"အိမ်ရှင်တို့ ... အိမ်ရှင်တို့"
" သြော် ... လူလေး ... လာလေကွာ "
" ဟုတ်ကဲ့ ဦးလေး ... မီးအားမြှင့်စက်ပြင်ဖို့ ခေါ်ထားလို့ပါ "
" ဟုတ်တယ် ... လူလေးရေ ... ဒီမှာလေ ခလုတ်က တစ်ထစ်နှိပ် မရဘူး ဖြစ်နေတယ် ... အထစ်ကျော်ပြန်တော့လည်း မီးအားက အရမ်းများသွားတော့ ဖြတ်စက်က ဖြတ်ချသွားတယ် ... မီးအားမြှင့်စက်ရှိနေပြီး သုံးလို့ မရဘူးဖြစ်နေလို့ကွာ "
" ဟုတ်ကဲ့ ... ဦးလေး ... ကျွန်တော်ကြည့်လိုက်ပါ့မယ် "
အောင်ကျော်လည်း သူ့ပစ္စည်းအိတ်ကို ချလိုက်ပြီး လိုတာတွေ ထုတ်လိုက်ပါတယ်။ ၀က်အူလှည့်နဲ့ မီးအားမြှင့်စက်ကို ဖွင့်ပြီး ဖုန်တွေကို အရင်ဆုံးသန့်ရှင်းလိုက်တယ်။ ပြီးတော့ ခလုတ်အုံကို ၀က်အူဖြုတ်ပြီး ကြည့်ကြည့်တယ်။ အထစ်များချော်နေလားပေါ့။ စစ်ဆေးကြည့်ချက်အရတော့ အထစ်ချော်ရုံတင်မကဘူး ... ကျိုးပါ ပဲ့နေတာပါ ... ဦးစံမြလာပြောကတည်းက အခြေအနေကို ခန့်မှန်းမိတာကြောင့် ခလုတ်အုံအပိုတစ်ခု ယူလာတာဟာ ဒီနေရာမှာ အသုံးဝင်သွားပါတယ် ... ဂေါက်တံကို အပူပေးပြီး ခလုတ်အုံမှာ သွယ်တန်းထားတဲ့ ကြိုးတွေကို ဖယ်လိုက်ပါတယ် ... အဲဒီလောက် ထင်းရှူးဆီနဲ့တို့ကာ ခလုတ်အုံအသစ်နဲ့ ကြိုးတွေကို ပြန်တပ်ကာ စက်ကို အချောသပ်လုံးလိုက်ပါတယ်။
" ဦးလေး ခလုတ်က ပြင်မှ ဖြစ်မှာ ... အခု အဆင်ပြေသွားပြီ ... စမ်းကြည့်ပါဦး "
ဦးစံမြလည်း သူ့မီးအားမြှင့်စက်ကို ခလုတ်စမ်းတင်ကြည့်ပြီး အဆင်ပြေသွားတာကြောင့် သဘောကျသွားဟန်ဖြင့် တပြုံးပြုံးဖြစ်သွားပါတယ်။
" ဘယ်လောက်ကျသလဲ ... လူလေး "
" ပစ္စည်းဖိုးက ၆ ထောင်ပဲ ကျပါတယ် ... လက်ခကို ၂၀၀၀ ပဲ ပေးပါ "
" အေး ... အေး ... သမီးရေ ... နင့်အစ်ကိုကို ကျသင့်ငွေပေးလိုက်ပါဦး "
ဘေးနားက ရပ်ကြည့်နေတဲ့ သူဇာက သူ့အဖေ ခိုင်းတဲ့အတိုင်း ကျသင့်ငွေကို လာပေးပါတယ်။
ဆံပင်လေး ကုပ်ဝဲ ... အသားညိုစိမ့်စိမ့်နဲ့ မနိမ့်လွန်း မမြင့်လွန်းအရပ်ကို ပိုင်ဆိုင်ထားတဲ့ သူဇာဟာ ဦးစံမြရဲ့သမီးအငယ်ဆုံးဖြစ်ပါတယ်။ ကျောင်းပြီးတဲ့နောက် အပြင်အလုပ်ကို မလုပ်ဘဲ အိမ်ဆိုင်လေးကို ဖွင့်ကာ အဖေဖြစ်သူကို ပြုစုစောင့်ရှောက်နေတဲ့ သမီးအလိမ္မာလေးလည်း ဖြစ်ပါတယ်။ ရပ်ကွက်ထဲက လူပျိုအများစုက သူမကို သဘောကျပေမယ့် ပင်စင်စားရဲမင်းကြီးဖြစ်တဲ့ ဦးစံမြကို ရှိန်နေတာကြောင့် စကားလိုက်မပြောရဲကြပါ။ ဦးစံမြကလည်း အိမ်ကို ယောက်ျားသား ဘယ်သူမှ အလာမခံဘဲ လျှပ်စစ်ပစ္စည်းပြုပြင်တဲ့ အောင်ကျော်ကိုသာ အိမ်မှာရှိတဲ့ ပစ္စည်းများပြုပြင်ခြင်း၊ မီးချောင်းများ မီးကြိုးများလဲသည့်အခါ ခေါ်ယူခိုင်းစေခြင်းဖြင့် ၀င်ထွက်ခွင့်ပေးထားခြင်း ဖြစ်ပါတယ်။ လူကဲခတ်တာ ကျွမ်းကျင်တဲ့ ဦးစံမြအနေနှင့် အောင်ကျော်၏ နေပုံထိုင်ပုံကို သဘောကျကာ သူ့သမီးနှင့် သဘောတူနေပါတယ်။ ဒါပေမယ့်လည်း အောင်ကျော်က တုံဏှိဘာဝေနှင့် အလုပ်သဘောအရ ဆက်ဆံခြင်းသာ ရှိပြီး အခြားအချိန်တွင် ရင်းနှီးပတ်သက်လာခြင်း သိပ်မရှိပါ။ ဒါကိုပဲ သူဇာက မခံချိမခံသာဖြစ်နေပါတယ်။ သူမ မလှဘူးလို့ ပြောရအောင်လည်း သူမအဖေ၏ အရှိန်ကိုသာ မကြောက်ပါက ရပ်ကွက်ထဲက လူပျိုတိုင်း လိုက်လံစကားပြောနှောင့်ယှက်နေတော့မှာ ဖြစ်ပါတယ်။ ယခုလည်း အကြောင်းမရှိ အကြောင်းရှာပြီး လာရောက်ဈေးဝယ်သူများကြောင့် ဈေးဆိုင်က တစ်နေ့ တစ်နေ့ အတော်လေးရောင်းနေရပါတယ်။
To be continued ...