Steemit members အားလုံး မင်္ဂလာပါရှင်။ ဒီတစ်ခါတော့ မနှစ်တုန်းက သွားခဲ့ဖူးသော ထားဝယ် ခရီးစဉ်လေး အကြောင်း ပြောပြချင်ပါတယ် ဒီခရီးစဉ်လေး အကြောင်း ရေးဖို့ အချိန် တော်တော်ကြာကြာ စဉ်းစားရင်း မရေးဖြစ်ခဲ့တာ ကြာပေါ့ ဒီခရီးစဉ်လေးဟာ စာရေးသူ မိုရဲ့ ချစ်သောမေမေ နှင့် အတူ နောက်ဆုံး သွားခဲ့ဖူးတဲ့ ခရီးလေးမို့ အမှတ်တရနဲ့ မေ့မရနိုင်တဲ့ ခရီးလေး ဖြစ်ခဲ့ပါတယ် အဲ့ချိန်ကတော့ မေမေ မိုတို့ကို အခုလို ခွဲခွါသွားမယ် ဆိုတာ မိုတို့ မသိနိုင်ခဲ့တာမို့ ပျော်စရာ ခရီးတစ်ခုပဲ ဖြစ်ခဲ့တာပေါ့ အခုချိန်မှာတော့ ဒီခရီးလေးဟာ လွမ်းစရာ မေ့မရအောင် ပြန်တမ်းတမိတဲ့ ခရီးလေး ဖြစ်နေပြန်တာပေါ့ ဒီခရီးလေးကို စာဖတ်သူတွေ သွားချင်အောင် ဖူးမြော် ခွင့်ရအောင် ရေးပြီး ဝေမျှချင်ပါတယ် တစ်ဖက်မှာလည်း ရေးလည်းမရေးချင်ဘူး စိတ်မှာဒွိဟတွေ ဖြစ်ခဲ့တာ မရေးချင်ခဲ့ရတဲ့ အကြောင်းကတော့ မေမေကို သတိရစိတ် ထိန်းမနိုင် ငိုမိမှာမို့ပါ ငိုရင်းနဲ့ပဲ ဆက်ရေးနိုင်ဖို့ ဆုံးဖြတ်ခဲ့တာကတော့ ဒီခရီးစဉ်လေးကို မရောက်ဖူးသေးသူတွေ အတွက် တကယ့်ကို တန်ဖိုးရှိတဲ့ ပျော်ရွှင်ဖွယ် ကောင်းစေတဲ့ အမှတ်တရ ဖြစ်စေမယ့် ခရီးလေးမို့ပါ
ခရီးသွားတယ် ဆိုတာ လူတွေအတွက် အကျိုးရှိဖို့ စိတ်ပျော်ရွင်ဖို့ အပန်းပြေစေဖို့ သွားကြတာ မဟုတ်လား ဒီခရီးလေးဟာ မိုတို့အတွက် အဲ့လိုခရီးလေးပါ အခြားသူတွေ အတွက်လည်း အကျိုးရှိပြီး ပျော်ရွင်စေမယ့် ခရီးလေး ဖြစ်လိမ့်မယ်လို့ စာရေးသူ ယုံကြည်လို့ပါ ခရီးသွားတာ ပျော်ရွှင်စေတယ် ဆိုတာတော့ မှန်ပါတယ် အကျိုးရှိတယ် ဆိုတာက ဘာလဲလို့ မေးချင်မေးမှာပေါ့နော် အကျိုးရှိတယ် ဆိုတာကတော့ ထားဝယ်ခရီးစဉ် ဆိုတာက ထားဝယ်မြို့လေးကို လည်ရုံသက်သက်မှ မဟုတ်တာ အဓိက ကတော့ ထားဝယ်မြို့လေးမှာ ထင်ရှား ကျော်ကြားလှသော ထားဝယ် ရှေးဟောင်း သမိုင်းဝင် ရှင်ကိုးရှင် ဘုရားများကို ဖူးမြော်ခွင့် ရလို့ပါပဲ ဒါကြောင့် အကျိုးရှိစေမှာလို့ ပြောတာပါ ထားဝယ်မြို့လေးမှာ ထင်ရှားလှတဲ့ ရှင်ကိုးရှင်မှာ တစ်ဆူခြင်းကို သူ့သမိုင်းကြောင်းနဲ့သူ တကယ့်ကို အထင်အရှား ရှိတာပါ သမိုင်းကြောင်း ကတော့ သွားခဲ့တဲ့ ခရီးကလည်း နည်းနည်းကြာပြီမို့ မှတ်မိသလောက်လေးကိုတော့ ပြောပြပေးမယ်နော် အကုန်လုံးတော့ မမှတ်မိတော့ဘူး