၂၀၀၉ ခုနှစ်လောက်ဆီက ဖားကန့်မှာ ကျွန်တော်သုံးဘီးမောင်းခဲ့ဖူးသေးတယ်ဗျ။ အဲဒီလိုသုံးဘီး မောင်းလိုက်တာ လူတွေက ကျွန့်တော့်ကို ကြက်ဥသည်လို့ ခေါ်ကြတယ်။ သုံးဘီးမောင်းတာ သုံးဘီးဆရာလို့ မခေါ်ပဲ ကြက်ဥသည် လို့ခေါ်ကြတယ်ဆိုတော့ ခင်ဗျားတို့ မျက်စိလည်သွားမှာ အမှန်ပဲ။ အဲဒါလေးကို ပြောပြချင်သေးတယ် ဒီလိုဗျ။
ဖားကန့်ဆိုတာကလည်း ရတနာကျောက်စိမ်းတွေ ထွက်လို့သာ မြို့လို့ အမည်ရနေတာ။ တကယ်က ခပ်ကျဉ်းကျဉ်းလေးရယ်။ တောင်ကုန်တွေပေါ်မှာ တည်ထားရတဲ့ မြို့ကလည်း ဖြစ်သလို လမ်းတွေကလည်း အတက်အဆင်းတွေနဲ့ပေါ့။ ပစ္စည်းပစ္စယတွေ ဘာတွေ သယ်ဖို့ပြုဖို့ဆိုရင် ကျွန်တော့်လို သုံးဘီးဆရာတို့ ထော်လာဂျီ ဆရာတို့ကိုငှားပြီး သယ်ကြပြုကြ ရတာပေါ့လေ။
ကျွန်တော် သုံးဘီးမောင်းတုန်းက ဖားကန့် ကားဝင်းနဲ့ ဈေးနား တစ်ဝိုက်မှာပဲ လုပ်စားနေတယ် ဆိုပါတော့။ ကားကွင်း ဈေးကလည်း လမ်းလေးတစ်လမ်းသာ ချားပြီး ကပ်ရပ်ရှိနေတာလေ။ ကားကွင်းထဲမှာ နေတာများတော့ ကားသမား တော်တော်များများနဲ့လည်း ရင်းနှီးနေပြီး သူတို့ကားပေါ်ပါတဲ့ ပစ္စည်းတွေကို မြို့ထဲတို့ ဈေးပေါ်တို့ ခေါက်တို ကဲ့ရမဲ့ ဟာမျိုးဆို ကျွန်တော့်သုံးဘီးနဲ့ ပဲ အပို့ခိုင်းကြတာက များတာလေ။
ဖားကန့်ဈေးဆိုတာကလည်း ကျဉ်းကျဉ်းကလေးနဲ့ တောင်ကုန်းတစ်ခုပေါ်မှာ တည်ထားတာရယ်။ ကားကွင်းနဲ့ လမ်းတစ်ခုပဲ ခြားတယ်ဆိုပေမဲ့ ဈေးက တောင်ကုန်းပေါ်မှာ ကားကွင်းက အောက်မှာပေါ့။ တစ်ရက် ကားပေါ်မှာ ပါလာတဲ့ ကြက်ဥ တိုက်နှစ်ဆယ်ကို ကားသမားက ဈေးပေါ်ကို သွားပို့ဖို့ ကျွန်တော့် သုံးဘီးကို ငှားတယ်။ သူတို့က ဈေးကုန်းပေါ် ဝင်လို့မရဘူးလေ။ သုံးဘီးခက လေးထောင်ရတယ် ကြက်ဥတိုက်တွေ တင်ဖို့ ချဖို့က အလုပ်သမားအဖွဲ့ ပါပြီးသား ကျွန်တော်က မောင်းပို့ ပေးယုံလေးပဲ ဆိုပါတော့။
သုံးဘီးခကတော့ လေးထောင်ရတယ်။ အောက်ကနေ အပေါ်ကို မောင်းပို့ရုံ ပဲ ဆိုတော့တန်ပါတယ်။ ဈေးကုန်းပေါ်ကို ကြက်ဥတိုက်နှစ်ဆယ်နဲ့ဆိုတော့ ရိုးရိုးဂီယာနဲ့ မောင်းလို့မရဘူး ထွမ်စဖာ ချိတ်ပြီးမှ မောင်းရတယ်။ တဖြည်းဖြည်းချင်း မောင်းတက်လာခဲ့တာ ရှေ့ဘီးက ကုန်းပေါ်ရောက်နေပြီ နောက်နှစ်ဘီး က ကုန်းတက်နေတုန်း ဂျွတ်ကနဲ နောက်ဘီးတွေကို ချိတ်ဆက်ထားတဲ့ ကရောင်းအုံထဲက ထွမ်စဖာ လင်ပန်းနတ်တွေက ပြတ်ထွက်ကုန်ပါရေဗျာ။
