ဆီးဂိမ်းမှာ တချို့ အားကစားနည်းများကတော့ ယှဉ်ပြိုင်လို့ ပြီးကြပြီ ဖြစ်၏။ အချို့ကတော့ ယှဉ်ပြိုင်နေကြတုန်းပင်။ ဆုရရှိမှု ဇယားမှာ ကျနော်တို့ နိုင်ငံက အဆင့်အားဖြင့် အားရစရာ မရှိလှပေ။ ဝင်ရောက် ယှဉ်ပြိုင်သည့် အားကစားနည်းက သိပ်မများလှဘူး ဆိုပေမယ့် ဝင်ရောက်ယှဉ်ပြိုင် ဖြစ်သည့် အားကစားနည်းများမှာတော့ အနိုင်ရ ဗိုလ်စွဲ စေချင်၏။ ဘောလုံး အားကစားနည်းမှာတော့ အမျိုးသားကော၊ အမျိုးသမီးကော ရွှေတံဆိပ်ဆုနှင့် လွဲချော်ခဲ့ရ၏။
တခြား အားကစားနည်းက ရွှေထက် ဘောလုံး အားကစားနည်းက ရွှေကို အများစုက ပိုပြီး လိုချင် နှစ်သက်ကြ၏။ ဤသည်မှာလည်း ဘောလုံး အားကစားကို လူအများစုက ကြိုက်နှစ်သက်သောကြောင့်လည်း ဖြစ်သည်ဟု ဆိုလို့ ရမည် ထင်၏။ သို့ပေမယ့် ကျနော်တို့ ပြည်သူတွေ၏ အိပ်မက်ကတော့ ပြည့်ဝခဲ့ခြင်း မရှိခဲ့ပေ။ တရက်သားက Esport အကြောင်း ထပ်မံ ပြောကြားလိုသေး၏။ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်သည့် esport teams များလည်း အနိုင်မရယူနိုင်ခဲ့ပေ။ အနိုင် မရနိုင်ဘူးဆိုပေမယ့် အုပ်စုအဆင့်ကနေတောင် မကျော်နိုင်ခဲ့သည်ကတော့ အတော်လေး စိတ်မကောင်း ဖြစ်စရာပင်။
Esport အားကစားနည်းများကိုတော့ တရက်၊ နှစ်ရက်အတွင်းမှာပင် ယှဉ်ပြိုင် ကျင်းပကြသည် ထင်၏။ အခြား esport အမျိုးအစားများကိုတော့ မပြောတတ်ပေမယ့် Mobile Legends ပြိုင်ပွဲမှာတော့ အုပ်စုအဆင့် ပြိုင်ပွဲများကို တရက်ထဲ ပြီးပြတ်သွားအောင် ကျင်းပ၏။ တရက်ထဲမှာပင် အုပ်စု ပွဲစဉ်များ ပြတ်အောင် ယှဉ်ပြိုင်ကစားရ၏။ Mobile Legends ကစားနည်းမှာတော့ မြန်မာအသင်းသည် လုံလောက်သော အမှတ်ကို ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့သဖြင့် အုပ်စု အဆင့်နှင့်သာ ကျေနပ်ခဲ့ရ၏။ နောက်ဆုံးပွဲစဉ်မှာသာ သရေ တမှတ်လေး ရနိုင်ခဲ့လျှင် ဆီမီးဖိုင်နယ် အဆင့်သို့ ရောက်နိုင်၏။ သို့သော် ကံမကောင်းစွာပင် (၂) ပွဲလုံး ရှုံးပြီး တမှတ်မှ မရရှိခဲ့ပေ။
ML တင် မဟုတ်၊ Dota 2 ကလည်း အခြေအနေ မကောင်းခဲ့ပေ။ မသိမသာ မဟုတ်ဘဲ ပွဲပြတ်များနှင့် အရေးနှိမ့်ခဲ့ရ၏။ esport အားကစားနည်းကနေ ဆုတံဆိပ် တစုံတရာ ရနိုင်လောက်သည်ဟု မျှော်လင့်ခဲ့ပေမယ့် တကယ့် တကယ်မှာတော့ မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့ပေ။
Mobile Legends မှာလည်း အုပ်စု အဆင့်၊ Dota 2 ကလည်း အုပ်စု အဆင့်၊ AVO ကလည်း အုပ်စု အဆင့်နှင့်ပင် ထွက်ခွာခဲ့ရ၏။ သူတို့လည်း အကောင်းဆုံးတော့ ကြိုးစားခဲ့ကြ၏။ သို့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လိုအပ်သည့်၊ လိုချင်သည့် အောင်မြင်မှုများကိုတော့ မရယူနိုင်ခဲ့ပေ။ သို့ပေမယ့် နောက်ပိုင်း esport အားကစားပြိုင်ပွဲများမှာတော့ အောင်မြင်မှု တစုံတရာ ရယူနိုင်ဖို့ မျှော်လင့်ရ၏။ ယခု အရှုံးက နောက် အနိုင်ရဖို့ တွန်းအား ဖြစ်နိုင်သည် မဟုတ်လား။ အရှုံးကို သင်ခန်းစာယူပြီး အောင်မြင်မှု ပန်းတိုင်သို့ ချီတက်နိုင်သည် မဟုတ်လား။
Don Jaun
MSC 31