Steemit members အားလုံး မင်္ဂလာပါရှင်။
မို ဒီတစ်ခါတော့ ပြီးခဲ့တဲ့ sunday အားလပ်ရက်လေးမှာ မိုတို့တစ်မိသားစုလုံး သွားဖြစ်ခဲ့တဲ့ တစ်နေ့တာ ရေးခရီးစဉ်လေး အကြောင်း ပြောပြချင်ပါတယ်။ ရေးခရီးစဉ်သာဆိုတာ ရေးမြို့ကို သက်သက်သွားတာတော့ မဟုတ်ပါဘူး။ မိုတို့ တစ်အိမ်လုံးက ကျန်းမာရေး မကောင်းသူတွေ ဆိုတော့ ရေးမြို့လေးကနေသွားရတဲ့ ကျောင်းရွာမှာ ရှိတဲ့ ဆေးတောင်ချောင်းကို သွားတာပါ။ ဆေးတောင်ချောင်း ဆိုတာက သိပ်မကြာခင်က လူသိများလာသလို fbမှာလည်း တစ်ချို့ တစ်ချို့တွေတင်လို့ သိသူများလာသလို လည်ပတ်သူလည်း များလာကြတာတွေ့ရပါတယ်။ ဆေးတောင်ချောင်းလို့ ခေါ်တာကတော့ အဲဒီချောင်းဘေးမှာ တစ်ဖက်မှာ ဆေးတောင်ရှိသလို ချောင်းကလည်း နှစ်ခွ ဖြစ်နေပါတယ်။ ဆေးတောင်ဆိုတာက ဟိုးအရင်တုန်းက အဲဒီတောင်ပေါ်မှာ ထူးဆန်းတဲ့ ပုဂ္ဂိုလ်အများက ဆေးဖော်စပ်ခဲ့ဖူးတာမို့ အဲဒီတောင်ပေါ်ကကျလာသော ရေများက ဆေးဖက်ဝင်ဝင်တာမို့ အဲဒီရေတွေဟာလည်း ဒီချောင်းထဲ စီးဆင်းသွားတာမို့ ဆေးတောင်ချောင်း ဖြစ်လာသလို ရွာသူရွာသားများ ယုံကြည်ရာ တစ်ခုဖြစ်လာခဲ့တာပေါ့။ ဆေးတောင်ထိ သွားမယ်ဆိုရင်တော့ တောင်သေးလေး ခုနှစ်လုံးလောက် ဖြတ်သွားရအုန်းမယ်လို့ ရွာခံများက ပြောတာမို့ မရောက်ဖြစ်ခဲ့ပါ။
အဲဒီရွာခံလူများရဲ့ အယူကတော့ ဆေးတာင်ဘက်မှာရှိတဲ့ ရေကိုချိုး၊ သောက်သုံးခြင်း အားဖြင့် ကျန်းမာရေးကောင်းတယ်၊ရောဂါကင်းတယ်လို့ အယူအဆရှိသလို သူတို့လည်း တကယ်ကျန်းမာ နေကြတာမို့ ဒီနေရာလေးကို လူသိများလာသလို သတင်းလည်း မွှေးလာတာပေါ့။ မိုတို့မိသားစုကတော့ ဘယ်နေရာ ဘာပေါ်လည်း သွားမယ် ဆိုတာချည်းပဲ။ ခရီးထွက်ရတာ ကြိုက်ကြသလို စိတ်အပန်းဖြေမှု တစ်ခုလို့လည်း မှတ်ယူထားကြတာမို့ မအားလိုက်နဲ့ အားတာနဲ့ သွားမယ် ဆိုတာကြီးပဲ။ အိမ်မှာက ဝန်းထမ်းများသမို့ အားရက်ကို စောင့်ပြီး ခရီးထွက်ကြရတာလေ။ ကျန်းမာရေးကောင်းတယ် ဆိုတော့ ဘယ်ပြော ကောင်းမလဲ ပိုသွားချင်ကြတာပေါ့။ ဒီနေရာလေးပေါ်တာသိပြီး