အရင်ဆုံး ရှင်ကိုးရှင် တစ်ဆူခြင်းစီရဲ့ နာမည်လေး တွေကတော့ ရှင်ပင်ခရု ၊ ရှင်မုတ္ထီး ၊ ရှင်တောင့်ပုံ ၊ ရှင်မျှော်တောင် ၊ ရှင်တောက်ထိန် ၊ ရှင်ဥသြ ၊ ရှင်ဇလွန် ၊ ရှင်ဓါတ်ဝဲ ၊ရှင်ဆံတော် ၊ ဆိုပြီး ရှင်ကိုးရှင် ဘုရားများဟာ ထားဝယ်မြို့ လေးအတွက် ထင်ရှားလွန်းလှပြီး ယခုအခါ ဘရားဖူးများစွာလည်း လာရောက်နေကြပြီမို့ တကယ့်ကို စည်ကားပြီး ကျက်သရေ ရှိတဲ့မြို့လေး ပါပဲ ထားဝယ်မြို့လေးရဲ့ ထူးခြားချက် တစ်ခုကတော့ မြို့တစ်မြို့လုံးမှာ အမှိုက်များ ကင်းစင်၍ သစ်ပင်တိုင်းမှာ အမှိုက်တောင်းလေးများ ချိတ်ဆွဲပေးထားတာ လာရောက်သူများ အနေနဲ့ သူတို့မြို့လေးရဲ့ တကယ်လေးစားစရာ အချက်တစ်ခုကိုလည်း တွေ့မြင်ခွင့် ရစေပါတယ်
ထားဝယ်မြို့လေးကို သွားဖို့ စာရေးသူမိုတို့ မလမမြို့လေးကနေ မနက်နှစ်နာရီ လောက်ကနေ ခရီးစထွက် ခဲ့တာပေါ့ မိုတို့က ခရီးသွားရင် တစ်အိမ်သားလုံး သွားလေ့ရှိတာမို့ အမြဲလိုလို ကားစင်းလုံးငှားပြီးပဲ သွားရလေ့ရှိတယ် အိမ်မှာ လူကများဆိုတော့ တစ်ခုက ဒီခရီးက ကိုယ်ပိုင်ကားတို့ ကားငှားသွားတို့ပဲ အဆင်ပြေတယ် လိုင်းကားတို့ လူအနည်းသွားတို့နဲ့တော့ အဆင်မပြေလောက်ဘူး တစ်နေရာနဲ့ တစ်နေရာက ဝေးသကိုး ဘုရားတစ်ဆူနဲ့ တစ်ဆူ လိုက်ပတ်ဖူးရတာလည်း တော်တော်တော့ဝေးတယ် တစ်ချို့နေရာတွေဆို ကြောက်ဖို့ကောင်းသား လူပြတ်လို့လေ ဘာပဲဖြစ်ဖြစ် ဘုရားဖူးရချိန်မှာတော့ စိတ်တွေက တကယ့်ကို လန်းဆန်းသွားတာ ပါပဲလေ မနက်နှစ်နာရီ လောက်က စထွက်ရင်း နေ့လယ်လောက်တော့ ထားဝယ် မရောက်ခင် ရေဖြူမြို့လေးမှာ ဗိုက်ကလည်း ဆာလာကြတော့ ကားလည်း ခဏနားရင်း ရေဖြူမြို့လေးရဲ့ ဆိုင်လေးတစ်ဆိုင် ဝင်ရင်း ဆွဲရေးပေးဖို့ လုပ်ကြတာပေါ့ ဆိုင်တွေက သိပ်မရှိ ရှိတဲ့ဆိုင် ဝင်ဆွဲတာ ဆိုင်ကတော့ နွမ်းနွမ်းလေး ဘာမှလည်းသိပ်မရှိ ရှိတာတွေပဲ မှာစားရတာ ဖြစ်ချင်တော့ ဗိုက်ကပဲ ဆာလွန်းတာလား တကယ်ပဲ စားကောင်း နေတာလား မသိရလေအောင် ပဲပြုတ်ထမင်း ဆီဆမ်းလေးတောင် ဘယ်လိုကောင်းမှန်မသိ ကောင်းနေတာလေ လူတွေပြောလေ့ရှိတဲ့ ငတ်နေတာကိုးလို့ ဆိုရမှာပဲ စားပြီး သောက်ပြီး ခရီးဆက်တာပေါ့
