လက်ချောင်းတိုင်းဟာ အတိုအရှည် မညီညာဘူးဆိုပေမယ့် တစ်ချောင်းနှင့်တစ်ချောင်း တွဲဖက်ပြီး သူ့တာဝန်နဲ့သူ လုပ်ကိုင်ကြမယ်ဆိုရင် အရမ်းကို အသုံးတည့်ကြပါသည်။ ဥပမာ- ဘော့ပင်တစ်ချောင်းကို ကိုင်ပြီး စာရေးတဲ့အခါ လက်ချောင်းလေးတစ်ချောင်းထဲနဲ့ ရေးလိုမရနိုင်ပေမယ့် လက်ချောင်းသုံးချောင်းနဲ့ ညှပ်ကိုင်ထားပြီး ရေးလျင်ဖြင့်ရနိုင်ပါသည်။ လူဆိုတာလည်း တစ်ယောက်ခြင်းစီ မနေနိုင်တဲ့ သတ္တဝါတွေပဲ မဟုတ်လား။ မိသားစုနှင့် ပတ်ဝန်းကျင်နှင့် နေမှသာ အဓိပ္ပါယ်ရှိတဲ့ လူဘဝကို တည်ဆောက်နိုင်မှာ ဖြစ်ပါသည်။ အဓိပ္ပါယ်ရှိတဲ့ မိသားစုတစ်ခု အဖြစ်ရပ်တည်နိုင်ဖို့ဆိုရင် မိသားစုဝင် တစ်ယောက်ခြင်းစီမှာ ပြည့်ဝတဲ့ မိသားစုစိတ်ဓါတ် ရှိနေဖို့အရေး ကြီးလှပါသည်။ ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား ငယ်သူကို သနားညှာတာမယ်ဆိုရင် လူ့လောကအလယ်မှာ လူသားအားလုံ ပျော်ရွင်ငြိမ်းချမ်းစွာ နေထိုင်သွားနိုင်မည် ဖြစ်ပါသည်။ လူတိုင်းပေါ် မေတ္တာစေတနာထားပြီး အကောင်းမြင်နိုင်မယ်ဆိုရင် လူတိုင်းကလည်း ကိုယ့်ကိုအကောင်းမြင်ကြမှပါ။ ကိုယ်က လူအများကို ကြမ်းတမ်းရက်စက်တဲ့ စိတ်မွေးရင်လည်း လူအများကလည်း ကိုယ့်အပေါ် ကြမ်းတမ်းရက်စက်မှုတွေနဲ့ပဲ တုန့်ပြန်ကြမှာပါ။ လူသားတိုင်း တစ်ဦးကိုတစ်ဦး ချစ်ချစ်ခင်ခင်နှင့် သိမ်မွေ့နူးညံ့တဲ့ စိတ်ကိုမွေးကြမယ်ဆိုရင် လူ့လောကကြီးတစ်ခုလုံး ရန်တွေကင်းစေပြီး ငြိမ်းချမ်းသွားမှာပါ။
မိသားစုတစ်ခုမှာ မိန်းမယောကျာ်း တစ်ဦးနှင့်တစ်ဦး ငါကကြီးတယ် နင်ကငယ်တယ် ငါကညံ့တယ် နင်ကတော်တယ် စသည်ဖြင့် ခွဲခြားနေကြမယ်ဆိုရင် ထိုမိသားစုဟာ ချစ်ခင်အေးချမ်းစွာ နေရဖို့ထက် ခိုက်ရန်ဒေါသတွေကြီးထွားပြီး တိုးတတ်ချမ်းသာမှုထက် ဆင်ရဲမွဲတေဆုတ်ယုတ်မှုတွေကသာ ကြုံတွေ့ကြရနိုင်ပါသည်။ "နွားကွဲလျင် ကျားဆွဲသည်" ဆိုသည့်စကားပုံလို မိသားစုစိတ်ဝမ်းကွဲကြလျင်လည်း ဘေးပတ်ဝင်းကျင်ရဲ့ စော်ကားတိုက်ခိုက်မှုကိုလည်း ခံရတတ်ပါသည်။ ထို့နောက် စီးပွားရေးတွေပျက်ပြီး လူမှုရေးတွေကျဆင်းမည်။ အတ္တတွေ မလျော့နိုင်ကြလျင်လည်း ပျော်ရွင်နွေးထွေမှုတွေလည်း ကြက်ပြောက် ငှက်ပြောက်ဖြစ်လာပြီး မပြည့်မစုံနှင့် အထီးကျန်ဆန်မှုတွေသာ ပေါက်ဖွားလာနိုင်ပါသည်။ စင်္ကြာဝဠာကြီးတစ်ခုလုံး အေးချမ်းသာယာပြီး ငြိမ်းချမ်းဖို့ဆိုတာ မိသားစုတစ်စုကို အခြေခံသည်ဟုလည်း ဆိုနိုင်ပါသည်။ အိမ်တစ်အိမ်မှာ စည်းလုံးညီညွတ်မှုမရှိလျင် ဘေးအိမ်တွေရဲ့ သွေးထိုးဝင်ရောက် စွက်ဖက်မှုတွေကိုလဲ ကြုံတွေ့ရနိုင်ပါသည်။ တစ်စုတစ်စည်းတည်း ချည်နှောင်ထားတဲ့ ထင်းတစ်စီးကို ချိုးရန်မရနိုင်သော်လည်း ထင်းစီးပြေသွားခဲ့လျင်တော့ အလွယ်တကူချိုးလို့ ရနိုင်ပေလိမ့်မည်။ မိသားစုဆိုသည်မှာ မိဘနှင့် သားသမီး စုပေါင်းပြီး သိုက်သိုက် ဝန်းဝန်း ညီညီညွှတ်ညွှတ် နေထိုင်မှသာ မိသားစုဆိုသည့် အဓိပ္ပါယ် သက်ရောက်မည်ဖြစ်ပါသည်။ တစ်ရောက်တစ်ပေါက်နှင့် ထင်ရာစိုင်းနေပါက ငြိမ်းချမ်းဖို့ထက် ပူလောင်အလိုမကျမှုနှင့် မလိုမုန်းတီးစိတ်များဖြင့်သာ အသက်ရှင် နေထိုင်သွားရမည်ဖြစ်ပါသည်။
ကိုယ့်မိသားစုဝင် အချင်းချင်း မပြေလည်ပါက ပတ်ဝန်းကျင်နှင့် ပြေလည်ရန် ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါ။ ပတ်ဝန်းကျင်ကို ရန်လိုလာပြီး အကောင်းလည်း မမြင်တတ်တော့ပါ။ တဖြည်းဖြည်းနှင့် တစ်ရွာလုံးနှင့် တစ်မိသားစုဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ပတ်ဝန်းကျင်ရဲ့ ဥပေက္ခာ ပြုခြင်းကို ခံရပြီး ရိုင်းစိုင်သည့် စိတ်ဓါတ်များ ဝင်လာကာ မိသားစု၏ နွေးထွေးမှု အနှစ်သာရ သိရမည်မဟုတ်တော့ပါ။ မိသားစုဆိုသည်မှာ တစ်ဦးကိုတစ်ဦး ချစ်ခင်ကြင်နာကာ စာနာမှုနှင့် ဖေးမကူညီမှုများ ပေါင်းစပ်ပြီး တစ်ဦးအခက်ခဲကို တစ်ဦးမှ တိုင်ပင်ဆွေးနွေးကာ ညှိနိုင်းဖြေရှင်း ပေးသင့်ပါသည်။ သို့မှသာ မိသားစုဝင်အချင်းချင်း ရိုသေလေးစားပြီး နွေးထွေးပျော်ရွင်စရာ ကောင်းတဲ့မိသားစုဘဝလေးအဖြစ် ဖန်တီးတည်ဆောက်နိုင်မည်ဖြစ်ပါသည်။
