သံယောဇဉ် တွယ်ငြိမည်ကို မလိုလားသောကြောင့် မည်သည့် အိမ်မွေး တိရစ္ဆာန်မှ မမွေးခဲ့ပေ။ သို့နှင့် ယခု မိမိတို့ ၀န်ထမ်းအိမ်ယာ ၀န်းထဲရှိ ခွေးများကို လည်း ဒီအတိုင်းပင်။ ကလူကလူနှင့် ချော့မြူခြင်း မရှိသလို၊ သွား … ရှူး … ဆိုပြီးတော့လည်း မောင်းထုတ်ခဲ့ခြင်း မရှိပေ။ ကိုယ့်ကိုနေ၊ သူ့သူနေပင် ဖြစ်၏။ သို့သော် တခါတလေ စိတ်လိုလက်ရ ရှိချိန်တော့ အစောကျွေးလေ့ ရှိ၏။ ထို့ကြောင့်ပင် သူတို့သည် ကျနော့်အနား သိပ်မကပ်ကြပေ။ ဆိုခဲ့သည့်အတိုင်း ယခုအခါ ခွေးမ (၃) ကောက်က ခွေးကလေးများ ပေါက်လာပြီ ဖြစ်၏။ ကျူးခွေးမနှင့် သူမ၏ သမီးများက မွေးသည့် ခွေးကလေးများ ဖြစ်၏။ စုစုပေါင်း အကောင် (၂၀) ဖြစ်၏။ ဘယ်နှယ်ကောင် အသက်ရှင်၊ အသက်ရှည်မည် မသိပေ။
ကျူးခွေးမ ကျနော်တို့အိမ်ရောက်ပြီး ပထမဆုံး ကလေးမွေးတာ့ (၆) ကောင် ဖြစ်၏။ သို့သော် တကောင်ပြီး တကောင်သေပြီး (၃) ကောင်သာ ကျန်ခြင်း ဖြစ်၏။ ၀န်းထမ်းက အန်တီကြီး တဦးကတော့ ထိုသို့ သေဆုံးခြင်းမှာ သဘာဝသာ ဖြစ်သည်ဟု ဆို၏။ ထိုအန်တီ စကားမှန်၏။ သေသေချာချာ ဂရုစိုက်စောင့်ရှောက်ပေးခြင်း မရှိသည့် ပတ်ဝန်းကျင်မှာ အသက်ရှင်သန် နေထိုင်နိုင်ဖို့ ရမှာ တကယ်ပင် ခက်ခဲလှ၏။ ဂရုမစိုက်ဟု ဆိုသော်လည်း ကျနော်တို့သည် သူတို့အတွက် အစားအစာနှင့် နေစရာ ပေးထားပြီး ဖြစ်၏။ ထိုထက်လည်း ကျနော်တို့ ထပ်ပြီး မလုပ်ပေးနိုင်တော့ပေ။ ကျနော်တို့ မွေးထားသည့် ခွေးများ မဟုတ်ပေ။ သူတို့ကိုယ့်ကို ကျူးကျော်ပြီး ရောက်လာခြင်း ဖြစ်၏။
ထိုခွေးမ (၃) ကောင်သည် တနေရာစီမှာ မွေးကြ၏။ မိခင် ကျူးခွေးမကတော့ ယခင် သူမ တခါကလေးမွေးဖူးသည့် နေရာမှာသာ မွေး၏။ ကျန်ခွေးမ (၂) ကောင်က တခြားနေရာမှာ မွေး၏။ သို့ပေမယ့် ထိုခွေးမ (၂) ကောင်မွေးသည့်နေရာသည် နီး၏။ ရလဒ်အနေနှင့် ထိုခွေးမ (၂) ကောင်ထဲမှ ပိုစွာသည့် ခွေးမက တခြားခွေးမ မရှိတုန်း ထိုခွေးမ၏ ကလေးများကို သူ့နေရာသို့ ခေါ်ထား၏။ အားလုံးကို သူ့ကလေးများဟုပဲ ထင်နေတော့။ သူမခေါ်လာသည့် ကလေးများ၏ မူလမိခင် ခွေးမ ခဗျာ သူ့ကလေးတွေနား ကပ်ခွင့် မရဖြစ်နေ၏။ ယခင်ကတည်းက ထိုခွေးမကို ကြောက်ရကား မူလမိခင် ခွေးမသည် စိတ်မကောင်းစွာဖြင့်သာ သူမကလေးများကို အဝေးက ကြည့်နေရ၏။
ခံသာသည်က ခွေးကလေးများကို အနိုင်ကျင့်ပြီးယူထားသည့် ခွေးမသည် ထိုခွေးကလေးများကို သူမ၏ ခွေးကလေးများကဲ့သို့ပင် စောင့်ရှောက်၏၊ ကျွေးမွေး၏။ စုစုပေါင်း ခွေး အကောင် (၂၀) မှ ခွေးအကောင် မည်မျှ ကြီးထွား ရှင်သန်လာမည်ကို ကျနော် စိတ်ဝင်စား၏။ သူတို့၏ ရှင်သန်ခွင့်၊ ရှင်သန်နိုင်စွမ်းအတွက် သဘာဝတရားကြီးနှင့် အသားကျအောင် မည်သို့ နေထိုင် ရုန်းကန်မည်ကို စောင့်ကြည့်ချင်၏။ ပြီးခဲ့သော် (၂) ရက်လောက်က ခွေးကလေး တကောင်တော့ သေသွားပြီ ဖြစ်၏။ အနက်ရောက်လေး ဖြစ်၏။ စောစောစီးစီး လက်လျှော့သွားရပြီ ဖြစ်၏။
