ရှေးမူ ရှေးထုံး ရှေးပညာရှိ သူတော်ကောင်း တို့၏ အဆိုအမိန့်များ စာပေများ အတွေ့အကြုံများ ရာဇဝင်များသည် ယနေ့ခေတ် အချိန်ခါအထိ သမိုင်း မှတ်တိုင် တစ်ခုသဖွယ် ကျန်ရှိနေပါသေးသည် ။ ထိုသူတို့၏ ထိုထို မှတ်သားဖွယ်ရာများကို မှတ်သားနိုင်သည် ။ ရှေးထုံးလည်း မပယ်နှင့် ဈေးသုံးလဲ အကြွယ်နှင့် ရှေးထုံးပယ်က လွဲတတ်သည် ၊ ဈေးသုံးကြွယ်က မွဲတတ်သည် ဟူ၍လည်း မှတ်သားဖူးပါသည် ။
ရှေးထုံးဟုဆိုရာတွင် ရှေးက ရှိခဲ့ဖူးသော အရာ အားလုံး ဖြစ်မည်ဟူ၍ မထင်ပါ ။ စာပေတွေထဲ ရှိရုံနှင့် မယုံပါနှင့် မိဘဆရာ လေးစားသူတို့ရဲ့ စကားဖြစ်တိုင်းလဲ အကုန် မှန်လိမ့်မည်မဟုတ် လူအများ လေးစားရသူ၏ အဆိုအမိန့်ဖြစ်တိုင်းလဲ အစစ်အမှန် မဆိုထိုက် တိုင်းပြည်တွင် အုပ်ချုတ်သူ၏ စကားဖြစ်၍ မမှားဘူးဟူ၍ မဆိုသာ ထို့ကြောင့် မိမိကိုယ်တိုင် အမှားအမှတ် ချင့်ချိန် ဆုံးဖြတ်ပြီး ယုံရပါမည်တဲ့ ။ မိမိကိုယ်တိုင် လုပ်ကြည့်လို့ ဟုတ်နေရင်လဲ အမှန်ပေါ့ ။ သို့သော် နေရာတိုင်းတွင် လက်တွေ့ ပြုလုပ်၍တော့ မဖြစ်နိုင်ပေ ။
မစမ်းသပ်သင့်သည်ကို စမ်းသပ်သဖြင့် ဆိုးကျိုးရရှိစေတတ်သဖြင့် မစမ်းသပ်သင့်သည်ကို စမ်းသပ်က မကောင်းပါ ။ မီးသည် ပူကြောင်းသိသည် ။ လက်တွေ့ကိုင်ဖူးအောင်ကိုင်ကြည့်လျှင် မိုက်ရာကျမည် ။ အက်စစ်သည် ချဉ်သော အရသာရှိသည် ။ ဟုတ်ရဲ့လား သောက်ကြည့်မည်ဆိုလျှင် လူသာ ထိခိုက်ရုံရှိပါမည် ။ အက်စစ် မြည်းစမ်းဖူးသူတော့ တွေ့ဖူးပါသည် ။ ဆေးရုံတွင် အတော်ကြာသွားသည် ။ ထိုအရာမျိုးတွင် ကိုယ်တိုင် စမ်းသပ်ဖွယ်ရာမလို မိမိထက် အရင် ဖြစ်ဖူးသူများ၏ နမူနာများ ရှိပါသည် ။ ထိုမိမိထက် ရှေးကျသူတို့၏ အတိတ်သမိုင်းအားကြည့်၍ ဆင်ခြင်နိုင်ပါသည် ။
ရှေးယခင် က ချမှတိခဲ့သော ထုံးတမ်းအစဉ်အလာများအတိုင်းဟု ဆိုသော်လည်း မိမိကိုယ်တိုင် ပြန်လည် ချင့်ချိန်၍ မည်သည့်အရာသည် ပြုလုပ်အပ်သည်ဟူသည်ကို စဉ်းစားဆုံးဖြတ်ပါ ။ အချို့ အရာများမှာ ကိုယ် မနှစ်သက်သော်လည်း အပမ်းမကြီးပါက လိုက်လုပ်သင့်သည် ထင်ပါသည် ။ အများအားဖြင့် ကျွှန်တော်တို့ တွေ့နေရသည်မှာ မလုပ်ကောင်းဘူးဟူ၍ များနေသည် ထင်မိပါသည် ။ အချို့လူကြီးများက ကလေးငယ်များအား ပြုလုပ်လျှင် ဘေးတွေ့မှာ စိုးသဖြင့် ခြောက်ပြောခြင်းကြောင့် ဖြစ်လာဟန်တူပါသည် ။ အမှန်မှာ ကလေးဆိုသော်လည်း အကျိုးသင့် အကြောင်းသင့် ရှင်းပြပြောဆိုသင့်သည် ထင်ပါသည် ။ ဒါမှ နောင်တစ်ချိန် အမှားအမှန် ကောင်းကောင်းခွဲနိုင်မည်ဖြစ်သည် ။
မလုပ်ကောင်းပါဆိုရုံနှင့်တော့ လက်ခံရန်လည်း နည်းပါးသဖြင့် ကလေးများ ကိုယ်တိုင် စမ်းသပ်သည့်အခါတွင် ဒုက္ခတွေ့တတ်လေသည် ။ ငယ်ငယ်က ကျွှန်တော်လဲ အမေးထူတတ်ပါသည် ။ အသီးများစားလျှင် အစေ့ မစားရကြောင်း သိရှိထားသည် ။ ထိုအကြောင်းကိုမေးရာ မစားကောင်းလို့ ဆိုရုံဖြင့် လက်မခံတတ်သော ကျွှန်တော့အတွက် အစေ့စားပါက ဗိုဒ်ထဲမှ အပင်ပေါက်လာတတ်သည်ဟု ပြီးစလွယ် လူကြီးများပြောခဲ့ကြသည် ။ ပေါက်ကရတွေးတတ်သော အကျင့်မှာ ထိုကတည်းက အစပြုသည်ထင် အစေ့ချဉ်း ဒုက္ခခံ ရွှေးစားတော့သည် ။ လူကြီးတွေ ပြောမရတော့ ဒေါသသကြီးဖြစ်ပြီး ဆူသည် ကျွှန်တော်လဲ ကိုယ့်အကြံပိုင်ကြောင်းကြွားရပြီလေ အပင်ပေါက်ချင်လို့ တမင်စားတာပါလို့ ။ အစေ့ပေါင်းစုံစားတော့ အပင်မျိုးစုံ ဗိုက်ထဲကပေါက်နေရင် အကုန်အကျခံပြီး ဘာသီးမှ ဝယ်စားစရာမလိုတော့ဘဲ ကိုယ့်ကိုယ်ကနေ ကောက်စားနေရုံ အဆင်ပြေပြီး အပင်စိုက်ဖို့ဘမြေကွက်လဲ မလိုတော့ဘူးလေ ။ ဘယ်လောက်ကောင်းတဲ့ အကြံလဲနော် ။ ထိုအချိန်မှ အစေ့ မစားရကြောင်းကို သေချာပြန်ရှင်းပြသည် ။
မြွှေဖြစ်ချင်လို့ ထမင်းနှစ်နပ်လောက်လဲ အိပ်စားဖူးလိုက်ပါသေးသည် ။ မြွှေတော့ မဖြစ်ခဲ့ ထမင်းတော့ နှင်ဖူးခဲ့ပါသည် ။ ထို့ကြောင့် ရှေးထုံးစံများ အတ်ေများများမှာ လိုက်နာရန် သင့်လျှော်သော အကျိုးအကြောင်းရှိသော်လည်း ပြီးစလွယ်စကားများကြောင့် အင်မပြေ ဖြစ်နေတာလဲရှိတတ်ပါသည် ။ အချို့ တလွဲ အယူအဆ အနည်းငယ်လဲ ရှိနေတတ်ပါသည် ။ ဒါကြောင့် ရှေးထုံးစံဟောင်းလေးများ ရှေးလူတို့၏ အတွေ့အကြုံများကို မပယ်ဘဲ ပြန်လည်သုံးသပ်ကာ ဘယ်ဟာယူသင့် မယူသင့် ဘယ်ဟာရှောင်သင့် ဘယ်ဟာဆောင်သင့် စဉ်းစားပြီး အကောင်းဆုံး လုပ်ဆောင်နိုင်ကြစေဖို့ ဆန္ဒပြုပါသည် ။
MSC . 9
Photos credit; Google Image