အိပ်မည်ဟု တွေးထားသော်လည်း နေ့လည်ခင်းမှာ မအိပ်လိုက်ရပေ။ (၂) နာရီကနေ (၄) နာရီထိ အတန်းချိန် ရှိနေသောကြောင့် ဖြစ်၏။ (၄) နာရီ နောက်ပိုင်းကတော့ အား၏။ အတန်းချိန်ပြီးမှပဲ အိပ်ရပေတော့မည်။ မနေ့ညကကော၊ ဒီနေ့ မနက်ကကော ဘောလုံးကန်ထားသည့် အပြင် သွေးပါ လှူထားတော့ လူက ငိုက်ချင်ချင် ဖြစ်နေ၏။ မနည်း အားတင်းထားရ၏။ လူက တကယ်ကို နားချင်နေပြီ ဖြစ်၏။ ပုံမှန်ဆိုလျှင်တော့ ခွင့်ယူလိုက်လို့ ရ၏။ သို့သော် ယခု သင်ရသည့် ကလေးက ရှေ့ရက်တွေက ပျက်ထားတာ များနေသောကြောင့် ဖြစ်၏။ ကျနော့်ဖက်က ပျက်ခြင်း မဟုတ်၊ ကလေး နေမကောင်း ဖြစ်သောကြောင့် ဖြစ်၏။
ထို့ကြောင့် ယခု ကျနော့်မှာ နားချင်ပေမယ့် ကလေး သင်ခန်းစာများ အများကြီး ပြတ်မကျန်ခဲ့စေရန် ခွင့်မယူပဲ လာပေးရခြင်း ဖြစ်၏။ အတန်းချိန် ပြီးသည်နှင့် အိမ်ပြန်ပြီး အိပ်တော့၏။ အိပ်သည် ဆိုပေမယ့်လည်း သိပ်အကြာကြီး မဟုတ်ပေ။ နာရီဝက်၊ လေးဆယ် ငါးမိနစ်လောက်သာ ဖြစ်၏။ steemit မှာ ပိုစ့်တင်ဖို့ စာရေးရဦးမည် မဟုတ်လား။ စာရေးပြီးနောက် ညဖက် အတန်းချိန် မရှိသဖြင့် လက်ဖက်ရည်ဆိုင် ထိုင်ရန် ထွက်လာခဲ့၏။ သို့သော် လက်ဖက်ရည်ဆိုင်သို့ မရောက်သွားပဲ သူငယ်ချင်း၏ phone service ဆိုင်သို့သာ ရောက်သွား၏။ သူ အပြင်သွားနေသဖြင့် သူ့ဆိုင်ကို ခဏ စောင့်ပေးနေရ၏။ သူ ပြန်လာတော့ သူနှင့် အတူ လက်ဖက်ရည်ဆိုင် သွားမည်ပေါ့။
သို့ပေမယ့် သူပြန်လာတော့ ည (၉) နာရီပင် ထိုးပြီ ဖြစ်၏။ လက်ဖက်ရည် ဆိုင်ထိုင်ရန် နောက်ကျနေပြီ ဖြစ်၏။ သို့နှင့် ကျနော်တို့လည်း ဆိုင်ပိတ်ပြီး ကိုယ်စီ အိမ်သို့သာ ပြန်ကြ၏။ အိမ်ပြန်ရမှာ ညနေက ၀ယ်ထားသည့် နွားနို့ကို ပြန်နွေးပြီး သောက်ရဦးမည်။ ကြက်ဥ တလုံး ဖောက်ထည့်ပြီးတော့ပေါ့။ ညကိုတော့ စောစော အိပ်မှ ဖြစ်၏။ ကျနော် စောစော အိပ်ဖြစ်သည့် ရက်ရှား၏၊ နည်း၏။ ဖျားနာသောရက်၊ ပင်ပန်းသော ရက်၊ အိပ်ရေးပျက် များ ထားသော ရက်နှင့် သွေးလှူဖြစ်သော ရက်တို့လောက်သာ စောစော အိပ်ဖြစ်၏။ ညကို သွေးလှူထားလို့ စောစော အိပ်မယ် တွေးထားသော်လည်း ဟိုလုပ် ဒီလုပ်နှင့် ည (၁၂) နာရီ ထိုးသွားတော့၏။ အင်းလေ ဒါလည်း အရင်ထက် စာလျှင် စောတာပါပဲဟု တွေးပြီး အိပ်ရာသို့ ၀င်ခဲ့၏။
သွေးလှူခြင်း နှင့် ပတ်သက်ပြီး အမှတ်တရများ၊ ကမောက်ကမများလည်း ရှိခဲ့၏။ တခါသားမှာ သွေးကြော ရှာမရလို့ ဆိုပြီး အပ်နှင့် လေးကြိမ် တိတိ အထိုးခံရဖူး၏။ သွေးထုတ်မည့် အပ်ကြီးနှင့် ထိုးသည်ဆိုတော့ ခံစားသာကြည့်ပါတော့ဟု သာ ဆိုရပေမည်။ ပုံမှန် နေရာမှ သွေးကြော ရှာမရသည့် အဆုံး လက်ကို တစောင်း လုပ်ထားပြီး ဘေးဖက် သွေးကြော ကနေ ထုတ်ရတော့၏။ ယခု (၁၂) ကြိမ် မြောက်မှာလည်း ထိုနည်း အတိုင်းပဲ ထုတ်ခဲ့ရ၏။ (ပုံမှာ ပြထားသည့် ပုံလိုပေါ့)
ထိုကဲ့သို့ သွေးထုတ်ရခြင်းက နေရခက်၏။ လက်ကို တစောင်းထား ထားခြင်း ဖြစ်သဖြင့် ကြာလာတော့ ညောင်းလာ၏။ ထို့ပြင် ပုံမှန်နေရာမှာ ထိုးသည်ထက် ထိုနေရာမှာ အပ်ထိုးလျှင် ပိုနာ၏။ ဘာကြောင့် ရယ်တော့ မသိပေ။ တိုက်ဆိုင်သည်က ထိုကဲ့သို့ တစောင်း အနေအထားနှင့် သွေးထုတ် ( သွေးလှူ) ရသည့် (၂) ကြိမ်လုံးက ဆေးရုံ တခုထဲမှာပင် ဖြစ်၏။ ကံကောင်းသည်က ရှေ့တခေါက်က (၄) ကြိမ်လောက် ထိုးလိုက်ရပေမယ့် ယခု တခေါက်မှာတော့ တကြိမ်ထဲနှင့် သွေးကြော ရှာတွေ့ခြင်း ဖြစ်၏။
ဆက်ပါဦးမည်
Don Jaun
MSC 31