တိရစ္ဆာန်လေးတို့၏ ရှင်သန်နေထိုင်ရေးအတွက် သဘာဝတရားကြီးနှင့် ရင်ဆိုင်တိုက်ပွဲဝင်မှုသည် အလွန်ပဲ စိတ်ဝင်စားဖို့ ကောင်းလှ၏။ သင်ခန်းစာ ယူစရာလည်း များစွာတွေ့ရ၏။ တောင်ကြီး ရာသီဥတုသည် အေးမျှ၏။ ဆောင်းရာသီဆိုလျှင် ပိုအေး၏။ ညဖက်ပိုင်းများ ဆိုလျှင် သာ၍ပင် အေးသေး၏။ နွေးထွေးစေဖို့ အခင်း၊ စောင်များ မည်သို့ပင် ပေးထားစေကာမူ ခွေးငယ်ကလေးများအတွက် ရှင်သန်နေထိုင်ခြင်းသည် ကြီးမားသော တိုက်ပွဲ ဖြစ်၏။
ကန်တော့ဗျာ။ မရိုသေ့ စကားပြောခွင့်ပြုပါ။ Steemit ပေါ်မှာ လျှောက်လှမ်းနေသည့် ကျနော်တို့လည်း ထိုခွေးငယ်ကလေးများနှင့် အဖြစ်အပျက်အားဖြင့် ဆင်တူ၏။ Steemit ပေါ်မှာ ရေရှည် ရှင်သန်ရပ်တည်နိုင်ဖို့ ကျနော်တို့ ကြိုးစားရ၏၊ ရုန်းကန်ရ၏။ တက်နိုင်သူက ငွေအားဖြင့်၊ မတက်နိုင်သူက အချိန်အား၊ ဥာဏအားဖြင့် ခရီးဆက်၏။ Steemit လမ်းကြောင်း ဖြောင့်ဖြူးသာယာဖို့ မိမိတို့် အစွမ်း ရှိသလို လုပ်ဆောင်ကြ၏။ ခွေးငယ်ကလေးများသည် သတ်မှတ်ထားသည့် အချိန်ကာလကို မကျော်လွန်နိုင်သေးသရွေ့ တကောင်ပြီး တကောင် သေနေဦးမည် ဖြစ်၏။ ဒူပေနာပေ ခံသော၊ ဒုံးခံသော၊ အကြမ်းခံသော ခွေးငယ်ကလေးများသာ အနှီ စိုးရိမ်ရသည့် အခြေအနေကို ကျော်လွန်ပြီး အသက်ဆက်နိုင်မည် ဖြစ်၏။
ကျနော်တို့ကော မည်မျှ ဒဏ်ခံနိုင်မည်နည်း။ ဈေးကျသည့် ဒဏ်၊ ရေးကွက်မရှိသည့် ဒဏ်၊ idea ခမ်းခြောက်သွားသည့် ဒဏ်၊ ဘေးပတ်ဝန်းကျင်မှ ပြောဆိုသည့် ဒဏ် စသည့် ဖိအားအမျိုးမျိုးကို ခံနိုင်ပြီး ကျော်လွှားနိုင်ပါ့မလား။ လူတိုင်း အောင်မြင်ချင်၊ ပျော်ရွင်ချင်ကြ၏။ အောင်မြင်ချင်လျှင် ထိုက်တန်သည့် ရင်းနှီးမှုများတော့ ပေးကြ၊ ရင်းကြ ရမည် ဖြစ်၏။ မည်သည့် ပန်းပင်လေးမှ လွယ်လွယ်ကူကူ မပွင့်လန်းလာပေ။ အောင်မြင်ဖို့ ကြိုးစားနေတုန်းမှာ မပျော်မရွှင် ဖြစ်ရသည်များလည်း ရှိနေမည်မှ အသေအချာပင် ဖြစ်၏။ အောင်မြင်ခြင်းနှင့် ပျော်ရွှင်ခြင်းသည် ထပ်တူကြနေသည့် အရာ နှစ်ခု မဟုတ်ပေ။ တူကောင်းတူပေလိမ့်မည် ထပ်တူကြဖို့တော့ မလွယ်ပေ။
မိမိ ဘယ်လမ်းကို ရွေးချယ်မည်ဆိုတာက မိမိ စိတ်ကူး၊ မိမိ ဆုံးဖြတ်ချက်နှင့် ရွေးချယ်ရပေလိမ့်မည်။ အောင်မြင်မှုတိုင်းသည် ပျော်ရွှင်ခြင်း မဟုတ်ပဲ၊ ပျော်ရွှင်နေတိုင်းလည်း အောင်မြင်သည်ဟု ပြောလို့ မရပေ။ ကျနော့်အတွက်တော့ Steemit သည် ပျော်ရွှင်ခြင်း ဖြစ်၏။ အောင်မြင်ခြင်းသည် ကျနော့်အတွက်တော့ အရေးမပါလှပေ။ ပျော်ပျော်ရွှင်ရွှင်နှင့် Steemit တွင် အကောင်းဆုံး လျှောက်လှမ်းနေပါက တနေ့ အောင်မြင်လာလိမ့်မည်ဟု ကျနော် ယုံကြည်၏။ အဘယ်ကြောင့်ဆိုသော် ကျနော့်အတွက် အောင်မြင်ရေး သော့ချက်သည် ပျော်ပျော်နေထိုင်ခြင်း ဖြစ်သောကြောင့် ဖြစ်၏။
Steemit မှ မိတ်ဆွေ အပေါင်း အောင်မြင်၊ ပျော်ရွှင်ကြပါစေ။
Don Jaun
MSC 31