ပိတ်ရက်ရတာနဲ့ ထသွားကြတာပေါ့။ မိုတို့မြို့ကသွားရင်တော့ နေ့ချင်းပြန် သွားလို့ရတာမို့ အဆင်ပြေတာပေါ့။ ကားငှားပြီး သွားကြတာ ကားသမားကို မနက်ငါးနာရီ ကြိုခိုင်းထားတာ ကားသမားအိပ်ပျော်နေလို့ သူ့ကိုပြန်နှိုးနေရတာနဲ့ မနက်ခြောက်နာရီ ထိုးလောက်မှ စထွက်ဖြစ်တယ်။
ဒီခရီးက သွားဖူးတဲ့ ခရီးလည်းမဟုတ် ကားသမားကလည်း မရောက်ဖူးသေးတော့ ဖြေးဖြေးအေးအေးလေးပဲ မောင်းတာပေါ့။ ကားနှေးတော့ နောက်မှာစီးတဲ့ အန်တီတွေက ကားသမားကို ပြောတော့တာပေါ့။ နင့်ဟာငါတို့ကားစီးနေတာမဟုတ် နွားလှည်းစီးနေရသလိုပဲလို့ ပြောတော့ ကားသမားကလည်း ရင်းနှီးနေတော့ နောက်မှခါးနာတယ် ဘာတယ် မပြောနဲ့နော် ဆိုပြီး မြန်မြန် မောင်းတော့တာပေါ့။ အဲတော့မှ အခုမှ ကားစီးရတာနဲ့တူတယ် ဖြစ်သွားကြတယ်။ ရေးမြို့လေးမှာ အန်တီရဲ့ သူငယ်ချင်းအိမ် ရှိတာမို့ သူတို့အိမ်သို့ ခဏဝင်ခေါ်ပြီး ဆက်သွားတာပေါ့။ မရောက်ဖူးတဲ့ နေရာဆိုတော့ မြို့ခံလူပါတော့ ပိုကောင်းအောင်လို့လေ။ အရင်ဆုံး ရေးမြို့မှာရှိတဲ့ ရွှေဆံတော်ဘုရား ကို ဝင်ဖူးပြီး ကျောင်းရွာသို့ ခရီးဆက်ခဲ့တာပေါ့။ ရောက်လည်းရောက်ရော တံတားလေးပေါ်ကဆင်း ရေစပ်မှာ ရေချိုး၊ရေကူးသူများဖြင့် စည်ကားနေတာပေါ့။ ရေအရင်မချိုးသေးပဲ ဆေးတောင်ချောင်း ဖြစ်တည်လာတဲ့ နေရာစဘက်သို့ အရင်သွားဖို့ လှေစီးပြီး သွားရတာပေါ့။ လှေစီးခက အသွားအပြန် တစ်ယောက်မှ တစ်ထောင် လှေလည်း မိနစ်နှစ်ဆယ် သုံးဆယ်လောက်တော့ စီးရသလိုပဲ။ အတိအကျတော့ မသိ နာရီမကြည့်အား ရေပြင်ကြီးကာ စိမ်းပြီးကြည်နေတာ တကယ့်ကိုလှတာ ကြည်လွန်းလို့ ရေအောက်ကိုတောင် မြင်နေရတာ အစပိုင်းမှာတော့ ရေတိမ်ပင်မယ့် အလယ်ပိုင်းမှာတော့ ရေနက်မယ်ထင်တယ်။ ဒါပေမဲ့ ရေကတော့ တကယ်ကြည်ပြီး လှတာ ရေအောက်ကကျောက်ခဲလေးတွေတောင်မြင်ရလို့ မနက်ဘူးလို့တောင် ထင်ရတာ လှေစီးပြီး သွားရတဲ့ ဘေးပတ်ဝန်းကျင် မြင်ကွင်းလည်း တကယ်လှတာ၊ ရုပ်ရှင်တွေထဲမှာပဲ ဒီလိုမြင်ကွင်းမျိုး မြင်ဖူးတာ အခုတော့မှ လက်တွေ့ခံစားဖူးတာ၊ ပိုပြောတာမဟုတ်ဖူးနော်။ သွားဖူးသွားရင် သိမှာပါ။
