်လေးတွေကို ရေမှန်မှန် လောင်းပေးခဲ့တယ်လေ။ အခုဆို ကြည့်စမ်း…လှပတဲ့ ပန်းတွေ ပွင့်နေပြီ။ အိမ်မှာလည်း ပန်းအိုးလေးတွေမှာ ပန်းတွေနဲ့ အလှဆင်နိုင်ပြီ…မင်းသာ မရှိရင် ဒီလို ပန်းပွင့်လေးတွေနဲ့ ကျက်သရေ ရှိတဲ့အိမ် ဖြစ်လာပါ့မလား။ စဉ်းစားကြည့်စမ်း။
Images Credit - Original Source
လူတိုင်းမှာ အားနည်းချက် လေးတွေ ကိုယ်စီ ရှိပါတယ်။ ဒါပေမယ့် ဒီအားနည်း ချက်ကလေး တွေ ရှိနေတာကြောင့်ပဲ ပိုပြီး unique ဖြစ်လာတယ် … ပိုပြီး ချစ်စရာလည်း ကောင်းပါတယ်။ ဒီအားနည်းချက်အတွက် သဘာဝတရားကြီးက အစားတစ်ခုခုလည်း ပြန်ပေးတတ် ပါတယ်။