အားလုံးသောချစ်မိတ်ဆွေအပေါင်း မင်္ဂလာပါ....
ဒီနေ့တော့ မရေးရတာကြာပြီဖြစ်တဲ့ ကြီးကြီးကျယ်ကျယ်စာတွေ တစ်ပုဒ်တော့ ပြန်ရေးချင်စိတ်ပေါက်လာပါတယ်... စာလုံးကြီးကြီးတွေ စကားလုံးကြီးကြီးတွေနဲ့ မရေးရတာကြာလာတော့ နည်းနည်းများ သေးသွားသလားလို့ 😁 ဒီတော့ကာ ခုတော့ နည်းနည်းလေး ကြီးကြီးကျယ်ကျယ်ရေးတင်လိုက်ပါအုံးမယ်... ကျုပ်အပါအဝင် သတ္တဝါတွေဟာ စိတ်ကြောင့်အမျိုးမျိုးဖြစ်နေကြရတာဖြစ်သလို စိတ်ကြောင့်ပဲ အခြေအနေတွေလည်း အမျိုးမျိုးကွာခြားသွားကြရပါတယ် လို့ ဆိုကြပါတယ်... ငရဲဘုံ ဘာကြောင့်ပေါ်ပေါက်လာရသလဲ ဒုက္ခဆင်းရဲပေါင်းစုံ စိတ်ချမ်းသာစရာတစ်ခုမှမရှိတဲ့ ငရဲဘုံဆိုတာ မရှိခဲ့ရင်ကောင်းမယ်ထင်ပါတယ်... မိတ်ဆွေတို့ရော အဘယ်သို့ထင်ကြပါလဲ? တကယ်တော့ ဒုက္ခဆင်းရဲမျိုးစုံဖြစ်နေတဲ့ငရဲကို တောင့်တကြတဲ့သူတွေကြောင့် ငရဲဘုံပေါ်လာရပါသတဲ့... ဒါက မြတ်ဗုဒ္ဓဟောကြားခဲ့ခြင်းပါပဲ... ဆရာတော်ကြီးတစ်ပါးက ဒါ တာကို တွေး ... ဒါ ကိုပဲ လုပ်... ဒါ ပဲဖြစ်မှာပေါ့ လို့ ဟောကြားခဲ့ဖူးပါတယ်... ဆိုလိုချင်တာက ဘာလဲဆိုတာသေချာမသိသော်ငြားလည်း ဉာဏ်မှီ သလောက်တွေးကြည့်လိုက်တော့ သိလိုက်တာက ဒါ ဆိုတဲ့စကားလုံးက အစားထိုးစကားလုံး ဆိုတာပါပဲ... ကောင်းတာကို တွေး ... ကောင်းတာကို လုပ် ... ကောင်းတာပဲဖြစ်မှာပေါ့ လို့ ဆိုနိုင်သလို မကောင်းတာကို တွေး ... မကောင်းတာကို လုပ် ... မကောင်းတာပဲဖြစ်မှာပေါ့ လို့ ဆက်စပ်တွေးတောကြည့်မိပါတယ်... စိတ်အာရုံစူးစိုက်ခြင်းဆိုတဲ့ အကြောင်းကြောင့် ကောင်းကျိုး မကောင်းကျိုးဆိုတဲ့ အကျိုးကို ခံစားရခြင်းပဲဆိုတာ သိလာရပါသဗျ...
သတ္တဝါဆိုတဲ့အကောင်တွေဟာ ကိုယ့်ရဲ့စိတ်အာရုံစူးစိုက်ထားတဲ့အတိုင်း ဖြစ်နေကြတယ်လို့ထင်ပါတယ်... ကောင်းတဲ့အရာလေးတွေကို အာရုံစိုက်လုပ်ဆောင်တတ်ကြသူတွေက ကောင်းတာလေးတွေနဲ့ တွေ့ကြုံတတ်ကြသလို မကောင်းတဲ့အာရုံတွေကို အာရုံစူးစိုက်ထားတတ်ကြသူတွေအတွက်လည်း မကောင်းတဲ့အာရုံတွေရဲ့ လွှမ်းမိုးမှုကြောင့်ပဲ မကောင်းတာတွေနဲ့ တွေ့ကြုံတတ်ကြပါတယ်... ကောင်းတာဖြစ်ချင်ရင် ကောင်းတာလုပ် ဆိုတဲ့စကားက သက်သေပြနေသလိုပါပဲ... အဆိပ်ပင်ကိုစိုက်ပျိုးပြီး ရေလောင်း ပေါင်းသင်လုပ်ထားတဲ့သူက ပန်းသီးကို စားဖို့မျှော်ကိုးနေလို့မရနိုင်ဘူးမဟုတ်လား... ဒါကလည်း ကိုယ်စိုက်ပျိုးထားတဲ့အတိုင်း ရိတ်သိမ်းရမယ် ဆိုတဲ့ စကားက သက်သေထူနေသလိုပါပဲ... ကိုယ်ပြုမူနေထိုင်ခဲ့တဲ့အတိုင်း ကိုယ့်ရဲ့ဘဝက ဖြစ်တည်လာရခြင်းလို့ပဲဆိုရမယ်ထင်ပါတယ်... ငယ်စဉ်ကာလကတည်းက မကောင်းမှုနဲ့ ရင်းနှီးကျွမ်းဝင်သူအတွက် မကောင်းမှုလုပ်ဖို့ ပိုများမှာ ဖြစ်သလို ကောင်းမှုကိုရင်းနှီးကျွမ်းဝင်သူအတွက်လည်း ကောင်းမှုလုပ်ဖြစ်ဖို့ ပိုများမယ်ဆိုတာ အလွယ်တကူ သိနိုင်ပါတယ်... ၁၀၀ ရာခိုင်နှုန်းမဟုတ်သော်ငြားလည်း ၉၉.၉ လောက်တော့သေချာသလောက်ပဲ... ကိုယ်အာရုံစူးစိုက်ပြီး စိုက်ပျိုးခဲ့တဲ့အရာတစ်ခုက ချက်ချင်း လက်ငင်း အကျိုးပေးမယ်လို့တော့ မဆိုနိုင်ပေမယ့်လည်း အကျိုးပေးမှာကတော့ သေချာပါတယ်... အဲဒီတော့ကာ ဘာ ကိုတွေးပြီး ... ဘာ ကိုလုပ်ရင် ... ဘာ ဖြစ်နိုင်မလဲ ဆိုတာကတော့ ကိုယ့်အပေါ်မှာပဲ မူတည်နေတာပါတယ်... မိမိတို့ကိုယ်တိုင် သုံးသပ် ဆုံးဖြတ်ပြီးသကာလ မိမိတို့ရဲ့ ဘဝသံသရာခရီးမှာ ကောင်းကျိုးဖြစ်ထွန်းစေရန်အတွက်အသုံးချနိုင်ကြပါစေကြောင်း ဆုမွန်တောင်းရင်း ကြီးကြီးကျယ်ကျယ် ရေးသားခြင်းကို ရပ်နားလိုက်ရပါကြောင်း အို မိတ်ဆွေပေါင်းတို့...
အားလုံးကို လေးစားလျှက် -