တကယ်တော့ မိုက ရေထဲသွားရတာ ကြောက်တဲ့သူပါ။ သွားတုန်းကတော့ ရေစပ်မှာ ရေစိမ်၊ရေချိုးဖို့လောက်ပဲ သိတာ အခုလို လှေစီး ရမှန်းမသိဘူး။ လှေစီးစီးချင်းတော့ ကြောက်တယ် နောက်တော့ ရေပြင်နဲ့ ရှုခင်းက အရမ်းလှတော့ ကြောက်စိတ်တွေ ပျောက် အလှအပထဲမျောပြီး စိတ်ကြည်နူးရင်းနဲ့ပဲ ရောက်သွားပါတယ်။ အဲဒီက ရေကိုချိုးလို့ ရောဂါ တကယ်ကောင်းမကောင်း ဆိုတာထက် တစ်နေ့တာ တစ်ခဏလေးမှာတော့ စိတ်အမောပြေပြီး ရောဂါတွေမေ့နေမှာတော့ အမှန်ပဲလို့ ပြောပါရစေ။ အသွားအပြန် လှေစီးပြီး ပြန်ရောက်တော့ ကမ်းစပ်မှာ ရေချိုးကြ တာပေါ့။
ရေကလည်း ကြည်သန့်နေတာမို့ ရေကြိုက်သူများအဖို့တော့ ချိုးလို့ မဝမှာ အမှန်ပဲ။ ပြီးတော့ ပြန်လာကြတာပေါ့။ ပြန်လာရင်း လမ်းသင့်တာမို့ ကော့ဒွတ်ကျေးရွာမှာရှိတဲ့ ပင်လယ်ဝ ကမ်းခြေသို့လည်း ဝင်ခဲ့ကြသေးတယ်။ ကမ်းခြေရောက်အောင် ရွာထဲကိုဖြတ်ပြီး တော်တော်လေး ဝင်လိုက်ရသေးတယ်။ ကမ်းခြေကတော့ လှပါတယ်။ အလှအပများနှင့် စည်းကားအောင် မလုပ်ထားလို့ပဲလား၊ လူသိနည်းလို့ပဲလားတော့ မိုတို့ရောက်သွားချိန်မှာတော့ လူမရှိ ရှင်းလင်းလို့ နေပါတယ်။ ကမ်းခြေမှာ ခဏလျှောက်ကြည့်ပြီး ပြန်ထွက်လာ ရေးဘုရားကြီးကို ဝင်ဖူးပြီး အိမ်ပြန်ခရီး ဆက်ခဲ့ရာ မိုတို့မြို့လေးသို့ ညခုနှစ်နာရီခွဲလောက်မှာ စဝင်လာပြီးမို့ ညစာတွက် မြို့ရှောင်လမ်းက သဘာဝစားသောက်ဆိုင်မှာ ဝင်ဆွဲပြီး အိမ်သို့ပြန်လာခဲ့ကြတာပေါ့။ ဒါကတော့ ကုန်လွန်ခဲ့တဲ့ အားလပ်ရက်လေးမှာ ခဏတာ ဘဝအမောတွေ ပြေစေဖို့ တစ်ရက်တာ ခရီးလေး ထွက်ဖြစ်ခဲ့တာလေးကို ပြန်လည် ဝေမျှလိုက်ပါတယ်ရှင်။ ဒီခရီးလေးကို ပထမဦးဆုံး အကြိမ် သွားခြင်းမို့ သိခဲ့၊ ကြားခဲ့၊ မြင်ခဲ့သလောက်လေးသာ ပြောပြရခြင်းပါနော်။ အားလုံးပဲ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာကြပါစေလို့ ဆုတောင်းပေးပါတယ်နော်။
Author@ayemomo(MSC-051)
Photo by my phone