ဘာပြောကောင်းမလဲ ကုန်းပေါ်ရောက်လု ရောင်ချင်ဖြစ်နေတဲ့ သုံးဘီးက ဂီယာတွေ အကုန်ဖရီး ဖြစ်ပြီး ကြက်ဥတိုက်နှစ်ဆယ်နဲ့ အတူ အရှိန်နဲ့ အောက်ကို ပြန်လိမ့်ဆင်းပါလေရော။ နောက်ပြန်ကြီး အရှိန်နဲ့ပြန်ဆင်းနေတာဆိုတော့ ဘရိတ်ကလည်း ဘယ်လိုမှအုပ်လို့ မနိုင်တော့ဘူးလေ။ အဲဒီအချိန် အောက်က လမ်းပေါ်မှာ ခရီးသည်တင်တဲ့ကားက ရောက်လာတဲ့အချိန် ခရီးသည်တွေရော ဆိုင်ကယ် ကယ်ရီသမားတွေရော ရှုပ်ရှက်ခတ်နေတာ။ ဘရိတ်ကလည်းဖမ်းလို့မရ ဝင်တိုက်ကုန်တော့မှာ ကျွန်တော့်မှာ စဉ်းစားဖို့အချိန်ကလည်း မရဘူး ဖြစ်ချင်ရာ ဖြစ်ဆိုပြီး သုံးဘီးလက်ကိုင်ကို ခေါက်ချပစ်လိုက်တယ်။ သုံးဘီးက လားရာလမ်းကြောင်းကနေ ခေါက်ချခံလိုက်ရတော အရှိန်မထိန်းနိုင်ပဲ မှောက်သွားရောဗျို့။
ကျွန်တော်လည်း လမ်းဘေးလွင့်ကျသွားပြီး ကံကောင်းထောက်မစွာ ဘာမှမဖြစ်လိုက်ပေမဲ့ ကြက်ဥ တွေကတော့ ကွဲကုန်ပါရော။ ကြက်ဥတွေကွဲတာက တော်သေးတယ်။ အောက်က လူတွေသာ တိုက်မိလို့ သေကျေ ဒဏ်ရာ ရကုန်ရင် မလွယ်ဘူးလေ။ အဲဒီကြက်ဥ အကွဲတွေထဲက ကောင်းတဲ့ဟာတွေကို ရွေးလိုက်တော့ တစ်ဝက်နီးနီးပဲ အကောင်းရတော့တယ်။ ကျန်တဲ့ဟာတွေအတွက်က လျော်ပေးလိုက်ရတယ်။ ရတာလေးက လေးထောင်ထဲ။ လျော်ပေးလိုက်ရတာက ရှစ်သိန်းကျော်တယ်။ ကြက်ဥအကွဲတွေထဲက ရောင်းလို့ရတဲ့အကွဲလေးတွေကို တစ်ထောင်ဖိုးအလုံး နှစ်ဆယ်လောက်နဲ့ နီးစပ်ရာလဲ ပြန်ရောင်းလိုက်ရသေးတယ်။ ကျွန်တော်နေတဲ့ အိမ်ကလူတွေက ပြန်ရောင်းမရတဲ့ ကြက်ဥ အကွဲတွေကို ပူတင်းလုပ်ပြီး စားကြတယ်။ သူငယ်ချင်းတွေလည်း အရက်နဲ့မြည်းဖို့ ကျော်စားတဲ့သူက ကျော်စားပေါ့လေ။ သူတို့တော့ တော်တော်အဆင်ပြေသွားကြတယ်။
ကျွန်တော်ကတော့ စားစရာမရှိ လျော်စရာရှိဆိုသလို ရှစ်သိန်းမဖြစ်ဖြစ်အောင် လျော်ပေးလိုက်ရပြီး ကြက်ဥဆို မမြင်ချင်လောက်အောင်ကို မုန်းသွားတယ်။ အဲဒီကရှေ့ သုံးဘီးမောင်းနေတဲ့ ကာလတစ်လျောက်လုံး သုံးဘီးဆရာလို့ မခေါ်ကြပဲ ကြက်ဥသည်လို့ပဲ နံမည်တွင်နေတော့တာပါပဲ။ လုပ်တဲ့အလုပ်က သုံးဘီးမောင်းတာ ခေါ်ကြတာက ကြက်ဥသည် တဲ့။
Photos Credit >>>Google
MSC : 014