မိုတို့သွားတာက နှစ်ညအိပ် သုံးရက်ခရီးလေး ဆိုတော့ သူ့အချိန်နဲ့သူ လောက်ငှ အောင်တော့ သွားရတာပေါ့ စတင်ပြီး ကလိန်အောင် ရှင်ဆံတော် ဘုရားလေး စဖူးတာပေါ့ သူက တောင်ပေါ်မှာ ဆိုတော့ ကားနဲ့ တိုက်ရိုက် တက်ရတာလေ တောင်ပေါ်က ပန်းဥယျဉ် လေးမှာ တကယ့်ကို စိတ်ကျေနပ်စရာပါ သူကတော့ ထားဝယ် မရောက်သေးဘူး ရေဖြူမြို့လေးမှာ ရှိတာလေ ရှင်ဆံတော်ကို ဖူးပြီးမှ ထားဝယ်မြို့ထဲကို ဝင်ခဲ့တာပေါ့ နောက်ဆက်ပြီး ထူးထူးခြားခြား မှတ်မိစေတာက ရှင်ပင်ခရုစေတီ လေးပေါ့ ထိုစေတီလေးကတော့ ထားဝယ်မြို့ရဲ့ ကရပ်ပြင်ရပ်မှာ တည်ရှိတာလေ စေတီလေးရဲ့ ထူးခြားပုံမှာ ရှေးအခါက တစ်ရပ်ကွက်လုံး နီးပါး မီးလောင်တာတောင် စေတီလေးမှာ ကွက်ပြီး မီးလွတ်ခဲ့တာလို့ သိခဲ့ရတယ် ဆုတောင်းလည်း ပြည့်သလို ရက်ကြီးခါကြီး တွေဆို ရောင်ခြည်တော်တွေ ကွန့်မြူး၍ တန်ခိုးပြလေ့ရှိတယ် ဆိုပြီး ထင်ရှား လွန်းလှတဲ့ စေတီလေးပါ ရှင်ကိုးရှင် လုံးတော့ ပြည့်အောင်ဖူးတာ တစ်နေရာနဲ့ တစ်နေရာ သွားရ တော်တော်ဝေးတာ မှတ်မှတ်ရရ အဖြစ်ဆုံးကတော့ ရှင်မျှော်တောင်စေတီသို့ သွားရာလမ်းကလေး ပါပဲ သူက ထားဝယ်မြို့နဲ့ မိုင်(၃၀)လောက် ဝေးတဲ့ လောင်းလုံမြို့နယ် ကြက်လွှတ်ရွာ ကနေ တောင်ပေါ်ကို သုံးမိုင်လောက် ဆက်တက်ရတာ အဲဒီကို စသွားချိန် ညနေစောင်း လောက်ကနေ ဟိုမေး ဒီမေး နဲ့ သွားတာ လမ်းကလူပြတ် မှောင်စကပျိုးလာ အိမ်ခြေတွေက မတွေ့ရတော့ တောများခြောက် နေလား လမ်းများ မှားနေပြီးလား ပြန်လှည့်ရင်လည်း မဖြစ်တော့ ကြောက်ကြောက်နဲ့ ဆက်သွား သူကပင်လယ်ဝမှာ ရှိတာဆိုတော့ သွားရတဲ့လမ်းကလည်း ဘေးကတောင်နရံ တစ်ဖက်ဘေးက ချောက်ကမ်းပါး အောက်မှာ ပင်လယ် လမ်းကလေးက ကားနှစ်စီးဆုံရင် မဖြစ်တဲ့လမ်း ဒါပေမဲ့ အဲဒီကမ်းပါးအစွန်းက ကြည့်ရင်တော့ တကယ်ကို ဖော်ပြမတက်အောင် လှတဲ့ ရှုခင်း မြင်ကွင်းကို မြင်တွေ့ခဲ့ရတာ အမှန်ပါ ရှုခင်းက လှလွန်းတော့ မနေနိုင် မထိုင်နိုင် ပိုးထကာ salfieဆွဲ photo ရိုက်ဖို့ ကားရပ်ခိုင်းကြတာပေါ့ အဲ့မှာ ကားသမားကလည်း ဝါသနာတူသူ ဆိုတော့ အလှဆုံး ခံစားနိုင်အောင် အစွန်းနားလေးထိ ရောက်အောင် ကားကိုရပ်တာ နည်းနည်းလေး မှားသွားတာနဲ့ မကျွမ်းကျင် လိုက်တာနဲ့ ချောက်ထဲရောက် ပင်လယ်ထဲကျမယ့် ဖြစ်ခြင်းလေ မှတ်မှတ်ရရ အာရုံမှာပေါ်နေဆဲ မေမေရဲ့ ကြောက်လွန်းလို့ ရပ်တော့ ရပ်တော့လို့ အော်သံလေး အခုထိနားထဲ ကြားဆဲပါ အဲလောက် သည်းထိပ်ရင်ဖို သွားခဲ့ကြတာ အဲ့ချိန်က