ဘဝတစ်ကွေ့ ဆုံတွေ့ကြချိန်မှာ လူသား အားလုံးဟာ ရှေးရေစက်တွေကြောင့် တစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံကြရပါတယ် တွေ့ဆုံချိန်လေးဟာ စက္ကန့်၊ မိနစ်၊ နာရီ၊ ရက်၊ လ၊ နှစ်တွေ ကွာခြားသွားပေမယ့် ရက် လ နှစ်ရှည်ကြာညောင်းတော့ အပြန်အလှန်ကျေးဇူးတရားတွေ ရှိသွားတတ်သလို စက္ကန့် မိနစ် နာရီ တဒင်္ဂအချိန်ပိုင်းလေးအတွင်းမှာလည်း ကျေးဇူးတရားတွေဆိုတာ ရှိသွားတတ်ပါတယ်....
တစ်ပါးသူ လိုအပ်တဲ့အရာကို ကူညီဖို့ ကြုံကြိုက်တဲ့အခါ ကိုယ်က ကူညီလိုက်ရင် ကိုယ့်ကို "ကျေးဇူးတင်ပါတယ်၊ ကျေးဇူးပါပဲ" လို့ ပြောတဲ့သူရှိသလို နှုတ်က ထုတ်ဖော်မပြောပေမယ့် စိတ်ထဲရင်ထဲမှာ ကြိတ်ပြီး ကျေးဇူးတင်နေတာမျိုးတွေလည်း ရှိတတ်ပါတယ်။ နှုတ်ကလည်း ထုတ်ဖော်မပြောသလို စိတ်ထဲရင်ထဲမှာလည်း ကျေးဇူးမတင်တတ်တဲ့ သူတွေလည်း ရှိတတ်ပြန်ပါတယ်။ ဒါကို အပြစ်ပြောလို့ မရပါဘူး။ သဘာဝတရားကြီးကိုက ဆိုးခြင်းကောင်းခြင်းတွေနဲ့ ဖွဲ့စည်းထားတာပါ။ စိတ်ထားကောင်းတဲ့သူရှိသလို စိတ်ထားမကောင်းတဲ့သူလည်း ရှိမှာပါပဲ။ အဓိကကတော့ စိတ်ထားမကောင်းတဲ့သူထဲမှာ ကိုယ် မပါဖို့ပါပဲလေ....
တစ်ပါးသူက ကိုယ့်ကို ကူညီတဲ့အခါ "ကျေးဇူးတင်ပါတယ်၊ ကျေးဇူးပါပဲ" လို့ ကိုယ်က ပြောတဲ့အခါရှိသလို နှုတ်ကထုတ်ဖော်မပြောဘဲ စိတ်ထဲရင်ထဲကနေ ကြိတ်ပြောနေတဲ့အခါမျိုးလည်း ရှိတတ်ပါတယ်။ နှုတ်ကလည်း ထုတ်ဖော်မပြော၊ စိတ်ထဲရင်ထဲမှာလည်း ကျေးဇူးမတင်တဲ့ ကျေးဇူးမသိတတ်တဲ့အခါမျိုးလည်း ရှိတတ်ပြန်ပါတယ်....
ကျေးဇူးတင်တတ်တယ် မတင်တတ်ဘူးဆိုတာ စိတ်ထားအပေါ်မှာမူတည်ပါတယ်။ လုပ်ရပ်တိုင်း လုပ်ရပ်တိုင်းမှာ စိတ်ထားကောင်းလား မကောင်းလားဆိုတာ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ရပါမယ်။ ကောင်းတယ်ဆိုရင်တော့ ကောင်းသည်ထက် ကောင်းအောင် ကြိုးစားရမှာပါ။ မကောင်းဘူးဆိုရင်တော့ ကိုယ့်ရဲ့စိတ်နေစိတ်ထားကို ပြုပြင်ဖို့ လိုအပ်နေပါပြီ။ ဘာလို့လဲဆိုတော့ စိတ်နေစိတ်ထားကောင်းမှ ကိုယ့်ရဲ့စိတ်ဟာ ချမ်းသာ ငြိမ်းအေးမှုကို ရရှိမှာပါ....
ကိုယ်က လူတစ်ယောက်ကို အသေးအဖွဲအရာလေးပဲဖြစ်ဖြစ်၊ ကြီးကြီးမားမားအရာပဲဖြစ်ဖြစ် ကူညီလိုက်တဲ့အခါမှာ ကျေးဇူးတင်ပါတယ်၊ ကျေးဇူးပါနော်" လို့ အပြောခံရဖူးပါတယ်။ အပြောခံရဖူးကြမှာပါ။ အဲဒီလို အပြောခံလိုက်ရတဲ့အချိန်မှာ နွေးထွေး ကျေနပ်ပျော်ရွှင်မှုတစ်ခု ကိုယ့်ရင်ထဲမှာ ဖြစ်သွားပါတယ်....
အပြောခံရတဲ့သူနဲ့ ပြောတဲ့သူနှစ်ဦးအကြားမှာ ငြိမ်းချမ်းပီတိဖြစ်စေတဲ့ ဆက်သွယ်မှု မေတ္တာတံတားလေး တည်ဆောက်ပေးလိုက်သလိုပါပဲ။ အဲဒါ မှော်စွမ်းအားပဲပေါ့....
အဲဒါကြောင့် ကိုယ့်ကို ကျေးဇူးတင်ပါတယ်လို့ အပြောခံလိုက်ရလို့ ကိုယ့်ရင်ထဲမှာ ကျေနပ်ပျော်ရွှင်မှုတစ်ခု ဖြစ်သွားရင် တစ်ယောက်ယောက်က ကိုယ့်ကို ကူညီတဲ့အခါ ကိုယ်လည်း "ကျေးဇူးတင်ပါတယ်၊ ကျေးဇူးပါနော် လို့ ပြန်ပြောလိုက်ပါ....
လူ့ဘဝရယ်လို့ ရောက်လာလို့ရှိရင်တော့ ကျေးဇူးတရားဆိုတာ အပြန်အလှန်ရှိကြတာပါပဲ။ ပညာသင်တဲ့အချိန်မှာလည်းပဲ ဆရာနဲ့ တပည့်ဖြစ်စေ၊ မိသားစုတစ်ခုမှာလည်းပဲ မိဘနဲ့ သားသမီး၊ မောင်နှမအချင်းချင်းဖြစ်စေ၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလည်းပဲ မိတ်ဆွေ၊ အပေါင်းအသင်း သူငယ်ချင်းဖြစ်စေ၊ အလုပ်ဌာနတစ်ခုမှာလည်းပဲ သူဌေးနဲ့ ဝန်ထမ်း၊ အောက်လက်ငယ်သားနဲ့ အထက်အရာရှိ တစ်ခုမဟုတ်တစ်ခုတော့ အပြန်အလှန် ကျေးဇူးတရားတွေရှိကြမှာပါ...
အနည်းအများပဲ ကွာခြားကြမှာပါ။ တစ်ခါတလေမှာ တစ်ယောက်နဲ့တစ်ယောက် အမြင်မကြည်လင်မှု၊ အကောင်းမမြင်မှု၊ ကျေးဇူးကန်းမှု စတဲ့ လုပ်ရက်မျိုးတွေ လုပ်တတ်ပါတယ်။ ငါ့အပေါ်မှာ သူရဲ့ကျေးဇူးတရားတွေ ရှိခဲ့တာပဲဆိုပြီး ကိုယ့်ကိုယ်ကို အမြဲတမ်းသတိတရားနဲ့ ဆင်ခြင်ပြီးတော့ ပြုပြင်ရပါမည်....