တစ်ဦးတစ်ယောက်တည်း ကောင်းရုံဖြင့် ပြည့်စုံသာယာလှသည့် မိသားစုတစ်ခုကိုမဖန်တီးနိုင်ပါ။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသကဲ့သို့ မိသားစုဝင် တစ်ဦးနှင့်တစ်ဦး ညှိနိုင်းတိုင်ပင် ပူးပေါင်းဆောင်ရွက်မှသာ နွေးထွေးပျော်ရွှင်စရာကောင်းသည့် မိသားစုတစ်ခုကို ထူထောင်နိုင်မည်ဖြစ်ပါသည်။ တစ်ယောက်တည်းလှော်ရသည့် လှေတစ်စီးထက် ပြိုင်ပွဲဝင်လှေတစ်စီးကဲ့သို့ တတ်ညီလက်ညီ လှော်ခတ်ခြင်းသည် သက်တောင့်သက်သာဖြင့် ပိုမိုတွင်ကျယ်သောခရီးကို လျင်မြန်စွာရောက်ရှိ နိုင်မည်ဖြစ်ပါသည်။
" လှည်းဘီး နွံထဲနစ်နေသည် ကူ၍တွန်းပေးကြပါ လေးလွန်း၍ မတွန်းနိုင်ဘူးလား ပြိုင်တူတွန်းလျင်ရွေ့ နိုင်ပါသည် " ဆိုသည့် စာသားအတိုင်း
မိသားစုဝင်အားလုံး စိတ်တူကိုယ်တူနှင့် မိမိတာဝန်ကို မိမိကျေပွန်အောင် ထမ်းဆောင်ပါက ကက်သရေမင်္ဂလာ အပေါင်းနှင့်ပြည့်စုံသည့် အိမ်ဂေဟာလေး တစ်ခုတည်ဆောက်နိုင်ရန် မခဲယဉ်းတော့ပေ။ ထို့ကြောင့် မိမိကိုယ်ကို အောင်းအောင်မွေးရန် လိုအပ်သလို ပတ်ဝန်းကျင်ကိုလည်း အကောင်းမြင်ဝါဒနှင့် ကြည့်ရှုနေထိုင် တတ်ကြရန်လည်း လိုအပ်ပါသည်။
လောကကြီးကို အကောင်းမြင်နိုင်မှ မိမိကိုလည်း တစ်လောကမှလည်း အကောင်းမြင်နိုင် ပေလိမ့်မည်။ မိမိအလှအတွက် မှန်ကြည့်သလို ကမ္ဘာလောကကြီး ငြိမ်းချမ်းသာယာ လှပဖို့အတွက် တစ်လောကလုံးမှ လူးသားအားလုံးကလည်း ကမ္ဘာလောကြီးကို အကောင်းမြင်လိုစိတ်ဖြင့် ကြည့်တတ်ဖို့လည်း အထူးပင် လိုအပ်ပါသည်။ မိသားစုတိုင်း တစ်ဦးကိုတစ်ဦး ချစ်ခင်ရင်းနီးစွာ နေထိုင်ကြပြီး အကြောင်းကိစ္စ အဝဝကိုလဲ ညီညွတ်စွာ တိုင်ပင်ဆွေးနွေး အကြံပြုလုပ်ကိုင်ကြပါက စီးပွားရေးတွေလည်း တိုးတတ်ပြီး ကြီးပွားချမ်းသာသည့် မိသားစုတစ်ခု ဖြစ်လာကြပါမည်။ မိသားစုတိုင်း အိမ်တိုင်းအိမ်တိုင်း စည်းလုံးညီညွတ်ပါက တစ်ရက်ကွက်လုံးလည်း ငြိမ်းချမ်းနိုင်ပါမည်။ ရက်ကွက်တိုင်း အေးချမ်းပါက တစ်မြို့လုံးတစ်နိုင်ငံလုံလည်း ငြိမ်းချမ်းပြီး ကမ္ဘာလောကကြီးတစ်ခုလုံးပါ သာယာငြိမ်းချမ်းသည့် နိဗ္ဗာန်ဘုံလေး ဖြစ်သွားမည်မှာ မုချဧကန်ပင် ဖြစ်ပါသည်။
Own writer / ဦးလေးသိန်း