လွမ်းဆွေးရခြင်း၏ ခံစားရမှုသည်
ဆေးခါးကြီးသောက်ရသကဲ့သို့
ခါးသက်သက် အရသာနှင့်
အလားသဏ္ဌန် တူ၏။
ဆည်းဆာချိန်၏ နေမင်းအလင်းရောင်သည်
ကမ္ဘာလောကကြီးအား နှုတ်ဆက်သည့်နှယ်
အစွမ်းကုန် အလင်းဓါတ်ပေးခဲ့သော်လည်း
ငါ့ အတွက်မူ မှုန်ပျပျ သာဖြစ်ခဲ့သည်။
အလင်းရောင် ရှိသောအချိန်တွင်
လွမ်းဆွေးမှုသည် မသိသာသော်လည်း
အမှောင်ဓါတ် ဖုံးလွှမ်းလာချိန်တွင်မူ
ငါ့အား ခြောက်လှန့်လျှက်ရှိတော့သည်။
ထိုသို့သော အချိန်များတွင်
ဆန့်တန်းပေးခဲ့ဖူးသော
ဆုပ်ကိုင်ထားခဲ့ဖူးသော လက်တစ်စုံအား
အရမ်းသတိရ တမ်းတမိသည်။
အမှောင်ကမ္ဘာအား
စိုးထိတ်စွာ အံတုဖြတ်သန်းရင်း
ဆုပ်ကိုင်ခဲ့ဖူးသော လက်တစ်စုံ၏
တန်ဖိုးအား တွက်ချက်နေမိတော့သည်။