အပျော်ခရီး သွားတာမို့ ပျော်ကြတာပေါ့ ချောက်ထဲများ ကျသွားရင်လို့ ပြန်တွေးလိုက်တိုင်း အသည်းအေးစရာပါ အဲလိုခက်ခက်ခဲခဲ သွားရလို့လားတော့ မသိဘူး တစ်ခြား ခရီး တွေထက် ပိုပျော်တာတော့ အမှန်ပဲ ဆက်သွားရင်း အိမ်လေးတွေ တွေ့လာတော့ ပျော်သွားတာပေါ့ နောက်တော့ ပြန်ပျောက်သွားပြန်ရော ဒါပေမဲ့ ဇွဲမလျှော့ပဲ ခရီးဆက်တာ နောက်ဆုံးတော့ ရှင်မျှော်တောင် စေတီ သမိုင်းဝင် မြတ်ရှင်မော်ဘုရား တည်ရှိရာကို ည၇နာရီလား ၈နာရီလား မမှတ်မိတော့ အဲ့လောက်မှာတော့ ရောက်သွားခဲ့တယ် ထူဆန်းတာက လမ်းမှာလူပြတ် အသွားအလာ ကားမရှိတာတောင် စာရေးသူတို့လို ဘုရားဖူးကား များစွာ ဘုရားဖူးများ များစွာဖြင့် ရင်ပြင် တစ်ခုလုံး စည်ကားလွန်း နေတာ တွေ့ရတော့ စိတ်ထဲမှာ တကယ့်ကို ပျော်မဆုံး ကြည်နူးခဲ့ရတာ အမှန်ပါ တစ်ခု ဆိုးတာက သူတို့မြို့လေးက အစားအသောက်တော့ သိပ်မကောင်းဘူး သိပ်လည်းမရှိဘူး သိတဲ့တိုင်းပဲလေ မိုတို့ မလမက လူတွေက အစားသမား တွေဆိုတော့ ရောက်တဲ့နေရာတိုင်း စားသောက်ဆိုင် ရှာတော့တာပဲ ဆိုင်ကောင်းကောင်း မရှိပင်မယ့်လဲ ကားကြီးတောက်လျှောက်စီး ရတော့ ဗိုက်တွေကမခံနိုင် ရတာလေးနဲ့ ဆွဲတာတောင် ဘယ်လိုမြိန်နေမှန်း မသိ မြိန်နေတာလည်း အမှတ်ရစရာ တွေပါပဲ ရေမိုးချိုး သန့်စင်ပြီးမှ ဘုရားကို စိတ်အေးလက်အေး တက်ဖူးကြတာပေါ့ ညဘက်ဆိုတော့ မီးရောင်စုံကြားမှာ လကလေးကလည်းသာ ရင်ပြင်တစ်ခုလုံးကလည်း အေးဆေးတိတ်ဆိတ် မြတ်ရှင်မော်ဘုရားကို ဖူးမြော်ကန်တော့ လိုက်တဲ့အခါ ကိုယ့်ရဲ့စိတ် အစဉ်မှာလည်း တစ်နေကုန် သွားထားရတဲ့ ခရီးပန်းမှုတွေ လုံးဝပပြောက်ပြီး တကယ့်ကို လန်းဆန်း ပေါ့ပါးသွား စေတာ ဘုရားရဲ့ တန်ခိုးတော်တွေကြောင့် ဆိုတာ အမှန်ပဲလို့ စာရေးသူ မိုကတော့ ယုံကြည်ပါတယ်
မြတ်ရှင်မော်ဘုရားကို ညမနက်ဖူးပြီး ခရီးဆက်တာပေါ့ ရှင်ကိုးရှင်လုံး ဖူးလို့ပြီးတော့ ခရီးသွားပြီးဆို ဝင်လို့ရတဲ့နေရာ လည်ပတ်စရာ နေရာ ခရီးစဉ် တလျှောက် လိုက်သွားတာ ဆိုတော့ မောင်းမကန် ကမ်းခြေလေး ဆီကို ရောက်ခဲ့ပြန်တာပေါ့ ကမ်းခြေလေးမှာ ရေတွေ တစ်ဝချိုးလို့ တော်တော်ကြာကြာ ရေထဲက ပြန်မတက် လူကြီးများ အော်မှ ပြန်တက်ခဲ့ကြတာ ကမ်းခြေမှာပဲ တစ်ညတာ တည်းခိုတာမို့ ညကမ်းခြေ အလှကိုလည်း ရှုစားရတာ တကယ့်ကို ပျော်စရာပါ ကမ်းခြေ အလှကို ထိုင်ကြည့်ရင်း ကမ်းစပ်နားမှာ လူအုံလို့ သွားပြေးကြည့်တာ ရေထဲက တက်လာတဲ့ အကောင်ကြီးကြီး တစ်ကောင် ကိုယ်လဲ တစ်ခါမှ မမြင်ဖူးထားတော့ လိုက်မေးတော့မှ ညနေက စားတဲ့ ညနေစာထဲ ပါတယ်လေးတဲ့ ရေခူသုပ် ဆိုတာ အဲ့ကောင်ပေါ့တဲ့ သူ့ပုံစံက ပြားပြားကြီးကြီး အဲကောင်ကို တွေ့မှ နေ့လည် ရေချိုးတုန်းက ကားသမားက ရေထဲက သူ့ခြေထောက် ဆွဲလို့ဆိုပြီး ပြေးတက်တာ ဘာမှန်းမသိ အခုမှ သဘောပေါက်ပြီး တစ်အိမ်သားလုံး အားရပါးရ ရီခဲ့ရတယ် ရေထဲမှာ ရေခူတွေက များသကိုး ကမ်းခြေမှ နှုတ်ဆက်လို့ အိမ်ပြန်ဖို့ ခရီးဆက်ရင်း ရေးမြို့လေးမှာ ရှိတဲ့ အရမ်းလှပြီး သိပ်မကျော်ကြားသေးတဲ့ ကဗျာဝ ကမ်းခြေလေးကိုလည်း ခဏတာ ဝင်ရောက်ခဲ့ပါသေးတယ် ကဗျာဝ ဆိုတဲ့ နာမည်နဲ့ လိုက်အောင် တကယ်ကဗျာဆန်တဲ့ ကမ်းခြေပါလို့ အသိအမှတ်ပြုမိ ပါတယ်လေ သေသေချာချာ ကျကျနန ပြင်ဆင်မွန်းမံ လိုက်မယ်ဆိုရင် မြန်မာနိုင်ငံ အတွက် အလှပဆုံး ကမ်းခြေ တစ်ခုအဖြစ် အသိမှတ်ပြုခံ ရလိမ့်မယ်လို့ ရောက်ခဲ့ဖူးသူ မိုကတော့ ယုံကြည်မိတယ် လမ်းမှာ တစ်ခြားဝင်ရောက် လည်ပတ်စရာတွေက အများကြီးပါ အားလုံးက အလုပ်တာဝန် ကိုယ်စီနဲ့မို့ ပိတ်ရက် ဆုံတုန်းလေးကို သုံးရက်တာ ခရီးစဉ်လေး တစ်ခု သွားရောက်ခဲ့တာကို မရောက်ဖူးသေး သူများလည်း သွားဖြစ်အောင် သွားစေချင်လို့ပါ ခရီးက နည်းနည်းကြာ ကြားထဲ အရေးတွေက များနေတော့ မှတ်မိသလောက် လေးနဲ့ အမှတ်တရ ဖြစ်ခဲ့တာ လေးတွေ မမေ့နိုင်စရာ လေးတွေ ပြန်လည် တမ်းတရင်း ဝေမျှ လိုက်ပါတယ်နော် ရှင်ကိုးရှင်လုံးကိုတော့ အပြည့်အစုံ မရှင်းပြနိုင်တဲ့ အတွက် တောင်းပန်ပါတယ်နော် သွားကြည့်လိုက်ပါ မိုပြောတာထက် တကယ့်ကို ပျော်စရာ ကောင်းပြီး အကျိုးများစေမှာ အမှန်ပါလို့ ပြောပါရစေနော် သွားဖြစ်တဲ့ အခါ လက်တွေ့ခံစား နိုင်မှာပါလို့ စာရေးသူ အာမခံရင်း မေ့မရတဲ့ ခရီးစဉ်လေးကို အဆုံးသတ် ခွင့်ပြုပါနော်
Steemit members အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး သွားဖြစ်ခဲ့ကြမယ် ဆိုရင် ကျေနပ်မှု ရနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း။
Author
Photo by my phone& google
ပုံများလည်း phone သန့်ရှင်းရေး လုပ်ရင်း ပါသွားတာမို့ ရှိတာလေးပဲ ထည့်ပေးရတာ နားလည် ပေးပါနော်